Home တွေ့ဆုံမေးမြန်းခန်း CDM ပြည်နယ်သစ်တောဦးစီးမှူး ဒေါ်မေသန်းနှင့် ဆက်သွယ်မေးမြန်းချက်

CDM ပြည်နယ်သစ်တောဦးစီးမှူး ဒေါ်မေသန်းနှင့် ဆက်သွယ်မေးမြန်းချက်

368
Photo: Eco and Print

CDM ပြည်နယ်သစ်တောဦးစီးမှူး ဒေါ်မေသန်းနှင့် ဆက်သွယ်မေးမြန်းချက်

“ဝန်ထမ်းတွေအားလုံးညီခဲ့ရင် ဒီအခြေအနေထိ ရောက်လာစရာအကြောင်းမရှိဘူး။ အသက်တွေလည်း အများကြီးပေးဆပ်စရာမလိုဘူး။ အိုးအိမ်ရပ်ရွာတွေလည်း ဒီလောက်အထိ ပျက်စီးခဲ့မှာမဟုတ်ဘူး။ တော်လှန်ရေးကို ပိုဆိုးအောင်လုပ်ခဲ့တာ Non-CDM တွေလို့ပဲ မြင်မိတယ်။” CDM ပြည်နယ်သစ်တောဦးစီးမှူး ဒေါ်မေသန်း

ကရင်ပြည်နယ်၊ ပြည်နယ်သစ်တောဦးစီးဌာန၊ သစ်တောဦးစီးမှူး အဖြစ်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ဝင်ခဲ့သူ ဒေါ်မေသန်း၏ ခံယူချက်၊ လက်ရှိဘဝဖြတ်သန်းနေမှု၊ အလုပ်လုပ်ကိုင်နေမှုများ စသည်တို့ကို ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှာ ဘယ်လိုတာဝန်တွေ ထမ်းဆောင်ခဲ့ပါသလဲ၊ CDM လုပ်ဖြစ်သွား တဲ့ အခြေအနေကို ပထမဦးဆုံး ပြောပြစေချင်ပါတယ်။
ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှာ ပြည်နယ်ဦးစီးအရာရှိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဘာကြောင့် CDM စလုပ် ဖြစ်တာလည်းဆိုတော့ ကျမတို့ရုံးမှာ အကုန်လုံးလိုလိုက NLD ကို မဲပေးခဲ့ပါတယ်။ ကျမတို့ ရွေးချယ်တဲ့ အစိုးရအပေါ် စစ်တပ်က အာဏာကိုသိမ်းယူခဲ့တဲ့အတွက် CDM မှာ ပါဝင်ခဲ့ခြင်းဖြစ်တယ်လို့ ပြောလိုတယ်။

မေး။ ။ CDM လုပ်ပြီး သုံးနှစ်အတွင်းမှာ ဘယ်လိုရပ်တည်ခဲ့ရသလဲ။ ဘာတွေ ဆက်လုပ်ဖြစ်ပါသလဲ ပြောပါဦး။
သုံးနှစ်တာ ကာလအတွင်းမှာ ဘယ်လိုရပ်တည်ခဲ့ရလဲဆိုတော့ ခက်ခဲတယ်လို့ ပြောရမှာပေါ့။ CDM လုပ်တော့ အထက်လူကြီးက ရုံးတက်ဖို့ ၈၈ အရေးခင်းတုန်းကလည်း သူတို့ကြုံတွေ့ခဲ့တဲ့အကြောင်း ပြောတယ်။ ဒါပေမဲ့ ကျမ CDM ဆက်လုပ်ခဲ့တယ်။ အိမ်ကသားအကြီးဆုံး ဖမ်းခံထိတော့ ညဘက်အိပ်ရတာ စိတ်မလုံခြုံ တော့ဘူး။ အဲ့တာကြောင့် ရွာတွေဘက်မှာ သွားရှောင် နေခဲ့ရတယ်။

ဒီလိုနဲ့ မတ်လ ၁၄ ရက်နေ့မှာ ဝန်ထမ်းတစ်ယောက်က ကျမကို ရဲတွေလာမေးနေတယ်လို့ အကြောင်းကြား လာ တော့ တော်လှန်ရေးထဲမှာပါဝင်နေတဲ့ အိမ်ကသမီးအကြီးဆုံးနဲ့ သားအငယ်ဆုံးကိုခေါ်ပြီး လွတ်မြောက် ဒေသ မှာသွား ရှောင်ခဲ့တယ်။ အဲ့ဒေသမှာနေပြီး မကြာခင် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ တိုက်ပွဲစဖြစ်ပြီး စစ်ဘေးရှောင်စခန်း ၅ ခု လောက်ရောက်ပြီး ခက်ခက်ခဲခဲ နဲ့ အသက်မသေဘဲ ဒီဘက်(ထိုင်းနိုင်ငံ)ကို ရောက်လာခဲ့တယ်။

ရောက်စမှာတော့ အိမ်အခန်းကျဉ်းထဲမှာ မိသားစု ၅ ယောက် ခွေးနှစ်ကောင်နဲ့ ကျပ်ကျပ်တည်းတည်း နေခဲ့ ရတယ်။ ဒီဘက်ကို ရောက်ပြီး နောက်တလလောက်မှာ Safe House ရပြီး အဖွဲ့အစည်းတစ်ခုမှာ ၈ လလောက် စစ်ဘေးရှောင် တွေအတွက် ပရဟိတလုပ်ပေးခဲ့တယ်။

အဲ့ဒီနောက်မှာ တော်လှန်ရေးအတွက် ကူညီနိုင်ဖို့ အလုပ်လုပ်ဖို့ စပြီးစဉ်းစားရ တော့တယ်။ တရားမဝင်နေထိုင်တဲ့ အတွက် အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ မရတော့ အိမ်ထဲ မှာနေပြီး စက္ကူတိပ်ကပ်တယ်။ ကွမ်းရွက်ထပ်တဲ့ အလုပ် လုပ်တယ်။ အထည်အမွှေးညှပ်အလုပ်လုပ်တယ်။ သားအကြီးက ဂေါ်ဖီချွေ၊ ငရုပ်ချွေတဲ့ အလုပ်လုပ်တယ်။ အဲ့လို လုပ်ရင်းနဲ့ Online သင်တန်းတွေတက်တယ်။ နောက်ပြီး တစ်နှစ်လောက်နေတော့ လက်မှတ်လုပ်ပြီး အပြင်မှာ လက်မှုသင်တန်းတွေ တက်ခဲ့တယ်။ ချည်ထိုး၊ သိုးမွှေးထိုး ဆပ်ပြာနဲ့ Eco-printing သင်တန်းတွေ တက်ရ တာပေါ့။ သင်တန်းပြီးတော့ ဒီ Eco-Printing နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ အွန်လိုင်းကနေလည်း ရောင်းရတယ်။ လက်မှုပညာကို တန်ဘိုးထားတဲ့ ဂျပန်တို့၊ ကိုရီးယားတို့ အဓိက ဖြန့်ဖြစ်တယ်။

မေး။ ။ သစ်ရွက်နဲ့လုပ်တဲ့ Eco and Print လုပ်ငန်းကိုရော ဘယ်လိုစိတ်ကူးနဲ့ အကောင်အထည်ဖော် ဖြစ်သွား လဲ။ ဒီလုပ်ငန်းက ဘယ်လို အထောက်အကူပြုပါလဲ ရှင်းပြစေချင်ပါတယ်။
အခုသစ်ရွက်နဲ့လုပ်တဲ့ Eco-Printing လုပ်ငန်းကိုတော့ သင်တန်းမှာ သင်ပေးတဲ့ဆရာမ တစ်ဦးနဲ့ CDM သုံးဦး ပေါင်းပြီးတော့ လုပ်ခဲ့ကြတာပါ။ သူများနိုင်ငံမှာ တရားမဝင်နေထိုင်ရပ်တည်ဖို့က မလွယ်ဘူး။ Safe house က အမြဲနေလို့ မရဘူးလေ။ စစ်ဘေးရှောင်တွေများတော့ ကျန်တဲ့သူတွေအတွက် ထည့်စဉ်းစားပေးရမယ်။ ကိုယ့် မိသားစု အိမ်ငှားနေရတော့ အိမ်လခ၊ မီတာခ၊ ရေဖိုး၊ စားသောက်စရိတ်တွေ လိုအပ်လာပြီး ဒီကြားထဲ တော်လှန် ရေးကိုလည်း ကူရအုံးမယ်ဆိုတော့ အားလုံးတိုင်ပင်ပြီး အလုပ်တစ်ခု လုပ်ဖို့ စတင်ခဲ့တယ်။

အခုဆို ဒီလုပ်ငန်းကလည်း အတန်အသင့် အဆင်ပြေခဲ့ပါတယ်။ ပြီးတော့ ဒီလုပ်ငန်းက အမျိုးသမီးတွေ ရပ်တည်ဖို့ အတွက် အိမ်တွင်းလက်မှု လုပ်ငန်းလေးတစ်ခု ဖြစ်ပါတယ်။ ချဲ့ထွင်ရင် ချဲ့ထွင်သလောက် အကျိုးရလဒ်များ ရရှိ နိုင်တဲ့ လုပ်ငန်းတစ်ခုပါ။ တရားမဝင် နေထိုင်နေရတဲ့အတွက် ထင်ထင်ပေါ်ပေါ် မလုပ်ရလို့ ချဲ့ထွင်သင့် သလောက် မချဲ့ထွင်နိုင်ခဲ့တာပါ။ နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

မေး ။ ။ CDM လုပ်တဲ့အတွက် ကိုယ့်ရဲ့မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိခဲ့လဲဆိုတာ ပြောပြပါ။
CDM လုပ်တဲ့ လုပ်ရပ်ကကိုယ့်ရဲ့မိသားစုအပေါ်အများကြီး အကျိုးသက်ရောက် မှုရှိခဲ့တယ်။ မိသားစု တကွဲတပြား သားအကြီးက ထောင်ကျ၊ နေစရာ၊ မှီခိုစရာမရှိ။ မိသားစုတစ်စုလုံး ဒုက္ခရောက်ခဲ့ရတယ်။ အဓိကကတော့ ကလေး တွေရဲ့ ပညာရေးရပ်တန့်ပြီး အနာဂတ်ပျောက်ခဲ့ရပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ်တာဝန် မကျေဘူးလို့ အခုချိန်ထိ ခံစားမိနေတယ်။

မေး။ ။ အရင်ကဆိုရင် မြန်မာပြည်မှာ ကိုယ့်အနေနဲ့ နေရာတစ်ခုနဲ့ ရာထူးတစ်ခု ရှိခဲ့တယ်။ အဲ့နေရာကို CDM လုပ်ပြီး စွန့်လွှတ်ခဲ့ရတဲ့ အချိန်မှာရော နောင်တရတာမျိုးရှိလား။
ကျမတို့လို အနေအထားက ဒီရာထူးကို လွယ်လွယ် ကူကူနဲ့ရရှိခဲ့တာလည်း မဟုတ်ခဲ့ဘူး။ ဘဝတစ်ခုလုံးကို မြှုပ်နှံ ပြီးရခဲ့တာပါ။ ခက်ခဲပင်ပန်းခဲ့ရပါတယ်။ အဲ့လိုနေရာတစ်ခုကို စွန့်လွှတ်ပြီး CDM လုပ်ခဲ့ရတာ လွယ်ကူတဲ့ အလုပ် တော့ မဟုတ်ခဲ့ပါဘူး။ စွန့်လွှတ်ဖို့ အရမ်းကို ခက်ခဲခဲ့ပါတယ်။ မိသားစုအတွက် အများကြီး စဉ်းစားခဲ့ရတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ တောင်းဆိုနေတဲ့ပြည်သူနဲ့အတူ ရပ်တည်ဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ နောင်တ ရစရာတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျမ မငိုပါဘူး။ မျက်ရည်တွေကတော့ အဆက်မပြတ်ကျနေခဲ့ပါတယ်။ ဒီမျက် ရည်က ရာထူးကိုမက်မောလို့ နှမြောလို့ မဟုတ်ဘူး၊ ဒီအလုပ်ကို သွင်းပေးခဲ့တဲ့အဖေကို အားနာလို့ပါ။

မေး ။ ။ ကရင်ပြည်နယ်မှာ ကျန်းမာရေးနဲ့ ပညာရေးမှာ CDM လုပ်သူတွေများတယ်။ အခြားဦးစီး ဌာန တွေကရော CDM လုပ်တာ ဘယ်လိုမြင်တွေ့ရလဲ။ အခုလို CDM လုပ်တာ ကိုယ့်ရဲ့လုပ်ဖော် ကိုင်ဖက်တွေက တားတာ မျိုးရောရှိလား၊ ဘယ်လိုကြုံတွေ့ခဲ့ရပါသလဲ။
ကျမတို့ CDM စလုပ်တုန်းကဆိုရင် သစ်တောဌာနမှာ အယောက်(၆၀)ရှိတယ်။ အခုကျတော့(၂၈)ယောက်ပဲ ကျန်တော့တယ်။ ဒါပေမဲ့ အခြားဦးစီးဌာနမှာ CDM လုပ်တာနည်းပါတယ်။ အဲ့တာကို အတ္တလို့ပဲမြင်ပါတယ်။ စကစကို သူတို့ မကြိုက်ဘူး။ ပြည်သူ့အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၅ နှစ်တာမှာ ဒီမိုကရေစီကို သူတို့ အမြည်းရခဲ့ပါတယ်။ ဒါပေမဲ့သူတို့ရဲ့ ရပ်တည်ချက်ကတော့ ခိုင်မာမှုမရှိခဲ့ဘူး။ တကယ်လို့သာ ဝန်ထမ်းတွေအားလုံးညီခဲ့ရင် ဒီအခြေအနေထိ ရောက် လာစရာအကြောင်းမရှိဘူး။ အသက်တွေလည်း အများကြီးပေးဆပ်စရာမလိုဘူး။ အိုးအိမ်ရပ်ရွာတွေလည်း ဒီလောက်အထိ ပျက်စီးခဲ့မှာမဟုတ်ဘူး။ တော်လှန်ရေးကို ပိုဆိုးအောင်လုပ်ခဲ့တာ Non-CDM တွေလို့ပဲ မြင်မိ တယ်။ အခုလိုလုပ်ရပ်အပေါ် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက တားတာမျိုးမရှိသလို CDM စလုပ်ကတည်းက အခုချိန်ထိ ဆက်သွယ်တာမျိုးလည်း မရှိခဲ့ဘူးလို့ပဲ ပြောလိုပါတယ်။