Home တွေ့ဆုံမေးမြန်းခန်း (M-WPS)အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိဆူးပွင့်နှင့် ဆက်သွယ်မေးမြန်းချက်

(M-WPS)အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိဆူးပွင့်နှင့် ဆက်သွယ်မေးမြန်းချက်

380
Photo: ဒေါ်မိဆူးပွင့် (ပြောရေးဆိုခွင့်ရှိသူ/ မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (M-WPS)

(M-WPS)အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိဆူးပွင့်နှင့် ဆက်သွယ်မေးမြန်းချက်

“လိင်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တပ်တွင်းစံတန်ဖိုးဆိုင်ရာ အခြေခံမူချမှတ်ထားတာမရှိတော့ စည်းမျဉ်း ဥပဒေတွေလည်း မရှိတာ၊ တိုင်ကြားမှု ယန္တရားတွေ မတည်ဆောက်ထားပေးတာ၊ အရေးယူနိုင်တဲ့အဆင့်၊ တရား မျှတမှု ရရှိအောင် လုပ်ဆောင်ပေးနေတဲ့အဆင့်တွေ မတွေ့ရသလောက် နည်းပါးနေပါတယ်” ဒေါ်မိဆူးပွင့်

ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (M-WPS) သည် ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရာတွင် အမျိုးသမီးများ၏ ပါဝင်မှုကို မြှင့်တင်ခြင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (GBV) ကို ကြိုတင် ကာကွယ်နိုင်ရန် လုပ်ဆောင်ခြင်း၊ စစ်ရှောင်များအတွက် အကူအညီပေးရေးကို ပံ့ပိုးနိုင်မည့် အစီအစဥ်များကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (M-WPS) က လက်ရှိတော်လှန်ရေးကာလ၌ တော်လှန်ရေး တပ်ဖွဲ့များအတွင်းရှိ အမျိုးသမီးများအတွက် အကြမ်းဖက်မှု တိုင်ကြားရေးယန္တရား တည်ဆောက်ပေးရန် ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြန်တောင်းဆိုခဲ့ပါသည်။ ယင်းအပြင် M-WPS သည် တော်လှန်ရေးအစုအဖွဲ့များ အတွင်း GBV ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ယန္တရားပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲများလည်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကဏ္ဍအသီးသီးတွင်ပါဝင်နေသည့် အမျိုးသမီးများကဲ့သို့ပင် တော်လှန်ရေးတပ်ဖွဲ့များအတွင်းရှိ အမျိုးသမီးများသည်လည်း ပဋိပက္ခအတွင်း လိင်နှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုများ တွေ့ကြုံခံစားနေရမှု များရှိပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးတွင် တိုင်ကြားမှုယန္တရား စနစ်ကျမှု အားနည်းနေသည်ဟု M-WPS က ထောက်ပြပြောဆိုခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှု ကျူးလွန်သူအနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခြင်းသည် အမျိုးသမီးများအတွက် အလွန်ကြီးမားသည့် လုံခြုံရေး စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု ဆိုပါသည်။

တော်လှန်ရေးအစုအဖွဲ့အတွင်း အမျိုးသမီးများ GBV (လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု) တွေ့ကြုံနေရသည့် အခြေအနေများ၊ GBV ကျူးလွန်ခံရသည့် အကြောင်းအရင်း၊ ကာကွယ်စောင့်ရှောက် စီမံလုပ်ဆောင်မှုများကို သိရှိနိုင်ရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ Founding member၊ မြန်မာ့အမျိုးသမီးသမဂ္ဂခေါင်းဆောင်၊ ကျောင်းသားတပ်မတော်-ABSDF နှင့် M-WPS ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဒေါ်မိဆူးပွင့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ M-WPS အနေနဲ့ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ရာမှာ တော်လှန်ရေးတပ်ဖွဲ့ထဲမှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ GBV (လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု) ကို ကြုံတွေ့နေရတယ်လို့ ဇွန်လ (၁၅) ရက်နေ့က အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။ ဘယ်လိုပုံစံနဲ့ ကျူးလွန်ခံနေကြရတာပါလဲ။
ဖြေ။ ။ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ ကြုံတွေ့နေရတဲ့ လိင်အခြေပြုအကြမ်းဖက်မှုပုံစံတွေက ဘာတွေ ဖြစ်မလဲဆိုတော့ တပ်မှူးတွေက ကျူးလွန်တာ၊ သင်တန်းဆရာတွေက ကျူးလွန်တာမျိုးတွေ အများဆုံး ဖြစ်တတ်ပြီး တပ်ဖွဲ့ဝင်အချင်းချင်း ကျူးလွန်မှုတွေလည်း ရှိပါတယ်။ ဥပမာ – နေမကောင်းလို့ဆိုပြီး ဆေးရဲမေကို သူ့အခန်းခေါ်ပြီး ပြုစုခိုင်းတာ၊ လိုသည်ထက်ပိုပြီး အခွင့်အရေးယူပြီး လုပ်ခိုင်းတာ၊ အဝတ်အစားမပါဘဲ ဆေးလိမ်း ခိုင်းတာ၊ နင်းခိုင်း နှိပ်ခိုင်းတာမျိုးတွေ၊ အထက်လူကြီးဆိုတော့ ပြန်မပြောရဲတာ၊ ဘယ်သူ့ကိုတိုင်ရမလဲ မသိတာ စတာတွေ၊ သင်တန်းဆရာကလည်း သင်တန်းပေးတဲ့အချိန် ခန္ဓာကိုယ်ကို ကိုင်တာထိတာ မတော်တဆလိုလိုနဲ့ အမြဲလုပ်တတ်တာမျိုးတွေ၊ မကြိုက်လို့ပြောရင် အငြိုးထားပြီး ဆဲဆိုတာ၊ ဒဏ်ပေးတာ၊ သင်တန်းချိန် ပြင်ပမှာ လည်း ရိသဲ့သဲ့တွေပြောတာ၊ ဆရာဆိုတဲ့အရှိန်နဲ့ အနိုင်ကျင့်ချင်တာ၊ စတာတွေတော့ အများဆုံးပါ။

ဟိုတိုင်ဒီတိုင် လုပ်ရင် နောက်တခါဆို မုဒိမ်းကျင့်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ ဒါကအဖြစ်များတဲ့ နမူနာ အဖြစ်အပျက်လောက်ပဲ ပြောတာပါ။ အချို့အဖြစ်အပျက်တွေက ပြောလိုက်ရင် ဘယ်မှာဖြစ်တယ်၊ ဘယ်သူ ပြောတယ်ဆိုတာမျိုး သိသာသွားမှာစိုးလို့ ကာယကံရှင်တွေ လုံခြုံရေးအရ မပြောတာပါ။ အချို့တပ်စခန်း တွေမှာဆို ငါတို့က စစ်တိုက်နေရတာ၊ အသက်စွန့်ပြီး တော်လှန်ရေးလုပ်နေတာ နင်တို့က ဒီလောက်လေး လိုက်လျောပေးလိုက်ရင် ဘာဖြစ်မှာ မို့လဲဆိုပြီး ပေါ်ပေါ်တင်တင် အပြောခံရတာတွေ ရှိတယ်လို့ သိရပါတယ်။

မုဒိမ်းမှုလို အမှုမျိုးတွေတောင် ကျူးလွန်သူကို အလုပ်တာဝန်တွေ မပြီးသေးလို့ဆိုပြီး အရေးယူဖို့ ဆိုင်းငံ့ထား တာတွေ၊ ကျူးလွန်ခံရသူအနေနဲ့ အချိန်မရွေး အန္တရာယ်ပေးခံရနိုင်တဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေ၊ တပ်တွင်း စည်းမျည်းဥပဒေတွေအရ အကာအကွယ် မပေးနိုင်တာတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု၊ လိင် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တပ်တွင်းစံတန်ဖိုးဆိုင်ရာ အခြေခံမူချမှတ်ထားတာမရှိတော့ စည်းမျဉ်း ဥပဒေတွေလည်း မရှိတာ၊ တိုင်ကြားမှု ယန္တရားတွေ မတည်ဆောက်ထားပေးတာ၊ အရေးယူနိုင်တဲ့အဆင့်၊ တရားမျှတမှု ရရှိအောင် လုပ်ဆောင်ပေးနေတဲ့အဆင့်တွေ မတွေ့ရသလောက် နည်းပါးနေပါတယ်။

မေး။ ။ ဒီကိစ္စတွေရဲ့ အဓိကအကြောင်းအရင်းက ဘာကြောင့်လို့ ထင်ပါသလဲ။ ပြောပြပေးလို့ရလား။
ဖြေ။ ။ အဓိက အကြောင်းအရင်းကတော့ အမျိုးသားတွေအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ဦးဆောင်မှု တာဝန်ယူထားရတာ အများစုဖြစ်ပြီး အမျိုးသမီးတပ်ဖွဲ့ဝင်တွေအပေါ် လေးစားအသိအမှတ်ပြုမှု အားနည်းတာ၊ အမျိုးသမီးအခွင့်အရေးကို နားမလည်တာ၊ ကျားမဆိုင်ရာ စံတန်ဖိုးတွေ နားမလည်တာ၊ အပြန်အလှန်လေးစား အသိအမှတ်ပြုတဲ့ အတွေးအခေါ်တွေ အားနည်းတာ၊ ဖိုဝါဒအတွေးအခေါ် လွှမ်းမိုးတဲ့ အုပ်ချုပ်ရေး ကော်မတီ တွေက ချုပ်ကိုင်ကြီးစိုးထားတာမျိုးတွေကြောင့်လို့ ပြောလို့ရပါတယ်။ အပြစ်ပေးအရေးယူမှုတွေကနေ ကင်းလွတ်ခွင့် ရနေတာကတော့ အဆိုးဆုံးအခြေအနေလို့ ပြောရမှာပါ။ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ သာမန် ရပ်ကွက်ထဲက စရိုက်ပျက်အတွေးအခေါ်တွေကနေ ရုန်းထွက်နိုင်ဖို့ အရေးကြီးပါတယ်။

မေး။ ။ လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ တော်လှန်ရေးတပ်ဖွဲ့တွင်းမှာ GBV (လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု) နဲ့ပတ်သက်ပြီး စီမံဆောင်ရွက်မှု ဘယ်လောက်အထိ အားနည်းနေပါလဲ။
ဖြေ။ ။ မရှိသလောက် အားနည်းနေတယ်လို့ ပြောရမယ်ထင်ပါတယ်။ အရင်ကတော့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေမှာ မုဒိမ်းမှုဆိုရင် သေဒဏ်လို့ပြောကြဆိုကြတာ ကြားဖူးပါတယ်။ တစ်ဖွဲ့ချင်းစီရဲ့ ဖွဲ့စည်းပုံ စည်းမျဥ်းတွေကို လေ့လာခွင့်ရမှ သေချာသိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ကာလကြာရှည် ကိုယ့်လက်နက် ကိုင်တပ်ဖွဲ့ကို တည်ဆောက်လာကြတာ၊ ကိုယ့်အခြေခံဒေသ ကိုယ့်လူထုကို အုပ်ချုပ်လာကြတဲ့ အတွေ့အကြုံတွေ ရှိကြတာမို့ လိင်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အမှုအခင်းတွေက အဖွဲ့အစည်းအပြင်ဘက်ကို ထွက်လာတာမျိုး သိပ်တော့မရှိဘူး။

အရင်က တနေရာနဲ့တနေရာ ဆက်သွယ်ဖို့ အခုခေတ်လောက် မလွယ်ကူတာကလည်း အကြောင်းတစ်ချက် ဖြစ်နိုင်ပါတယ်။ ၂၀၂၁ နောက်ပိုင်းမှာတော့ လက်နက်ကိုင် တော်လှန်ရေး အရှိန်အဟုန် ကြီးမားလာတယ်။ လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့တွေ အများကြီး ဖြစ်လာတယ်။ စနစ်တကျ ကွပ်ကဲနိုင်တဲ့တပ်တွေရှိသလို မကွပ်ကဲနိုင်တဲ့တပ်တွေလည်းရှိတယ်။ အခြားပြစ်မှု ပြစ်ဒဏ်ဆိုင်ရာတွေမှာ အလေးထားလုပ်ဆောင်ရင်တောင်မှ အခုလိုလိင်အကြမ်းဖက်မှုဆိုင်ရာ လိင်စော်ကားမှု၊ လိင်ထိပါးနှောင့်ယှက်မှု၊ စတာတွေအပေါ် အလေးထား သတိပြုမှုတွေက အလွန်အားနည်းပါတယ်။

တိုင်ကြားမှုယန္တရားတွေ စနစ်တကျ မတည်ဆောက်ထားပေးဘူး၊ ရှိတယ်ဆိုရင်တောင်မှ တကယ်တိုင်ဖို့ အခက်အခဲ အများကြီးရှိနေပါသေးတယ်။ နောက်ဆက်တွဲ အန္တရာယ်ပေးမှု၊ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ နယ်စပ်ဒေသတွေမှာ ဆိုရင်လည်း ကျူးလွန်သူတွေဟာ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်သွားတာ၊ အခြားတပ်ဖွဲ့ တခုခုမှာ သွားရောက်ခိုလှုံနေတာစတဲ့ အဖြစ်မျိုးတွေလည်းရှိတော့ တပ်ဖွဲ့အလိုက် ယန္တရားထားရှိတာအပြင် တပ်ဖွဲ့တွေ အချင်းချင်းအကြား ဆက်သွယ်ရေး၊ ဆက်ဆံရေး ခိုင်ခိုင်မာမာတည်ဆောက်ထားပြီး လိင်အကြမ်းဖက် ရာဇဝတ်မှုတွေနဲ့ပတ်သက်တဲ့ အပြန်အလှန်ကူညီမှု၊ ဥပဒေအရအရေးယူနိုင်မှု စတဲ့ ပူးတွဲဆောင်ရွက်ဖို့ ကတိကဝတ်ပြုမှုတွေကလည်း မဖြစ်မနေလုပ်ဆောင်ရမယ့် အရာတွေ ဖြစ်ပါတယ်။

မေး။ ။ GBV (လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု) လျော့နည်းပပျောက်အောင် တိုင်ကြားမှုယန္တရားအပြင် နောက်ထပ် ဘာတွေလိုအပ်တယ်လို့ M-WPS အနေနဲ့ ထင်မြင်ပါလဲ။
ဖြေ။ ။ နောက်ထပ်ဘာတွေလိုအပ်သလဲဆိုရင် တော်လှန်ရေးအတွေးအခေါ်နဲ့ ထိန်းကြောင်းဖို့ အရေးကြီး ပါတယ်။ အခြေခံစစ်သင်တန်း တက်ကတည်းက လိင်အခြေပြုခွဲခြားဆက်ဆံမှုတွေ၊ လိင်အခြေပြု အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး အသိပညာပေးဖို့လိုပါတယ်။ တော်လှန်ရေးရဲဘော်များအနေနဲ့ ဒါတွေကို မကျူးလွန်ဘူးလို့ သစ္စာအဓိဌာန်ပြုဖို့ လိုပါတယ်။ ရဲဘော်လက်စွဲတွေ စနစ်တကျပြုစု အတည်ပြုကိုင်စွဲထားဖို့ လိုအပ်ပါတယ်။

တပ်ဖွဲ့အတွင်းဆက်ဆံရေး၊ မဟာမိတ်ဆက်ဆံရေး၊ လူထုတွင်းဆက်ဆံရေး စတဲ့ လမ်းညွှန်မူတွေ တိတိကျကျ ချမှတ်လိုက်နာကျင့်ကြံဖို့ လိုအပ်ပါတယ်။ ပညာပေးမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးရပါမယ်။ လိင်အခြေပြု အကြမ်းဖက်မှုဆိုတာ တော်လှန်ရေးကို နှောင့်နှေးကြန့်ကြာစေတဲ့ အနှောင့်အယှက် အဟန့်အတားဖြစ်စေတဲ့ လက်နက်ကိုင်တပ်ဖွဲ့များမှ လက်နက်အားကိုးကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကဲ့သို့ ကြီးလေးသော ပြစ်မှုကြီးများ အဆင့်အထိ ရောက်ရှိသွားနိုင်တာကို အမြဲမပြတ်သတိပြုပြီး ကာကွယ်တားဆီးဖို့ လိုအပ်ပါတယ်။

မေး။ ။ သက်ဆိုင်ရာ တိုင်းရင်းသားအစုအဖွဲ့၊ တော်လှန်ရေးနဲ့ နိုင်ငံရေးအစုအဖွဲ့တွေကိုရော ဘာစကားပါးချင်ပါလဲ။
ဖြေ။ ။ မြန်မာပြည်တော်လှန်ရေးအဆက်ဆက်မှာ ယောကျ်ားအများစု ဦးဆောင်ပါဝင်တယ်ဆိုပေမယ့် အမျိုးသမီး တွေဟာလည်း မလျော့နည်းသော အရေအတွက်နဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေကြတာဖြစ်ပါတယ်။ အမျိုးသမီး တွေအပေါ် အသိအမှတ်ပြုဖို့၊ တန်ဖိုးထားဖို့၊ တော်လှန်ရေးတာဝန်တွေ ဆထက်တပိုး ထမ်းဆောင်နိုင်ဖို့ လေ့ကျင့်တည်ဆောက်ခွင့် ပေးရမှာဖြစ်ပါတယ်။

အမျိုးသမီးတော်လှန်ရေးသမားတွေအပေါ် သဘောထားမှန်တဲ့ တပ်တွင်းဆက်ဆံရေးတွေ ပျိုးထောင်ပေးရပါမယ်။ အမျိုးသမီးတွေဟာ တော်လှန်ရေးထဲမှာ လိင်ထိကပါးရိကပါး လုပ်ခံရမယ့်သူတွေ၊ လိင်စော်ကားခံရမယ့်သူတွေ ဖြစ်လို့မရပါဘူး။ ဒါကို တော်လှန်ရေးအဖွဲ့အစည်းတွေ၊ တော်လှန်ရေး ခေါင်းဆောင်တွေအနေနဲ့ မဖြစ်မနေ အာမခံပေးရမှာ ဖြစ်ပါတယ်။ ရေရှည်ကာလမှာတော့ ဒီလို အာမခံချက် ရဲရဲပေးနိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သာလျှင် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်အထိ ဆက်လက်လျှောက်လှမ်းနိုင်မှာ သေချာပါတယ်။