ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH/Support group-Australia နှင့် ဩစတြေးလျားကရင်အဖွဲ့အစည်း-AKO တို့က မြန်မာ့အရေးကို တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်မှု ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်ပွဲကို ဩစတြေးလျားနိုင်ငံ၏ မြို့တော် ကန်ဘာရာရှိ မြန်မာသံရုံးရှေ့၌ ယနေ့ ဇူလိုင်လ (၃၁)ရက်နေ့လည်တွင် ပြုလုပ်ခဲ့ကြသည်။
တရုတ်နိုင်ငံအနေဖြင့် အာဏာသိမ်းစစ်အစိုးရကို ထောက်ပံ့၊ ဆက်ဆံနေခြင်းမှရပ်တန့်ရန်၊ မြန်မာပြည်သူလူထု၏ဆန္ဒကို လေးစားရန်၊ စစ်အာဏာရှင်စနစ်အောက်မှ မြန်မာပြည် လွတ်မြောက်ရေးအပေါ် ရပ်တည်ရန် အစရှိသည်တို့အတွက် တရုတ်နိုင်ငံကို ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်ဟုလည်း ထိုပွဲအရသိရသည်။
ဆန္ဒပြပွဲတွင် ပါဝင်လှုပ်ရှားသူ တစ်ဦးက “မြန်မာသံရုံးရှေ့မှာဆန္ဒပြတာ ရုံးဖွင့်ရက်ဆိုပေမယ့် ရုံးတွေပိတ်ထားတယ်။ ဆန္ဒပြမယ့်နေရာမှာလည်း အမေရိကန်က ကားတွေအများကြီးလာရပ်တယ် အဲဒီကြားကပြရတာ၊ ပြီးတော့ မြန်မာသံရုံး၊ တရုတ်သံရုံး ဘယ်သံရုံးမှစာပေးတာကိုလက်မခံဘူး ။ လက်မခံတော့ စာတိုက်ကနေ စာပို့စနစ်နဲ့ပို့ရမယ့်အခြေအနေဖြစ်သွားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

“တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်အစိုးရကိုထောက်ပံ့ပေးနေခြင်းအတွက် အဖိုးအခ ပြန်ပေးရမည်” “တရုတ်နိုင်ငံထုတ်ကုန်များကို ကျွန်ုပ်တို့မသုံးတော့ပါ” အစရှိသည့် စာတမ်းများကိုင်ဆောင်ပြုလုပ်သည့်အဆိုပါဆန္ဒပြပွဲသို့ ယနေ့ နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ထိ ကျင်းပပြုလုပ်ခဲ့သည်။
ထို့အပြင် “ငါတို့အနာဂတ်ကို ငါတို့ကိုယ်တိုင်ဆုံးဖြတ်မယ်” “တရုတ်အစိုးရ NUG နဲ့ဆွေးနွေးပါ” “မြန်မာ ပြည်သူတွေရဲ့အသံကို လေးစားရမယ်” “ပြည်သူ့အင်အား ဘယ်အင်အားမှတားဆီးမရ” အစရှိသည့် ကြွေးကြော်သံများ ရွတ်ဆိုတောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲသို့ AKO အပြင် ဩစတြေးလျားနိုင်ငံတွင်ရောက်ရှိနေသော နယ်ပယ်အသီးသီးရှိ မြန်မာတိုင်းရင်းသားလူမျိုးပေါင်းစုံလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။



















