Home သတင်း ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပန်းတနော် ကျေးရွာအချို့ ရေနစ်မြှုပ်

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပန်းတနော် ကျေးရွာအချို့ ရေနစ်မြှုပ်

668
Photo: CJ

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဇူလိုင်လ ၁၈ ရက်မှ စတင်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတ နော်မြို့ပေါ်နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နှင့် မြို့နယ်အတွင်းရှိ ဂုန်မင်း၊ ကသဝမ်၊ မင်းသား ကျွန်း၊ မြင်းကဒေါင်၊ ရင်းတိုက်ကုန်း၊ ဂျိုးဖြူတောင်နှင့် ကျန်ကျေးရွာများသည် ဧရာဝတီမြစ် အထက် ပိုင်းမှ ဆင်းလာသော ရေရောက်ရှိမှုကြောင့် နေအိမ်များနှင့် စိုက်ခင်းများ ရေနစ်မြှုပ်သည်အထိ ဖြစ်ပေါ်နေသည်ဟု သိရသည်။

“မြို့ထဲမှာတော့ သိပ်မတက်သေးဘူး။ ရွာဘက်တွေတော့ အတော် တက်တယ်။ ရင်ဘတ်လောက် တက်တယ်။ မြင်းကဒေါင်ဘက်ကဆို ကမ်းတွေပါ ပြိုတာ၊ အဲဒီဘက်‌တွေက ပိုဆိုးတယ်။ မြို့ထဲ ကမ်း နားဘက်တွေကျ အိမ်အောက်ရောက်နေပြီ” ဟု ဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ကျေးရွာအချို့တွင်မူ ရေကြီးမှုကြောင့် ကျောင်းများ ပိတ်ထားရသည်ဟုလည်း သိရပါသည်။ ရေနစ်မြှုပ် မှုကြောင့် ပြောင်း၊ ကွမ်းခြံနှင့် သီးနှံပင် စိုက်ပျိုးထားသည့် စိုက်ခင်းများလည်း ပျက်စီးမှုများ ရှိသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

အသက် ၄၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက “ပန်းတနော်မှာလည်း ကွမ်းတွေ ကုန်ပြီလေ။ တစ်မြို့နယ်လုံး အတိုင်းအတာဆို ကွမ်းခြံ ဆယ်ခြံလောက် ကျန်ရင် ကံကောင်း” ဟု ပြောသည်။

Photo: CJ

နေအိမ်နှစ်မြှုပ်မှုကြောင့် ဒေသခံအချို့မှာ နီးစပ်ရာ ဆွေမျိုးသားချင်းများ အိမ်တွင် ပြောင်း ရွှေ့နေထိုင်နေကြရပြီး တချို့မှာမူ ပန်းတ‌နော်မြို့‌ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများတွင် ကူညီကယ်ဆယ်ထားမှုများလည်း ရှိသည်ဟု ကယ်ဆယ်ရေးတာဝန်ခံတစ်ဦးထံမှ သိရသည်။

ပန်းတနော်မြို့ပေါ်နေ အမျိုးသမီးတစ်ဦးကလည်း “ကျမတို့ အိမ်တောင် မြှုပ်ပြီး အိမ်ထဲ ရေ၀င်ပြီး အိမ်မှာပဲ စင်ထိုးပြီး နေကြတာ နည်းနည်းတော့ နေလို့ ရသေးတယ်” ဟု ပြောသည်။

ရေကြီးနစ်မြှုပ်ဒဏ်ခံရသော တချို့နေရာများတွင် အရေးပေါ်အစားအသောက်နှင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိသည်ဟု ကယ်ဆယ်ရေးတာဝန်ခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ပန်းတနော်မြို့နယ်တွင် ယခုလို ရေကြီးနစ်မြှုပ်မှုမျိုး ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် ဖြစ်ခဲ့ဖူးပြီး ယခု ၉ နှစ်အကြာတွင် ထပ်မံ ဖြစ်ပွားခြင်း ဖြစ်သည်။