မရေရာ မသေချာမှုများနှင့် နေ့စဉ်လူမှုဘဝများ
စောထူးကပေါ (ဇူလိုင် ၂၃၊ ၂၀၂၄ ခုနှစ်။)
၂၀၂၄ ခုနှစ်သည် နှစ်ဝက်ကုန်ဆုံးကျော်လွန်ခဲ့ပြီး ဖြစ်သည်။ ပြည်တွင်း၌ အာဏာသိမ်းကာလ သုံးနှစ်ခွဲသို့ ရောက်ရှိ လာပြီး ဖြစ်သည်။ အာဏာရှင်တို့အုပ်စိုးလျှင် ကြုံတွေ့ရလေ့ရှိသည့် ပြည်သူတို့၏ လူမှုဘဝအထွေထွေ အကြပ် အတည်းသည်လည်း ပိုမိုဆိုးရွားသည့်အခြေအနေသို့ မဖိတ်ခေါ်ဘဲ ဆိုက်ရောက်လာချေပြီး။ နိုင်ငံရေးသည် အားလုံးနှင့် ဆက်နွယ်နေသည် မဟုတ်ပါလော။
လက်ရှိ ပြည်တွင်း၌ နိုင်ငံရေးမပြေလည်မှုနှင့်အတူ စစ်ရေးပဋိပက္ခများ၊ ကုန်သွယ်ရေး ခက်ခဲနေမှု၊ အားနည်းသည့် စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဘဏ်ဂယက်ကြောင့် ပြည်သူတို့စိုးရိမ်စိတ်မြင့်တက်ကာ ငွေပေးငွေယူကိစ္စရပ် များ ခက်ခဲ လာသည်ကို တွေ့ရသည်။ အကျိုးဆက်အနေဖြင့် အခြေခံစားသောက်ကုန်၊ ဆေးဝါးတို့ ဈေးတက်လာပြီး အခြေခံလူတန်းစားတို့ အထိနာလျက်ရှိသည်ဟု ၎င်းတို့က တညီတညွတ်တည်း ပြောကြသည်။
“ကုန်ဈေးနှုန်းက ကျဖို့မရှိဘူး။ အခုက အလုပ်မလုပ်ဘဲ မနေရဲဘူး။ အရင်ကဆို အလုပ်သမားတွေနဲ့ ပြီးသွားတယ်။ အခုကိုယ့်အလုပ်ကို ကိုယ့်ဘာသာကိုယ်လုပ်တယ်။ ဈေးတခါသွားဝယ်ရင် တစ်သောင်းဖိုးကဘာမှ မရဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်ဒေသခံ အသက် ၃၀ ဝန်းကျင်ရှိ လူငယ်တစ်ဦးက ဖွင့်ဟပြောသည်။
သူသည် တနိုင်တပိုင် ကုန်အရောင်းအဝယ်ပြုလုပ်နေသူ တဦးဖြစ်ပြီးသည်။ ယခင်က သူလုပ်ငန်းအတွက် အထွေ ထွေအလုပ်သမား တစ်ဦးကို နေ့စားခ တစ်နေ့လျှင်ကျပ် ၁၂,၀၀၀ နှုန်းမှ ၁၅,၀၀၀ ခွဲနှုန်းကြား အကူ ခေါ်လုပ်ခိုင်းလေ့ ရှိသော်လည်း လက်ရှိအချိန်တွင် သူကိုယ်တိုင်သာ ဝင်ရောက်လုပ်ကိုင်ကာ စရိတ်ချွေတာနေရကြောင်း ပြောသည်။
ပန်းတနော်ဒေသခံ လယ်သမားတဦးက “ စရွာကတည်းက မိုးမပျက်ဘူး။ မိုးမပျက်တော့ ကြဲခင်းမလုပ်နိုင်ဘူး။ အခု လယ်စိုက်ချိန်ရောက်ပြီး အကူအလုပ်သမားရှားတယ်။ မိန်းကလေးတွေဆို တစ်ရက် ၈,၀၀၀နဲ့ ၁၀,၀၀၀ ကြားပေးရတယ်။ ယောက်ျားလေးတွေဆို အနိမ့်ဆုံး ၁၀,၀၀၀ နေ့တွက်ခပေးရတယ်၊ အဲ့ဒါတောင် လယ်စိုက်ဖို့ လူရှာရခက်နေတယ်” ဟု ဆိုသည်။
ထို့အပြင် လယ်စိုက်စရိတ်ကြီးသလို စိုက်ပျိုးရာတွင်အသုံးပြုသည့် ဓါတ်မြေဩဇာဈေးနှင့် ပိုးသတ်ဆေးစရိတ်များ လည်း ယခင်နှစ်ထက်ဈေးတက်လာကြောင်း၊ ယခင်နှစ် စပါးဈေးကောင်းခဲ့သော်လည်း ယခုနှစ် စပါးစိုက်ရာတွင် တစ်ဧက အထွေထွေ ကုန်ကျစရိတ်မှန်းဆရခက်သလို ထွက်ရှိပါက စပါးဈေးမည်သို့ ရှိမည်ကို မှန်းဆရ ခက်ပြီး မရေရာမသေချာသည့် အခြေအနေရှိသည်ဟု လယ်သမားများထံမှ သိရသည်။
အလားတူ အခြေခံလူတန်းစားများ အားထားရသည့် အကြော်နှင့် မုန့်ဟင်းခါး ရောင်းသူ အနန့်ထွေးလေးကလည်း စားအုန်းဆီဈေး အဆမတန်တက်လာပြီး စားသောက်ကုန်အချို့ဈေးတက်လာခြင်းကြောင့် အမြတ်ရရန် ကြိုးပမ်းရောင်းနေရသည်ဟု ပြောသည်။ သူမသည် အကြော်နှင့်အတူမုန့်ဟင်းခါးပါ တွဲရောင်းသည်။ အဆိုပါ အကြော်နှင့် မုန့်ဟင်းခါးကို ရွာရှိအလွှာစုံလူတန်းစားတို့ နံနက်စာအဖြစ် ဝယ်စားလေ့ရှိသည်။
ထို့သို့ အကြော်ရောင်းရာတွင် အခြေခံကျသည့် စားအုန်းဆီဈေးမှာ ယခင်တစ်ပိဿာ ၇,၅၀၀ ကျပ်ရှိရာမှ လက်ရှိ ကျပ် ၁၂,၀၀၀ ထိ ဈေးတက်သွားကြောင်း၊ သို့သော် သူမကြော်ရောင်းသည့် ပြောင်းဖူး၊ စမူဆာကြော်တို့ကို တစ်ခု လျှင် ၂၀၀ ကျပ်ဖြင့်သာ ရောင်းချသေးကြောင်း၊ မုန့်ဟင်းခါးကိုအကြော်ပါလျှင် တစ်ပွဲ ကျပ်၁,၀၀၀ နှုန်းဖြင့် ရောင်းချသည်ဟု အနန့်ထွေးလေး ပြောသည်။

“စောစောထရောင်းတော့ လူကပင်ပန်းတယ်။ ကိုယ်တိုင်ရောင်းတော့ အိမ်ကလူတွေ မနက်စာအတွက် မပူရဘူး။ မုန့်ဟင်းခါးဆီသပ်ရတော့ ဆီဈေးကျစေချင်တယ်။ ဟင်းချက်စရာဖိုးလောက် မြတ်ရင်တော်ပြီး၊ ကုန်ဈေးနှုန်း ထပ်တက်ရင် အမြတ်ရဖို့ မရေရာတော့ဘူး” ဟု ၎င်းက ဖွင့်ဟသည်။
ထိုသို့ အခြေခံလူတန်းစားများအပြင် လူလတ်တန်းစားဟု ဆိုနိုင်သည့် သူများတွင်လည်း အိမ်အသုံးစရိတ်၊ ကျောင်းသားများအတွက် စရိတ်များ ကြီးမြင့်လာသည့်လာသော်လည်း ဝင်ငွေမတိုးသည့်အတွက် အခက်အခဲ ရှိသည်ဟု ကေအိုင်စီသို့ ပြောသည်။
“သမီးက တက္ကသိုလ် တက်တယ်။ အဆောင်မှာနေတော့ အဆောင်ခအပါ တစ်လသုံးသိန်းလောက်ကုန်တယ်။ သားနဲ့ တူမနှစ်ယောက်က အခြေခံပညာကျောင်းထားတယ်။ ထမင်းလှအောင် ဆန်ချော၊ ဆန်ကြမ်း ရောချက် ရတယ်။ ဆန်ချောက တအိတ်က နှစ်သိန်းနားကပ်နေပြီး။ အမျိုးသားက နိုင်ငံခြားကုမ္ပဏီမှာလုပ်တော့ လခ ကောင်းတယ်ဆိုပေမဲ့ ကုန်ဈေးနှုန်းတက် လခမတိုးတော့ ရသလောက်ချွေတာရတယ်။ အခုဘောပင် တစ်ချောင်း တောင် ၅၅၀ ကျပ် ရှိတယ်” ဟု ရန်ကုန်မြိုံရှိ အိမ်ထောင်ရှင်မ ကရင်အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ယခုကဲ့သို့ အလွှာစုံပြည်သူတို့ ၎င်းတို့၏ နေ့စဉ်လှုမှုဘဝများအခက်အခဲ မျိုးစုံကို ပုံစံမျိုးစုံဖြင့် အသက်ရှင် ရပ်တည် နိုင်ရေးလှုပ်ရှားနေရပြီး အများစုမျှော်မှန်းသည့် ကုန်ဈေးနှုန်းကျဆင်းရေးမှာမူ အလှမ်းဝေးနေဆဲဖြစ်သလို စီးပွား ရေးဆိုင်ရာ စောင့်ကြည့်မှု အစီရင်ခံစားများတွင် စီးပွားရေးကောင်းရန် အလှမ်းဝေးနေဆဲဟုသာ မှန်းဆထား သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပဋိပက္ခများ၊ အထွေထွေစီးပွားရေးမတည်ငြိမ်မှုနှင့် နေရပ်ရွှေ့ပြောင်းရမှုတို့ကြောင့် ကုန် ထုတ်လုပ်မှုအပေါ် အဟန့်အတားဖြစ်ကာ စီးပွားရေးတိုးနှုန်းနှေးကွေးနေဦးမည်ဟု ကမ္ဘာ့ဘဏ်က ဇွန် ၁၂ ရက် နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာစောင့် ကြည့်မှုအစီရင်ခံစာအရ လာမည့် ၂၀၂၅ ခုနှစ် မတ်လ တစ်နှစ်တာ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) သည် တစ်ရာခိုင်နှုန်းခံသာရှိမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ယခုနှစ် တွင် တိုင်းပြည်စီးပွားရေးတိုးနှုန်း မရှိသလောက်ဖြစ်နေမည့်ဟန်ပေါ်သည်။ ထို့အတွက် ပြည်သူတို့၏ နေ့စဉ်လူမှု ဘဝတို့ ခက်ခဲနေဦးမည် ဖြစ်သည်။
ထို့အပြင် ယခု ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ လူဦးရေ ၃၂ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ ရောက်ရှိ လာပြီးဖြစ်ကာ ထို့ထက်တိုးမည့် အလားလာများရှိနေသည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။ ထို့အတွက် ပဋိပက္ခများ ငြိမ်းအေးပြီး စီးပွားရေးတိုးတက်လာမည့် အလားလာမှာ မရေရာမသေချာ အလှမ်းဝေနေဆဲဟု ဆိုရမည်။
“ ကုန်ဈေးနှုန်းက အခြေအနေဆိုးလာတယ်။ ကြားဖူးတာတော့ အကောင်းဆုံးတွေကို မျှော်လင့်သလို အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားရမယ်တဲ့။ အနန့်တို့ အတွက်တော့ ကောင်းတာ၊ ဆိုတားတာ ခဏထား။ ကိုယ်လုပ်မှ ကိုယ်စားရမှာ၊ ဘာပဲဖြစ်ဖြစ် ဒီလိုပဲ မုန့်ဟင်းခါးနဲ့ အကြော်ရောင်းပြီး နေ့တိုင်း ရုန်းကုန်နေရ ဦးမှာပဲ” ဟု အကြော်နှင့် မုန့်ဟင်းခါး ရောင်းသူ အနန့်ထွေးလေးက မှတ်ချက်ပြုပြောသည်။



















