Home သတင်း ဒု-ဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်ကွယ်လွန်ခြင်းသည် အမျိုးသားရေးလှုပ်ရှားမှုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ဟု ကေအဲန်ယူပြော

ဒု-ဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်ကွယ်လွန်ခြင်းသည် အမျိုးသားရေးလှုပ်ရှားမှုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ဟု ကေအဲန်ယူပြော

627

ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

အစည်းအရုံး၏ ဒု-ဥက္ကဌဟောင်းဖြစ်သူ ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်သွားခြင်းသည် ကရင်အမျိုးသားရေး လှုပ်ရှားမှုတွင် ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာထဲတွင် ပြောဆိုထားသည်။

ကေအဲန်ယူ၏ တစ်ဦးတည်းသော အမျိုးသမီး ဒု-ဥက္ကဌဟောင်းဖြစ်သူ ပဒိုနော်စီဖိုးရာစိန်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်၊ မွန်းလွဲပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကွယ်လွန်သွားခြင်းသည် မိသားစုမောင်နှမ၊ ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်အပြင် အမျိုးသားရေးအတွက် လုပ်ဆောင်ရာတွင် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ရကြောင်း ကေအဲန်ယူ၏ ပေးပို့သော သဝဏ်လွှာထဲတွင် ပြောဆိုထားသည်။

ကေအဲန်ယူ ခေါင်းဆောင်ပိုင်းတာဝန်ထမ်းဆောင်နေရစဉ်ကာလတွင်လည်း အစည်းအရုံး၏ ချ မှတ်ထားသည့် လမ်းစဉ်အတိုင်း လေးစားလိုက်နာကာ ဦးဆောင်လုပ်ဆောင်နိုင်သူဖြစ်သလိုအလုပ်အတွက် ကြိုးစားလုပ်ဆောင်သူတစ်ဦးဖြစ်ကြောင်းလည်း ကေအဲန်ယူက ပြောသည်။

ထို့အပြင် NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့၏မဟာမိတ်အဖွဲ့ 7 EAO Alliance ၏ ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာတွင်လည်း ပဒိုနော်စီဖိုးရာစိန်သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေး တော်လှန်ရေးခရီးကြမ်းတွင်လည်း မမှိတ်မသုန် အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ကြီးလေးသည့် တာဝန်ဝတ္တရားများကိုထမ်းရွက်နိုင်သူဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ကြောင့် သူမ ကွယ်လွန်သွားခြင်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူထု တစ်ရပ်လုံးအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟုလည်း 7EAO Alliance ၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုသည်။

ဆက်လက်၍ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်- NCA ပေါ်ထွန်းလာစေရေးအတွက် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (Senior Delegation –SD)ကို အခက်အခဲမျိုးစုံကြားမှ နိုင်ငံရေးအရ ဦးဆောင်ဦးရွက်ပြုသူတစ်ဦးဖြစ်ကြောင်းလည်း 7EAO Alliance က ဆိုသည်။

ထို့အတူ ပဒိုနော်စီဖိုးရာစိန်သည် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) ဖွဲ့စည်းတည်ထောင်ရာ၌ သဘာပတိအဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်ခဲ့သလို ကွယ်လွန်ချိန်အထိ ဖက်ဒရယ်ပြည် ထောင်စုတည် ဆောက်ရေး၊ အမျိုးသားတန်းတူရေး၊ ဂျန်ဒါတန်းတူရေးနှင့် အမျိုးသမီးအခွင့်အရေး ရရှိရေးအတွက် ယုံကြည်ချက်ခိုင်မာစွာရပ်တည် တိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်း၊ ယခုလိုကွယ်လွန်ခြင်းသည် ပြည်သူ လူထုနှင့် အမျိုးသမီးထုတစ်ရပ်လုံးအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း WLB အဖွဲ့၏ ပေးပို့ သောဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ပြောဆိုထားသည်။

ပဒိုနော်စီဖိုးရာစိန်သည် ၁၉၇၅-၁၉၈၉ အထိတွင် တော်လှန်ရေးအလုပ်နှင့် ကော်သူးလေအစိုးရ အထက် တန်းကျောင်းတွင် ကျောင်းဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်သည့်တချိန်တည်းတွင် ကရင် အမျိုးသမီးအစည်းအရုံး-KWO တွင်လည်း ဆယ်စုနှစ်တစ်ခုနီးပါးကြာ အထွေထွေ အတွင်းရေးမှူး တာဝန်ကိုထမ်းဆောင်ခဲ့သည်။

၂၀၀၀ ခုနှစ်တွင် သူ ကျောင်းဆရာမအလုပ်မှ အနားယူလိုက်ကာ ၁၂ ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်တွင် ဝင်ရောက်အရွေးခံပြီး ကေအဲန်ယူ၏ အမြဲတမ်းကော်မတီဖြစ်လာခဲ့သည်။

ထို့နောက် ၁၄ ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး (၁၅) ကြိမ်မြောက် ကွန်ဂရက်တွင် ကေအဲန်ယူ ဒုဥက္ကဌ အဖြစ် ရွေးကောက် တင်မြောက်ခြင်းခံရကာ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သူဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များက ပြောသည်။