ဇူလိုင် ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် သောင်ရင်းမြစ်ကမ်းဘေးရှိ စစ်ဘေးရှောင်စခန်းများတွင် ယခုရက်ပိုင်းအတွင်း မိုးအ ဆက်မပြတ်ရွာသွန်းမှုကြောင့် နေရာထိုင်ခင်းနှင့် သောက်သုံးရေအတွက် လိုအပ်မှုများ ရှိနေသည်ဟု စစ်ဘေးရှာင်ကူညီပေးနေသူများထံမှ သိရသည်။
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ မြဝတီတောင်ဘက်ခြမ်းအတွင်း တိုက်ပွဲရှောင်ပြီး ထွက်ပြေးလာသည့် စစ်ရှောင်များရှိရာ လယ့်ခေါ်စခန်းတွင် ယခုနှစ်ပိုင်း တိမ်းရှောင်လာသူ ပိုများလာသည့်အပြင် မိုးရာသီလည်းဖြစ်သောကြောင့် နေထိုင်ရေးနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များ ရှိနေသည်ဟု စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ စပြီး စစ်ရှောင်ကတည်းက ယာယီဆိုပြီး နှစ်နှစ်ကျော် ဆောက်ထားတဲ့ တဲတွေကျတော့ ဆွေးကုန်ပြီလေ။ ယိုင်တာတွေက ယိုင်တော့ အရေးပေါ်ကတော့ ဝါးတွေ၊ မိုးဖို့ ဖက်တွေ အဓိက လိုအပ်တာပေါ့။ ရိက္ခာပိုင်းဆိုင်ရာတော့ တော်တော်လေးလျော့တာပေါ့။ တစ်ယောက်ကို ဆန်ဆယ်ကီလိုပဲ ရတယ်။ ငယ်တဲ့ ကလေးပေါက်စနအတွက် လောက်ပေမယ့် လူကြီးပိုင်းတွေတော့ မလုံလောက်တော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် လယ့်ခေါ်စစ်ရှောင်စခန်း၌ စစ်ရှောင်အရေအတွက် ၃၀၀ ကျော် ရှိနေပြီး၊ ပြီးခဲ့သည့် နှစ်ထက် တစ်ရာနီးပါး တိုးလာသည်ဟု သိရသည်။
ထို့အပြင် သောင်ရင်မြစ်ဘေးရှိ စစ်ရှောင်စခန်းတစ်ခုဖြစ်သော ကနဲလေးထတွင်လည်း မိုးတွင်းကာလ သန့်ရှင်းသော သောက်သုံးရေ မရှိသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေပြီး ရေသန့် လိုအပ်ချက်များ ရှိနေသည်ဟု စစ်ရှောင်နေသူများထံမှ သိရသည်။
“အခုက ရွာအတွက် သုံးဖို့ ရေက မသန့်တော့ အခက်အခဲ ဖြစ်တယ်။ ချောင်းရေ သုံးတာ ရေနောက်တယ်။ မိုးရွာများတော့ ရေတွေ မသန့်ဘူး။ ရောဂါတွေ ဝမ်းသွားတာတွေ ပိုများလာတယ်။ တစ်ရွာလုံး သုံးဖို့ ရေပိုက်လုံး လိုတယ်” ဟု ကနဲလေးထစခန်းမှ စစ်ရှောင်ဒုက္ခသည်တစ်ဦးက ဆိုသည်။
စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် လတ်တလော စားဝတ်နေရေး အကျပ်အတည်းများကို ဖြေရှင်းရန် နေ့စားအလုပ် ထွက်လုပ်ခြင်း၊ ခြံအငှားစိုက်ခြင်း၊ ပြောင်းစိုက်ခြင်းနှင့် မျှစ်ချိုးခြင်းစသည့် ကြုံရာအလုပ်များ လုပ်ကိုင်နေကြသည်ဟု စခန်းတွင်း နေထိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ လယ့်ခေါ်နှင့် ကနဲလေးထ ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်များသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော လေးကေ့ကော်အနီး တိုက်ပွဲများကြောင့် နှစ်နှစ်ကျော်ကြာသည်အထိ နေရပ်သို့ မပြန်နိုင်သေးဘဲ ရေရှည်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက်လိုအပ်နေဦးမည်ဖြစ်သည်ဟု နယ်မြေခံ တာဝန်ရှိသူများက ဆိုသည်။



















