ဇူလိုင်လ ၂ ရက်။ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆) နယ်မြေ၊ ကြာအင်း ဆိပ်ကြီး မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူပိုင် ဥယျာဉ်ခြံမြေများကို သိမ်းယူပြီး တပ်စခန်းဝင်း တိုးချဲ့ကာ ခြံစည်းရိုးအခိုင်အမာတည်ဆောက်လျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။
ကြာအင်ဆိပ်ကြီးမြို့ရှိ ခြေလျင်တပ်ရင်း (ခလရ)- ၂၈၄၊ (ခလရ)- ၃၂နှင့် ဗျူဟာကုန်းစခန်း စစ်တပ် စခန်းများသည် ၎င်းတို့တပ်စခန်းဝင်းတိုးချဲ့မှုကို အုတ်တံတိုင်း ခြံစည်းရိုးအခိုင်အမာဖြင့် လိုက်လံ ကာယူရာတွင် တပ်စခန်းဝင်းတစ်ခုကို အကျယ် ၃ မိုင်ခန့် တိုးချဲ့မှုလုပ်ဆောင်သောကြောင့် ဒေသခံဥယျာဉ်ခြံမြေအများအပြား သိမ်းယူခြင်းခံရသည်ဟု ဒေသခံထံမှ သိရသည်။
ထို့အပြင် အဆိုပါ တပ်စခန်းဝင်းတိုးချဲ့လုပ်ဆောင်သည့်အတွက် ဆိပ်ကြီးကျေးရွာတွင် အရပ်သားနေအိမ် ၃ လုံးသုံးပါသွားသလို သာသနာပိုင်မြေများ၊ သံပုရာဥယျာဉ်ခြံ၊ ကွမ်းသီးခြံနှင့် ရာဘာခြံ မြေအများ အပြားသိမ်းယူကာ အုတ်တံတိုင်း ခြံစည်းရိုးများစိုက်ထူကာယူနေကြောင်း ကြာအင်းဆိပ်ကြီးရှိဒေသခံတစ်ဦးက ယခုလို ပြောသည်။
“မြေက ဧက အများကြီးပါသွားတယ်။ လူနေအိမ်ကတော့ ၃ လုံးပါသွားတော့ အိမ်ရှင်တွေက ပြောင်းရ တာပေါ့။ သူတို့ မြေသိမ်းခြံရှင်းပြီးမှ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြောပြတာ။ ဘာလျော်ကြေးမှ မပေးဘူး။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တပ်စခန်းခြံစည်းရိုးကို ကွန်ကရစ်တိုင်များဖြင့် အခိုင်အမာ စိုက်ထူရာတွင် ဒေသခံရွာသားများအား အခမကြေးငွေပေးကာ လုပ်အားခိုင်းစေခြင်းများလုပ်ဆောင်နေသလို ဒေသခံများကားဖြင့် သဲကျောက် များ သယ်ယူခိုင်းစေခြင်းများလုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောသည်။
အထက်ပါ ဒေသခံက ဆက်လက်၍ “ အုတ်တံတိုင်းဆောက်တဲ့အချိန်မှာ ရွာသားတွေ ခေါ်ပြီးသွား လုပ်ခိုင်းတယ်။ ပြီးတော့ နေ့စားအဖြစ် ငွေပေးတာရှိတယ်။ စစ်တပ်ဆီမှာသွားလုပ်တာ KNU ဘက်က လည်း မကြိုက်တော့ ဒေသခံတွေက မသွားတော့ဘူး။ အဲဒါဒေသခံတွေကို ခေါ်လို့မရတော့ တခြား ဒေသက လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို တရက် ၁၃,၀၀၀ ကျပ်ပေးပြီး သွားပြန်ငှားနေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ကြာင်အင်းဆိပ်ကြီးမြို့ပေါ်ရှိ ၎င်းတို့ တပ်စခန်းရှေ့ကို အရပ် သားပြည်သူများအား ဖြတ်သန်းသွားလာခွင့်မပြုသလို တပ်စခန်းရှေ့ဖြစ်သော ဆိပ်ကြီးရွာနှင့် မီး လောင်ချောင်း၊ ကြခတ်ချောင်း ရွာသွားလမ်းကိုလည်း သစ်ပင်ခုတ်လှဲကာ လမ်းပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် ခြေလျင်တပ်ရင်း ခလရ-၂၈၄၊ ခလရ -၂၈၃ ၊ ခလရ ၃၂ နှင့် ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းစခန်းများရှိပြီး လက်ရှိအချိန်တွင် အဆိုပါ တပ်စခန်းရှိ စစ်ကောင်စီတပ်များအတွက် ကုန်းလမ်း၊ ရေလမ်းကြောင်းများဖြင့် ရိက္ခာပို့ဆောင်ခြင်းမရှိဘဲ ထောက်ပို့လေယာဉ်များဖြင့်သာ ပို့ဆောင်ပေးနေကြရကြောင်း သိရသည်။



















