ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သံလွင့်မြစ်ရေ ဆက်လက် မြင့်တက်လာသောကြောင့် ယာယီရေဘေးရှောင်စခန်းများတွင် ရေဘေးရှောင်ပြည်သူများတိုး လာကြောင်း ဖားအံမြို့နေ ဒေသခံများကပြောသည်။
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဖားအံမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက်နေ့မှစတင်ပြီး သံလွင်မြစ်ရေ စံချိန်တင် မြင့်တက်လာပြီး ယနေ့ဇူလိုင်လ(၃၀)ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၆ ပေသို့ ကျော်လွန်လာသောကြောင့် အနိမ့်ပိုင်းဒေသရှိ ဒေသခံများအနေဖြင့် ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများသို့ နေရာရွှေ့ပြောင်းနေထိုင်ရသူ ပိုမိုများပြားလာကြောင်း ဖားအံမြို့နေ ဒေသခံအမျိုးသား တစ်ဦးကပြောသည်။
၎င်းက “ရေကတော့ မကျသေးဘူး။ အခုထိတက်နေတုန်းပဲ။ ရေမမြှုပ်တာဆိုလို့ ဒီကမ်းနားက ဘောလုံးကွင်း အရှေ့ ဘက်တွေ မမြှုပ်ဘူး။ ကုန်းရှိတဲ့နေရာတွေပဲ လွတ်တယ်။ အမှတ် (၂) ဘက်ကတော့ ဒီရွှေရင်မျှော်ဘက်တွေမှာ ရေဘေးလာရှောင်ကြတယ်။ ရေကမကျသေးတော့ ဒီမနက်ခင်းပိုင်းအထိကို ကယ်ဆယ်ရေး တွေနဲ့ လာပြီးတော့ လာရှောင်ကြတာ ရှိတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ပြည်နယ်ကောင်စီကလည်း လက်ရှိတွင် ယာယီရေဘေးရှောင် စခန်းကို ဖားအံမြို့တွင်း၏ ကန်သာယာရှိ ဇွဲကပင် ခန်းမအပြင် မြို့တွင်းနေရာ ၁၅ ခုတွင် ဖွင့်လှစ်ထားလျက်ရှိပြီး ဒေသခံများအနေဖြင့် မိုးဆက်လက် ရွာသွန်းမှုကြောင့် သွားလာရေး အခက်အခဲများအပြင် မီးပျက်ခြင်း နှင့် အစားအသောက်အခက်အခဲများ ကြုံတွေ့နေ ကြရကြောင်းမြို့ခံများက ပြောသည်။
“ရေဘေးရှောင်စခန်းကိုတော့ အခုလက်ရှိ ဒီ(အ.ထ.က-၁)မှာဖွင့်ထားတယ်။ ပြီးတော့ မိုးလုံလေလုံ အားကစားခန်းမ အများစုမှာဖွင့်ထားတာတွေရှိတယ်။ ကျယ်တဲ့နေရာတွေမှာ ဖွင့်ထားတယ်။ မြို့ပေါ်မှာ ဆိုရင်တော့ ရေဘေးရှောင် စခန်း(၁၅)ခုလောက်ရှိတယ်။ လတ်တလော စားဖို့သောက်ဖို့ကကျတော့ ဖားအံမှာရှိတဲ့ လူမှုကယ်ဆယ်ရေး အသင်းတွေ ပြီးတော့ အလှူရှင်တွေနဲ့ပေါင်းပြီးတော့ လှူနေတာတွေတော့ရှိတယ်။”ဟု နောက်ထပ် ဖားအံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ဖားအံမြို့နယ်တွင် စစ်ကောင်စီမှ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ခန့် ဖွင့်ထားပေးပြီး ၎င်းစခန်းတွင် အမျိုးသား (၄,၁၃၀ ဦး၊ အမျိုးသမီး (၄,၄၈၆ ဦး၊ စုစုပေါင်းလူဦးရေ (၈,၆၁၆)ဦးကို နေရာ ချ ကူညီထားကြောင်း စစ်ကောင်စီ၏ ဇူလိုင်လ ၂၉ ရက်နေ့ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
အလားတူ လတ်တလော မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယ အပတ်မှ စတင်ပြီး မြစ်ရေများ စံချိန်တင် မြင့်တက်လာကာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့ပေါင်း (၁၀)မြို့ထက်မနည်း ရေကြီးမှု အန္တရာယ်ရင်ဆိုင် ကြုံတွေ့ရလျက်ရှိသည်။