ရေး-ထားဝယ်လမ်းမ စစ်ရေးအခြေအနေအပေါ် MSRF ပြောခွင့်ရ နိုင်နဂါးနှင့် ဆက် သွယ်မေးမြန်းချက်
—————
“ပြည်သူတွေ ထိခိုက်မှု မရှိအောင်၊ ပြည်သူတွေနဲ့ ဝေးရာမှာ တိုက်ပွဲဖော်ဆောင်ဖို့ ပေါ်လစီ ချမှတ်ထားတယ်” MSRF ပြောခွင့်ရသူ နိုင်နဂါး
ပြီးခဲ့သည့် ဇွန်လအတွင်းနှင့် လက်ရှိ ဇူလိုင် လဆန်းပိုင်းအချိန်ထိ ရေး- ထားဝယ် အမှတ် (၈ )ပြည်ထောင်စု လမ်းမကြီးကို စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီဘက်က အင်အားတိုးချဲ့ လုပ်ဆောင်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းများအရ သိရသည်။
ယခုလို မြန်မာပြည် တောင်ပိုင်းဒေသအတွက် ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စစ်ရေးတို့တွင် ဗျူဟာမြောက်အရေးပါသည့် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မွန်ပြည်တော်လှန်ရေးတပ်၊ မဟာမိတ်တပ်ပေါင်းစုတို့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာလာမှု၊ ဒေသတွင်းစစ်ရေးအလားအလာ စသည့် အခြေ အနေများနှင့် ပတ်သက်၍ မွန်ပြည်တော်လှန်ရေးတပ်-MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်က နှစ်ဖက်စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေကို ပြော ပြပေးပါအုံး။
ဖြေ ။ ။ ရေး-ထားဝယ်အမှတ်(၈)ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဒီစစ်ကောင်စီ တပ်ဘက်က အင်အား တွေထပ်မံပြီးတော့ တိုးချဲ့ပြီး ဖြည့်ထားတယ်။ ရေးမြို့နယ် ကိုးမိုင်ကျေးရွာကနေ စပြီးတော့ ကလိန် အောင်အထိကိုပေါ့။ အင်အား(၂၀၀၀)နဲ့ (၃၀၀၀)ကြား ထပ်မံပြီးတော့ ဖြည့်ထားတယ်လို့ ကျနော်တို့ သတင်း ရရှိထားတယ်။ ဒေသလုံခြုံရေး အထူးသဖြင့် ရေနက်ဆိပ်ကမ်း လုံခြုံရေးနဲ့ ရေး-ထားဝယ်လုံခြုံရေး ကား လမ်းမကြီး လုံခြုံရေးအတွက် သူတို့လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ မွန်ပြည်တော်လှန်ရေးတပ်နဲ့တပ်ပေါင်းစု အဖွဲ့ကလည်း အခွင့်သာရင်သာသလို ကျနော်တို့ ဆက်လက်ပြီးတော့ တိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်တိုက်ပွဲတွေတော့ ဖြစ်လာဖို့ ရှိတယ်။ တချိန်တည်းမှာပဲ ကျနော်တို့က ဗျူဟာတစ်မျိုးနဲ့ ပုံစံတစ်မျိုးတည်းနဲ့ အရင်က လိုတိုက်ပွဲဝင်လို့ မရဘူး။ ခုနကပြောတဲ့ အတိုင်းပဲ နေရာတိုင်းနီးပါးမှာ အင်အားတွေ ကင်းပုန်း တွေချထားတာ ရှိတဲ့အတွက်ကြောင့် တိုက်ပွဲကတော့ ဖြစ်ဖို့ရှိမယ်။ ပုံစံကတော့ ပြောင်းသွားမယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။
မေး ။ ။ ဒီလမ်းမကြီးကို ထိန်းချုပ် စိုးမိုးထားဖို့က တော်လှန်ရေးတပ်ပေါင်းစုတွေအတွက် ဘယ်လောက် အရေးကြီးလဲ။ ဘာကြောင့်လဲ။
ဖြေ။ ။ ဒီလမ်းမကြီးကိုထိန်းချုပ်ထားဖို့ကျနော်တို့တော်လှန်ရေးတပ်တွေအတွက် အရမ်း အရေးကြီးသလားဆိုတော့ စစ်ကောင်စီပြုတ်ကျဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အရာ ရာတိုင်းက အရေးကြီးတယ်လို့ ကျနော်တို့က သတ်မှတ်ထားတယ်။ ဒီလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ခြင်းအားဖြင့် ခုနကကျနော်ပြောသလိုပဲ ဒီလမ်းမကြီးကို စစ်ကောင်စီက သူတို့ရဲ့တပ်အင်အားတွေ လှုပ်ရှားမှုတွေလုပ်လို့မရဘူး။ ထောက်ပံ့ပို့ဆောင်မှုတွေ လုပ်လို့မရဘူး။ အဲ့တာထက်ပိုပြီး အရေးကြီးတာက ဒီတနင်္သာရီရေးတောင်ဘက်နဲ့ တနင်္သာရီ ပြည်မနဲ့လုံးဝ ဆက်သွယ်ထားတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် ရန်သူအတွက် အင်မတန်မှကို စီးပွားရေးအရရော၊ စစ်ရေးအရပါ တော်တော်လေးကိုထိခိုက် စေနိုင်တဲ့အတွက် ဒါကို ထိန်းချုပ်ခြင်းအားဖြင့် ကျနော်တို့အတွက် အရေးကြီးတဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့ ကျနော်ဒီမှာပြောချင်ပါတယ်။
မေး။ ။ တဖက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအတွက်ကကော ဒီလမ်းမကြီးကို ပြန်ရဖို့အတွက်က ဘယ်လောက်အရေးကြီးလဲ။ ဘာကြောင့်လဲ။
ဖြေ။ ။ ဒီလ(၇)ရက်နေ့ကနေစပြီးတော့ စစ်ကောင်စီ တပ်တွေကရေးနဲ့ ကလိန်အောင် ကြားမှာ အင်အား တွေထောင်နဲ့ချီထပ်ဖြည့်ထားတာ ရှိတယ်။ မနေ့တနေ့ကအထိ အင်အားတွေ ထပ်ဖြည့်နေတယ်။ အထူးသဖြင့် ရေဖြူမြို့နယ်နဲ့ ကံပေါက်ဒေသတို့ မွန်ကြီးရွာ တောင်ကုတ်တွေမှာ ဘန်ကာတွေကို အသေအချာတည် ဆောက်ပြီးတော့ တစ်နေရာမှာ အင်အား(၅၀) (၆၀)နဲ့အင်အားဖြည့်ထားတာတွေရှိတယ်။ အဲ့တာအပြင် ကျနော်တို့ရားဖူးကျေးရွာအုပ်စု ဘက်ကသဲချောင်းတို့ သင်္ကန်းညီနောင်တို့ဘက်မှာ အဲ့လိုဒေသတွေဘက်မှာလည်း အင်အားတွေထက်ဖြည့်ထားတယ်။
နောက်ပြီးတော့ ဒီပင်လယ်ပိုင်းနဲ့ နီးတဲ့ ဆင့်ကူးရွာ၊ မင်းသားရွာ၊ ဆင်စွယ်ရွာ၊ စိန်ပုံကျေးရွာ အဲ့ဒီဘက်မှာ လည်း သူတို့အင်အားတွေ အများကြီးထပ်ဖြည့်ထားတယ်။ အင်အား(၂၀၀၀) အထက်မှာ သူတို့ထပ်မံတိုးချဲ့ ပြီးတော့ ချထားတာရှိတယ်။ သူတို့ရဲ့လုပ်ရပ်က သာမန်စစ်ဆင်ရေးမဟုတ်ဘဲ အထူးအရေးကြီးတဲ့ စစ်ဆင်ရေးတစ်ရပ်လို့ ဆောင်ရွက်တယ်။ ဒါကတော့ ကျနော်တို့ နားလည်တာကတော့ ထားဝယ်ရေနက်ဆိပ်ကမ်းကို စစ်ကောင်စီ ဘက်က ခွေးကောင်ကြီးကြီး နဲ့နောက်ပြီးတော့ သူတို့ရဲ့စီးပွားဘက် ရုရှားတွေလာမယ်ဆိုတဲ့ သတင်းတွေကြား ထားရတယ်အဲ့အတွက်သူတို့လုံခြုံရေး ပေးတယ်လို့ ကျနော်တို့ ယူဆတယ်။
မေး။ ။ စစ်ကောင်စီက အင်အားဘယ်လောက်နဲ့ စစ်ကြောင်းထိုးလာသလဲ။ သူတို့ရဲ့ စစ်ရေးပြင်ဆင်မှုက ဘယ်လိုပုံစံလဲ။
ဖြေ။ ။ ဒီရားဖူးရွာနဲ့ အလယ်စခန်းရွာလမ်းမကြီး ရဲ့အရှေ့ဘက်အခြမ်းကို ရန်သူစစ်ခွေး တွေက (၅၀၀)နဲ့ (၆၀၀)ကြားလောက် သူတို့ အင်အားတွေ ပိုက်စိပ်တိုက်တောနင်းရှာ နေတာတွေရှိတယ်။ ရွာတွေကိုလည်း မီးရှို့သွားတာရှိတယ်။ ရွာတွေကိုလည်း လက်နက် ကြီးတွေနဲ့ ပစ်တာတွေလည်းရှိတယ်။ ပြည်သူတွေ မိုးတွင်း ကာလကြီးမှာ ထွက်ပြေးနေရ တာပေါ့နော်၊ အခက်အခဲတွေနဲ့တော်တော်လေး ကြုံနေရတယ်။ သူတို့အခုလို စစ်ဆင်ရေး တွေလုပ်လာတဲ့ အတွက်ကြောင့်။
မေး။ ။ ဒီဘက် တော်လှန်ရေးတပ်ပေါင်းစု ဘက်ကကော ဒါကို ဟန့်တားနိုင်ဖို့ ဘယ်လောက်ထိ ပြင်ဆင်ထားလဲ။
ဖြေ။ ။ ကျနော်တို့မွန်ပြည်တော်လှန်ရေးတပ် MSRFနဲ့ အခြားသော ဒီတပ်ပေါင်းစုအဖွဲ့တွေက ဒီတော်လှန်ရေး အဖွဲ့အစည်းပီပီ ကိုယ့်ရဲ့ ရဲဘော်ရဲဘက် တွေကို မိသားစုအဖွဲ့ဝင်တွေလို သဘောထားတဲ့အတွက်ကြောင့် ဒီမိ သားစုဝင်တွေရဲ့ အသက်အန္တရယ်ဘေးအန္တရယ် ထိခိုက်စေမယ့်တိုက်ပွဲဝင်မှုမျိုးတွေကို ကျနော်တို့အနေနဲ့ ရှောင်ပါတယ်။ ပြီးတော့ သူတို့ဝင်ရောက်လာတဲ့အပေါ်မှာ ကျနော်တို့ ဟန့်တားဖို့ဆိုတဲ့နေရာမှာ ကျနော်တို့ စခန်းတွေလည်း မရှိတဲ့အတွက်ကြောင့် ဟန့်တားတယ်ဆိုတဲ့ အခြေအနေထက် အဆင်ပြေရင်ပြေသလို တိုက်ပွဲတွေ ဖော်ဆောင်သွားမယ်။ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်။
ဒီနေရာမှာ ပြောချင်တာက ရန်သူတွေကတော့ စစ်ကောင်စီတွေကတော့ သူတို့ရဲ့ တပ်သားတွေကို တန်ဖိုး မထားဘူး။ လူတွေကိုတန်ဖိုးမထားတဲ့ အဖွဲ့အစည်းပီပီ သူတို့ရဲ့တပ်သားတွေကို သူတို့ရဲ့လူကြီးတွေ သူတို့ရဲ့ ခွေးအကောင်ကြီးကြီးတွေ အသက်အန္တရာယ်မထိခိုက်ဖို့ လုံခြုံဖို့အတွက် သူတို့စတေးနေအုံးမှာပဲလို့ ကျနော် ပြောချင်တယ်ဗျ။
မေး။ ။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေနဲ့ ထိခိုက်ကျဆုံးမှုအခြေအနေကိုလည်း ပြောပြပေးပါအုံး။
ဖြေ။ ။ တိုက်ပွဲကတော့ နှစ်ကြိမ်ပဲ ဖြစ်ခဲ့တာပေါ့နော်။ ၇ ရက်(ဇွန်လတုန်းက)နေ့ က တစ်ကြိမ်(၁၉) ရက်နေ့ကတော့ ပွဲကြီးပေါ့။ (၈)နာရီ(၇)နာရီဝန်းကျင်လောက်အထိ ကြာခဲ့တဲ့ပွဲတစ်ပွဲ ဒီနှစ်ပွဲကျနော်တို့ ဖြစ်ခဲ့တာပေါ့နော်။ ဒီကြားထဲမှာ ကြိုကြားကြိုကြား လက်နက်ကြီး နဲ့ပစ်တယ်ဒရုန်းနဲ့ တိုက်ခိုက်တာကတော့ နေ့စဉ်ရက်ဆက်လောက်ပါပဲ။ ထိခိုက်မှု ဘက်ကတော့(၇)ရက်နေ့မှာ ရန်သူဘက်က ကျနော်တို့ သိရသလောက် ရန်သူဘက်က (၆)ယောက်ကျတယ်။ နောက်ရားဖူးဘက်ကို ကျနော်တို့ ဒရုန်းစစ်ဆင်ရေးကို လုပ်တဲ့အခါမှာတော့ ဗိုလ်မှူးအဆင့်ရှိသူ အဲ့ဒီစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဒဏ်ရာပြင်း ထန်ရပြီးတော့ နှစ်ရက်အကြာမှာသေသွားတယ်လို့တော့ ကြားတယ်။
(၁၉)ရက်နေ့ တစ်နေကုန်တိုက်ပွဲမှာကျတော့ ရန်သူဘက်က အင်အား(၁၄၀) မှာ(၁၀၀) လောက်ပဲ ရွာထဲ ပြန်ဝင် သွားတယ်လို့ သတင်းကြားတယ်။ အင်အား(၃၀)ပတ်ဝန်းကျင် လောက်သေကြတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ ကျနော်တို့ဘက်ကတော့ ကံကောင်းထောက်မစွာနဲ့ (၄)ယောက်ပဲဒဏ်ရာရတယ်။ ကျနော်တို့မွန်ပြည် တော်လှန်ရေးတပ် MSRFက နှစ်ယောက်၊ ABSDFတောင်ပိုင်းကတစ်ယောက် ကံပေါက်(PDF)က တစ်ယောက် အားလုံးပေါင်း လေးယောက်ကဒဏ်ရာရတယ်။ ဒဏ်ရာရတာကလည်း ရန်သူရဲ့သေနတ်ကိုတက်ပြီးဆွဲတာ အဲ့ဒီအချိန်မှာ သေနတ်ထိမှန် တာဗျ။ နောက်တစ်ယောက်ကတော့ ကျည်စလေးပေါ့နော် မစိုးရိမ်ရတဲ့ ဒဏ်ရာ လေးယောက် ရပါတယ်။ ဖျားနာတဲ့ ရဲဘော်တွေလည်း ရှိတာပေါ့။
မေး။ ။ အခု စစ်ရေးတင်းမာနေတဲ့ ဒေသက လူထုတွေကိုကော တိုက်ပွဲအတွင်း အထိအခိုက်မရှိအောင် ဘယ်လို အသိပေးထားပြင်ဆင်ထားတာမျိုးရှိလဲ။
ဖြေ။ ။ ကျနော်တို့မွန်ပြည်တော်လှန်ရေးတပ်-MSRFနဲ့ ဒီမဟာမိတ်တပ်ပေါင်းစုအားလုံးက သဘောတူညီထားတာ စစ်ရေးပေါ်လစီချမှတ်ထားတာ ရှိတယ်ဗျ။ အဲ့တာကတော့ ပြည်သူနဲ့ဝေးရာမှာ တိုက်ပွဲဖော်ဆောင်ဖို့ ပြည်သူတွေ ထိခိုက်မှုမရှိအောင် ။ အကယ်၍ရှိခဲ့လို့ရှိရင်လည်း အနည်းဆုံးထိခိုက်မှုနည်းအောင်။ ဒီပေါ်လစီလေး ချမှတ်ထားတာ ရှိတဲ့အတွက်ကြောင့် အခုဖြစ်နေတဲ့တိုက်ပွဲမှာ ကျနော်တို့ တိုက်ပွဲ ဖော်ဆောင်လို့ ပြည်သူတွေဒုက္ခဆင်းရဲ တွေ့ကြုံရပြီးတော့ စစ်ဘေးစစ်ဒဏ် ကနေပြီးတော့ ထွက်ပြေးနေရတာတွေက ကျနော်တို့ တိုက်ပွဲဖော်ဆောင် နေလို့မဟုတ်ဘူး။ စစ်ကောင်စီတွေက အရမ်းကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လေယာဉ်ပေါ်ကနေ ဗုံးကြဲတဲ့ဒဏ်ကြောင့် လူတွေက ထွက်ပြေးနေရတာ ဖြစ်တယ်။
အဲ့တော့ ကျနော်တို့အနေနဲ့ပြည်သူတွေကို ပြောချင်တာကတော့ စစ်ကောင်စီကိုတွေ့တာနဲ့အမြန်ဆုံး ရှောင်ရှားကြဖို့ ဖြစ်နိုင်လို့ရှိရင်ကိုယ့်ရဲ့တစ်နိုင်တစ်ပိုင် အရေးကြီးတဲ့ပစ္စည်း လောက်ပဲသယ်ယူသွားကြဖို့ နောက်ပြီးတော့ မိုးတွင်းကာလဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးကျောင်းမှာခေတ္တခိုလှုံ၍သော်လည်းကောင်း၊ ဒါမမဟုတ်နယ်ကြားဘက်ကို ခေတ္တတိမ်းရှောင် ဖို့ပေါ့နော် အခုလိုအချိန်ကာလမှာ မိုးတွင်းကာလမှာ သွားလာရ ခက်တယ်ဆိုတာတော့နားလည်တယ်။ ဒါပေမဲ့ မလွဲမရှောင်သာ ကြုံတွေ့လာရတဲ့အခက်အခဲတွေကို ကျနော်တို့အနေနဲ့ စိတ်တော့မကောင်းဘူး။ သို့သော်လည်း မဖြစ်မနေ စစ်ကောင်စီကိုတော့ ဆက်လက်တိုက်ပွဲ ဝင်သွားမှာဖြစ်တဲ့အတွက်ကြောင့် အရင်ကပြောခဲ့တဲ့ စစ်ကောင်စီနဲ့ ဝေးဝေးနေကြဖို့ အဲ့တာလေးတော့ တိုက်တွန်းလိုတယ်။
ခရီးကိုလည်း မလိုအပ်ဘဲမသွားကြဖို့ ဒါလေးကိုလည်း ထပ်ပြီးတော့ ပြောကြားလိုပါတယ်။ မွန်ပြည် ဖက်ဒရယ်ကောင်စီ MSFC ကလည်း စစ်ပြေး ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့ ဆောင်ရွက်ပေးမှုတွေ ရှိပါတယ်။ အခုလမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မရောက်နိုင်သေးဘူး ။ သူတို့ဘက်ကနေလည်း စစ်ဘေးဒဏ်ကနေ ကင်းလွတ်ရာရှောင်နေတဲ့ပြည်သူတွေကို ကူညီပေးဖို့အခြေခံ အစားအသောက် ပစ္စည်းကအစ ပြင်ဆင်နေတာရှိတယ်အဲ့တာကြောင့် MSFC နဲ့ လည်းဆက်သွယ်နိုင်ပါတယ်လို့ ကျနော်ပြောလိုပါတယ်ခင်ဗျာ။