Home သတင်း ရေး-ထားဝယ်လမ်းပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် နှစ်ဖက်တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားနေ

ရေး-ထားဝယ်လမ်းပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် နှစ်ဖက်တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားနေ

255
Photo- MSRF

ဇူလိုင်လ ၃၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ယခုလ ၂၅ ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားနေကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ပထမအပတ်မှ စတင်ပြီး စစ်ကောင်စီ၏ ကလိန်အောင် အခြေစိုက် စစ်ကောင်စီ ခြေမြန် တပ်ရင်း(ခမရ-၄၀၈)၊ (ခမရ-၄၀၉) နှင့် (ခမရ-၄၁၀)တပ်ဖွဲ့ဝင်များက လမ်းမကြီးကို ရှင်းလင်းသိမ်းပိုက်နိုင်ရန် လက်နက်ကြီးပစ်ခတ်၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ထို့နောက် နှစ်ဖက်စစ်ရေး တင်းမာခဲ့ရာမှ ငြိမ်သက်သွားပြီး ယခုတွင် တဖန်ထိုးစစ်ဆင်လာမှုကြောင့် တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားနေရကြောင်း မွန်ပြည်တော် လှန်ရေးတပ်-MSRF မှ ပြောရေး ဆိုခွင့်ရှိသူနိုင်နဂါး က ပြောသည်။

၎င်းက “အဓိက ကတော့ ဒီလမ်းပိုင်းကနေ ရိက္ခာတွေ စစ်တပ်နဲ့ပတ်သက်တဲ့ လက်နက်ခဲယမ်းတွေကို သယ်ဆောင် နေရတာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် ဒီလမ်းပိုင်းကို ပြန်လည်ရရှိနိုင်ဖို့ လေကြောင်းတွေ လက်နက်ကြီးတွေ ထိုးစစ်ဆင်တာတွေကို လုပ်ဆောင်နေတာဖြစ်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အင်အား(၃၀၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းနှစ် ကြောင်းခွဲကာ ဇူလိုင်လ(၂၉) ရက်နေ့တွင် လိမ္မော်ခြံကျေးရွာအတွင်းသို့ ထပ်မံစစ်ကြောင်း ထိုးဝင်ရောက်လာသောကြောင့် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်အခြေစိုက် အမှတ်(၃၁၇) အမြောက်တပ်မှ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ရေးမြို့နေဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

“လက်နက်ကြီးအသံတွေကတော့ ဆက်တိုက်ကြားနေရတယ်။ ပြီးတော့ အဲ့ဒီဘက်မှာ အမျိုးတွေရှိတယ်။ အခုထိ အဆက်အသွယ် မရသေးဘူး။ တချို့တွေကြတော့လည်း ဘေးလွတ်တဲ့ တောတွေထဲဝင်ပြေးကြရတာ တွေရှိ တယ်။” ဟု ဒေသခံတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် လက်ရှိအချိန်တွင်လည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ် ခတ်မှုများကြောင့် အရပ်သားနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိနေကာ ထိခိုက်သေဆုံးမှု စာရင်းအတိ အကျကို‌ ဖော်ပြနိုင်ခြင်းမရှိသေးကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရေး-ထားဝယ်လမ်းပိုင်းကို ပြီးခဲ့သည့်နှစ်မှစတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုလမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မကြာခဏဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။