Home သတင်း ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် ညောင်လေးပင်ခရိုင်အတွင်း သွားလာရာတွင် မြို့နယ်မှ တိုင်းဝန်ကြီးရုံးအထိ ခွင့်ပြုမိန့်ယူနေရ

ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် ညောင်လေးပင်ခရိုင်အတွင်း သွားလာရာတွင် မြို့နယ်မှ တိုင်းဝန်ကြီးရုံးအထိ ခွင့်ပြုမိန့်ယူနေရ

292
Photo- KNU

ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ရေဘေးသင့်နေရာများသို့ ကူညီကယ်ဆယ်ရေး သွားရောက်လုပ်ဆောင်ရန် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးရုံးမှ ပဲခူးတိုင်းဝန်ကြီးချုပ်ရုံးအထိ အဆင့်ဆင့်ခွင့်ပြုမိန့်တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုမိန့်ပါမှသွားလာခွင့်ရမည်ဟု စစ်ကောင်စီတပ်ဂိတ်များက ပြောဆိုကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)အုပ်ချုပ်နယ်မြေလည်းဖြစ်သော ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ မြစ်ရေကြီးပြီးတောင်ကျရေလျှံကျသဖြင့် ရေဖုံးလွှမ်းမှုဖြစ်ပွားခဲ့ရာ ကျောက်ကြီးမြို့နယ်မှ ကျေးရွာပေါင်း(၄၁)ရွာနှင့် မုန်းမြို့နယ်မှ ကျေးရွာပေါင်း(၅၇)ရွာတို့မှာ ရေဘေးဒုက္ခတွေ့ကြုံနေရသည်ဟု ‌KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် မုန်းမြို့နယ်အတွင်း ကယ်ဆယ်ရေးနှင့်လှူဒါန်းမှုလုပ်ဆောင်ရန် သွားလာရာတွင် စစ်ကောင်စီ၏ မုန်းဒေသအုပ်ချုပ်ရေးမှူးမှတဆင့် ပဲခူးတိုင်းဝန်ကြီးချုပ်ရုံးအထိ အဆင့်ဆင့်ခွင့်ပြုမိန့်တင်ရမည်ဖြစ်ပြီး ခွင့်ပြုလက်မှတ်ပါမှ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟူ၍ စစ်တပ်ဂိတ်များက ပြောဆိုတားဆီးမှုရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “လာလှူမယ်ဆိုရင် လှူလို့ရတယ်။ ဒါပေမဲ့ တိုင်းဒေသ ဝန်ကြီးရဲ့လက်မှတ်လိုတယ်။ အဲဒါရှိရင်တော့ ခွင့်ပြုပေးမယ်လို့ပြောတယ်။ ဒေသအုပ်ချုပ်ရေးမှူးကတဆင့် ပဲခူးတိုင်းဝန်ကြီးချုပ်ရုံးအထိ အဆင့်ဆင့် ခွင့်ပြုမိန့်ရဖို့ အသွားအပြန် ၁၄ ရက်လောက်ကြာနိုင်တယ်။ ရေဘေးဆိုတာ အရေးပေါ်ကယ်ဆယ်ရေး၊ ဒီနေ့ဖြစ်ရင်ဒီနေ့သွားမှရမှာ။ အဲ့လက်မှတ်ရမှဆိုရင် ကျနော်တို့က ကြိုပြီးသိနေရမလို ဖြစ်နေပြီ။” ဟု အဆိုပါတာဝန်ရှိသူက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

အထက်ပါအခြေအနေကြောင့် အရေးပေါ်ကယ်ဆယ်ရေးနှောင့်နှေးရသလို စစ်ကောင်စီအနေဖြင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်သူများအား ချက်ချင်းဝင်ထွက်သွားလာနိုင်ရန် ခွင့်ပြုချက်ပေးရမည်ဖြစ်ကြောင်းလည်း လူမှုကွန်ရက်စာမျက်နှာမှတဆင့် လူထုက ဝေဖန်ပြောဆိုသည်။

Photo- KNU

ထို့အတူ မုန်း၊ ကျောက်ကြီးအပြင် ရွှေကျင်မြို့နယ်ရှိ ကျေးရွာအချို့ ရေဖုံးလွှမ်းလျက်ရှိသည်တွင် ဇူလိုင်လ (၂၅)ရက်နေ့က မုန်းမြို့နယ် မြောင်းဦးကျေးရွာနေ အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ် သေဆုံးခဲ့ရသလို ကျန်နေရာများတွင်လည်း အိုးအိမ်၊ လယ်မြေနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုကြောင့် လူသားချင်းစာနာမှုအကူအညီများလိုအပ်နေကြောင်း ကေအဲန်ယူ၏ထုတ်ပြန်ချက်အရ သိရသည်။

“ဒီနှစ်က စစ်တောင်းမြစ်ရော တောင်ကျရေတွေကြောင့်လည်းပါတယ်။ ရေတော်တော်ကြီးတယ် ။ အနီးအနားရွာတွေ အများကြီး ရေမြှုပ်ကြတယ်။ တချို့ ရေမြှုပ်တာ တဲခေါင်မိုး ပေါ်အထိ တက်နေရတဲ့အနေအထားရှိတယ်။ ရေဘေးသင့်တဲ့ဒေသခံတွေကတော့ လွတ်တဲ့ရွာအနီးပတ်ဝန်းကျင်ကို သွားရှောင်ကြတယ်။ တော်တော်များများ ရှောင်ကြပြီ” ဟု ရေဘေးသင့်အခြေအနေနှင့်ပတ်သက်၍ ကေအဲန်ယူ၏ကျောက်ကြီးမြို့နယ်ပြောခွင့်ရ ပဒိုစောဝါးမူက ပြောသည်။

ကေအဲန်ယူအနေဖြင့် လက်ရှိတွင် ညောင်လေးပင်ခရိုင်အတွင်းသာမက ကျန်ခရိုင်များမှ ရေဘေးသင့်လူထုအား ရွှေ့ပြောင်းကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသော်လည်း စစ်ပွဲဖြစ်ပွားသည့်နေရာများနှင့် စစ်ကောင်စီမှ ပိတ်ဆို့ထားသည့်နေရာများသို့ အကူအညီသွားရောက်ပေးရန်အတွက်မူ အခက်အခဲရှိကြောင်း သိရသည်။

လတ်တလောရေဘေးကြောင့် ကျောက်ကြီးမြို့နယ်တွင် အကူအညီလိုအပ်နေသော ရေဘေးသင့်ပြည်သူ (၂၀,၀၀၀)နီးပါးရှိလာပြီး ကျန်မြို့နယ်မှ ရေဘေးသင့်ပြည်သူအရေအတွက်ကိုလည်း ဆက်လက်ကောက်ခံနေသည်ဟု ဇူလိုင်လ(၂၉)ရက်၊ ယမန်နေ့တွင် ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။