မိုးရာသီနှင့်ကျန်းမာရေး အထူးအလေးပေးပါ
(အယ်ဒီတာ့အာဘော်)
လူတဦးနှင့်တစ်ဦး တွေ့ဆုံနှုတ်ဆက်ရာ၌ အသုံးအများဆုံး စကားလုံးတစ်ခုမှာ “နေကောင်းလား၊ ကျန်းမာလား” ကရင် လို (“အိုဆူအိုခလေး”) ဟူ၍ နှုတ်ဆက်လေ့ရှိသည်။ ထို့အပြင် ကျန်းမာရေးနှင့် ပတ်သက်လာလျင် “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဟူ၍ ပြောစမှတ်အဆို ရှိလေသည်။
လောကီလူသားတို့အတွက် ကျန်းမာရေးသည် လွန်စွာ အရေးပါသည်ကို အားလုံးသိထားပြီးပင် ဖြစ်သည်။ သို့သော် လူ့သဘာဝအရ အလေးထားရန်၊ သတိမူရန်၊ ကြိုတင်ကာကွယ်မှုအပိုင်းတို့တွင် အထူးသဖြင့် ကျန်းမာသန်စွမ်းနေ တတ်သည့် လူငယ်နှင့် လူလတ်ပိုင်းအရွယ်တွင်မူ အများစုက ပေါ့ဆတတ်ကြသည်။
ယခုလို ကူးစက်ရောဂါမျိုးစုံ အဖြစ်များသည့် မိုးတွင်းကာလ၌ အထွေထွေရောဂါများ ဖြစ်တတ်သလို မိုးကောင်းသည့် ဇူလိုင်လအတွင်း ကျေးလက်နှင့် မြို့ပြများ၌ ကူးစက်မြန်ဝမ်းရောဂါ ဖြစ်ပွားခဲ့မှုများရှိနေကြသလို နယ်စပ်ဒေသနှင့် စစ် ရှောင်စခန်းများ၌လည်း တုပ်ကွေး ဖျားနာခြင်းများ ကူးစက်ဖြစ်ပွားလျှက်ရှိသည်။
ယခုနှစ်တွင် ကရင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံး အဆက်မပြတ်စတမ်း မိုးရွာသွန်းမှုများပြားသည့်အတွက် ရေကြီး၊ ရေလျံမှုများ ဖြစ်ပေါ်နေသည့်အပြင် နောက်ဆက်တွဲ ကူးစက်လွယ်ရောဂါများနှင့် အအေးမိ၊ အဖျားရောဂါ ဖြစ်ပွားကာ ကုသမှုများ ဆောင်ရွက်နေကြရသဖြင့် ကျန်းမာရေးကို အထူး ဂရုစိုက်ကြရန် ပြောလိုသည်။
ကျန်းမာရေးနှင့် ပတ်သက်၍ စေ့စေ့တွေးလျင် ဥပမာအားဖြင် မိသားစုတစ်စုတွင် တစ်ဦး နေထိုင်မကောင်းဖြစ်ပါက ကျန်မိသားစုဝင်များထဲမှ အနည်းဆုံးတစ်ဦးက ပြုစုပေးရသည့်သဘောရှိသည်။ ထိုသို့ပြုစုဆောင်ရွက်ပေးရသူမှာလည်း ကူးစက်ခံရမှုများပါ နောက်ဆက်တွဲ ဖြစ်ပွားနိုင်သဖြင့် ယခုလို အစစအရာရာ ခက်ခဲကြပ်တည်းချိန်၊ ဆေးကုသစရိတ်၊ ဆေးဝါးဝယ်ယူမှုများမှာလည်း မြင့်တက်နေပြီး ငွေကြေးကုန်ကျမှု ပိုမိုများပြားစေသည်။
ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောက်သည်ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိကျန်းမာရေးကို လူတိုင်း ကြိုတင် သတိပြု ကာကွယ်ရန်လိုအပ်သည်။ လူတစ်ဦးချင်း ကျန်းမာသန်စွမ်းပြီး ကိုယ်ခံအားကောင်းစေရန်အတွက် အခြေခံ အားဖြင့် အိပ်ရေးပြည့်ဝရန်လိုသည်။ ဆေးပညာရှင်များကမူ လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ၈နာရီအထိ အိပ်ရန် အကြံပြုထားသည်။ ထို့အပြင် အာဟာရပြည့်ဝရန် ဗီတာမင်ကြွယ်ဝသည့် အစားအစာများကို ရာသီဥတုနှင့် ကိုက်ညီစွာ၊ မျှမျှတတ စားသုံးတတ်ကြရမည်ဖြစ်သည်။ အလားတူ သန့်ရှင်းသည့်ရေကို သောက်သုံးရမည်ဖြစ်သလို ယခုကဲ့သို့ မိုးများရေကြီးချိန်တွင် သန့်ရှင်းသောရေကိုသာ ဂရုတစိုက် သောက်သုံးသင့်သည်။
တိုင်းပြည်၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ကြည့်မည်ဆိုလျင် လက်ရှိမြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံး စရိတ်မှာ၂၀၂၃-၂၄ဘဏ္ဍာနှစ်တွင် ကျပ် ၈၁၄ဘီလီယံသာ သုံးစွဲခဲ့သည်ကို တွေ့ရသည်။ ယင်းသည် ကိုဗစ်ကာလ ၂၀၂၀-၂၁ဘဏ္ဍာနှစ်က ကျပ်ငွေ ၁,၄၂၈ဘီလီယံ သုံးစွဲခဲ့မှုနှင့်နှိုင်းယှဉ်လျင် လွန်စွာနည်းသည်ကို တွေ့နိုင်သည်။
မြန်မာနိုင်ငံ၏ မျှော်မှန်းလူ့သက်တမ်းမှာ အနီးစပ်ဆုံး ၂၀၂၁ခုနှစ်စာရင်းအရ ၆၇.၈နှစ်ရှိပြီး အာဆီယံ ၁၀နိုင်ငံတွင် အနိမ့်ဆုံးဖြစ်နေသည်ကိုတွေ့ရသည်။ အဆိုပါ အချက်အလက်များကို ကြည့်ခြင်းအားဖြင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာပြည်သူတို့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ အားနည်းနေသေးသည်။
အာဏာသိမ်း စစ်ကောင်စီလက်ထက် နေရာဒေသအသီးသီးမှ ပြည်သူတို့ အထွေထွေ အကြပ်အတည်းများနှင့် ရင်ဆိုင် နေရချိန် စားဝတ်နေရေး၊ ပညာရေး စသည့်ကဏ္ဍများတွင် အဓိက အာရုံစိုက်နေကြသော်လည်း ကျန်းမာရေးကဏ္ဍကိုပါ အထူး အလေးထားကာ ကြိုတင် ကာကွယ်မှုများ ပြုလုပ်ကြစေချင်ကြောင်း အလေးအနက် တိုက်တွန်းလိုပါသည်။