Home သတင်း ပုလောကုန်းတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းဆုတ်ခွာပြီးနောက် KNDO တပ်ဖွဲ့ နယ်မြေရှင်း လင်းရေးလုပ်ဆောင်နေ

ပုလောကုန်းတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းဆုတ်ခွာပြီးနောက် KNDO တပ်ဖွဲ့ နယ်မြေရှင်း လင်းရေးလုပ်ဆောင်နေ

238
Photo- KNU

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)နယ်မြေ၊ တနင်္သာရီခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇူလိုင်လ(၂၉)ရက်နေ့က စခန်းမှ ဆုတ်ခွာသွားပြီးနောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅)မှတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း KNU ဗဟို၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များပူးပေါင်း၍ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း (၃)နှစ်နီးပါးအကြာ တပ်စွဲထားသော အဆိုပါ ပုလောကုန်းရွာတပ်စခန်းအား KNDO ဘက်မှ ရိက္ခာနှင့်ဆက်သွယ်ရေးဖြတ်တောက်ခြင်း၊ မကြာခဏပစ်ခတ်တိုက်ခိုက်ခြင်း တို့ လုပ်ဆောင်သဖြင့် စခန်းဆုတ်ခွာသွားခြင်းဖြစ်သည်ဟုလည်း KNDO ဘက်က ပြောသည်။

“ကျနော်တို့ဘက်က ရိက္ခာဖြတ်၊ဆက်သွယ်ရေးဖြတ်တဲ့အပြင် မကြာခဏမိုင်းနဲ့ကစားတယ် ။ ပစ်ခတ်မှုတွေလည်းရှိတယ်ရှိတဲ့အခါကျတော့ သူတို့လည်းနေမရဲတာလည်းပါတယ်။ ပုလောကုန်းကိုဝင်ပေါက် ထွက်ပေါက် မရှိအောင် ကျနော်တို့ပိတ်ဆို့ထားတော့ လက်ရှိသူတို့နေရာယူထားတဲ့နေရာတွေကနေ ပြန်ဆုတ်သွားတာ”ဟု KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅)မှ တာဝန်ရှိသူတစ်ဦး ကေအိုင်စီသို့‌‌ ပြောသည်။

ပုလောကုန်းစခန်းမှစွန့်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတပ်စခန်းနှင့်ကိုက် (၁,၀၀၀) ထောင်သာ ကွာဝေးသော တမိုင်တောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသို့ ဆုတ်ခွာသွားခြင်းဖြစ်ပြီး KNDO ဘက်မှ ပုလော ကုန်းစခန်းအား နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် လက်နက်ခဲယမ်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU နှင့် KNDO ထံမှ သိရသည်။

Photo- KNU

ပုလောကုန်းကျေးရွာတွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စတင်တပ်စွဲနေထိုင်သည့်ကာလမှစ၍ ထိုဒေသအတွင်း လက်နက်ကြီးပစ်ခတ်တိုက်ခတ်ခြင်း၊ လူထုထံမှ မတရားသဖြင့်ငွေကြေးကောက်ခံခြင်းတို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သည်ဟု သံသယရှိဒေသခံများအား ဖမ်းဆီးခြင်း၊ နေအိမ်သိမ်းယူခြင်းတို့ လုပ်ဆောင်သဖြင့် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။

၎င်းတို့တပ်စခန်းမှဆုတ်ခွာပြီးနောက်တွင်လည်း တပ်စခန်းပတ်ဝန်းကျင်နှင့်ပုလောကုန်းကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် စစ်တပ်ဂိတ်များအနီး မိုင်းအလုံးရေ(၁၀၀)ကျော် ထောင်ထားသဖြင့် KNDO ဘက်မှ ရှင်းလင်းရေးလုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

ဖော်ပြပါ တပ်ခွဲ(၅)၏ တာဝန်ရှိသူက ဆက်လက်၍ “လက်ကျန်မိုင်း အလုံးတစ်ရာကျော် လောက်ထောင်ထားတာရှိတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဂိတ်စခန်း ပတ်ပတ်လည်ပေါ့ ၊ မနက်ကရှင်းတာတော့ ၁၄ မိုင်း တစ်လုံးရတယ်။ လက်ရှိကတော့ ပြည်သူနေလို့မရသေးဘူး လက်နက်ကြီးရော လေကြောင်းအန္တရာယ်ရောရှိနေတယ်” ဟု ဖြည့်စွက်ပြောသည်။

အိမ်ခြေ ၈၀၀ ဝန်းကျင်ရှိ ပုလောကုန်းဒေသခံလူထုမှာ တိုက်ပွဲမကြာခဏဖြစ်ပွားခြင်းနှင့် စစ်ကောင်စီ၊ ပြည်သူ့ စစ်များ၏ အကြမ်းဖက်ခြိမ်းခြောက်မှု ခံရသဖြင့် နေရပ်စွန့်ခွာထွက်ပြေးသွားကြပြီဖြစ်ကြောင်းလည်း ထိုဒေသသတင်းအရင်းအမြစ်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်နေ့ကလည်း တနင်္သာရီမြစ်ဘေးရှိ ကျောက်လုံးကြီးတပ်စခန်းမှ စစ်ကောင်စီတပ်များ စခန်းမှဆုတ်ခွာ၍ ပုလောမြို့ရှိ၎င်းတို့တပ်စခန်းသို့ ပူးပေါင်းသွားသော်လည်း ဇွန်လ(၁၉)ရက်နေ့ကတည်းက ကျောက်လုံးကြီးစခန်းကိုပြန်လည်ရရှိရန် စစ်ကြောင်းထိုးလာသဖြင့် ထိုလမ်းကြောင်းတစ်လျှောက်တွင် KNDO ပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။