ဇူလိုင်လ ၃၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၂)ရွာမှ ဒေသခံများအနေဖြင့် စစ်ဘေးဒုက္ခအပြင် ရေဘေးဒုက္ခကိုပါ ကြုံတွေ့နေကြရကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ၂၅ရက်နေ့မှ စတင်ပြီး မိုးဆက်တိုက်ရွာသွန်း၍ တနင်္သာရီ မြစ်ရေသည် စိုးရိမ်ရေအမှတ် (၁၇)ပေသို့ ကျော်လွန်ခဲ့သောကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာတောင်ပေါ် နေရာများသို့ ရှောင်တိမ်းနေကြရကြောင်း တနင်္သာရီမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။
“အန္တရာယ်ရေမှတ်အထိကို ရေကတက်လာပြီး။ (၂၄)ပေအထိကို တက်လာတယ်။ နောက်ပြီးတော့ ကားလမ်းမတွေလည်း ရေမြှုပ်ကုန်ပြီး။ ရွာတွေဘက်မှာကလည်း စစ်ကြောင်းက ထိုးနေတာတွေရှိနေသေးတော့ ရေဘေးရော စစ်ဘေးရော နှစ်ခုစလုံး ကြုံတွေ့နေရတဲ့ သဘောမှာ ရှိနေတယ်။” ဟု ထိုဒေသခံက ကေအိုင်စီ သို့ပြောသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ပဝရွာ၊ အရှေ့မော်တုန်းရွာ၊ မြေမအုံရွာ၊ ညောင်ပင်ကွင်းရွာ၊ ဘန်းသဲရွာ၊ တနင်္သာရီရွာ၊ လယ်သစ်ရွာ၊ သာရဖုံရွာ၊ တကူရွာ နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံတစ် သောင်းကျော်မှာ လက်ရှိတွင် ရေဘေးဒုက္ခကို ကြုံတွေ့နေရပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်ချက်ရှိကြောင်း တနင်္သာရီမြို့ အခြေစိုက် စစ်ဘေးရှောင်အနီးကပ်ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “အရေးပေါ်ကူညီ ကယ်ဆယ်ရေးတွေက တော်တော်လေးကိုလိုအပ်နေတယ်။ နောက်ပြီးတော့ ရေ ဘေးရော စစ်ဘေးရောရှောင်နေရတဲ့သူတွေက မြင့်တဲ့နေရာတွေမှာ ရှောင်နေရတော့ အင်တာ နက်လိုင်း ပြတ်တောင်တဲ့ အပြင်ကိုမှ စားနပ်ရိက္ခာနဲ့ သောက်ရေသန့်ရဖို့ ခက်ခဲနေတယ်။ မနှစ်က ထက်ပိုဆိုးတယ်၊ ဒီနှစ်ရေကြီးတာက။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် မြိတ်-တနင်္သာရီလမ်းပိုင်းတွင် သွားလာနေကြသူများ အနေဖြင့် သွားလာရေး အခက်အခဲ ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျွန်းစုဒေသ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀၀)ခန့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာ (၇)ရွာမှ ထောင်နှင့် ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ တနင်္သာရီမြို့နယ် အခြေစိုက်စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၂၆၁)ကလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စစ်ဘေးရှောင် အနီးကပ်ကူညီသူများက ပြောသည်။