ဇူလိုင် ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာရေတံခွန်၌ အမျိုးသမီးငယ်တစ်ဦး ဇူလိုင် ၂၁ ရက်၊ မွန်းလွဲ ၂ နာရီ ဝန်းကျင် အချိန်တွင် ချော်ကျကာကျောက်တုံးနှစ်ခုကြား ညှပ်မိ၍ သေဆုံးမှုဖြစ်ပွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်အား ယနေ့နံနက် ပိုင်းတွင် ပြန်ဆယ်ယူနိုင်ခဲ့ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
အဆိုပါ အမျိုးသမီးငယ်မှာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ ဆင်ရွာရေတံခွန်သို့ လာရောက်လည်ပတ်နေစဉ် ရေစီးသန် ချိန် မတော်တဆခြေချော်ကျကာ ကျောက်တုံး နှစ်တုံးကြား ညှပ်မိသေဆုံးသွားခြင်းဖြစ်သည်ဟု ရာမညလူမှု ကယ်ဆယ်ရေးဖွဲ့တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“ညှပ်တာက မနေ့ကတည်းက ဒီရေတံခွန်ကို လာပြီးလည်ပတ်တဲ့ သူတွေကလည်း များတယ်။ မိုးတွင်းဆိုတော့ ရေစီးကလည်း တအားသန်တယ်။ လည်တဲ့သူတွေများတော့ တိုးနေကြရင်း ခြေချော်ကြပြီး ပြုတ်ကျသွားတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ကယ်ဆယ်ပြီးပြီးခြင်းမှာပဲ သေဆုံးသူရဲ့မိဘတွေလာပြီး Dead Body ကိုလာယူ သွားပြီး” ဟု ကေအိုင်စီသို့ ပြောသည်။
လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကယ်ဆယ်သည့်အချိန်တွင် ရေစီးသန်နေသည့်အတွက် ကယ်ဆယ်၍မရ သောကြောင့် ယနေ့နံနက်အစောပိုင်းတွင် ကျေးရွာအနီးရှိ လူအင်အားဖြင့်ကယ်ဆယ် နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန် ၈ ရက်နံနက်ခင်း အချိန်တွင် ဆင်ရွာရေတံခွန်သို့ အပန်းဖြေလာရောက် ရေကစားသူ အမျိုးသားသုံးဦး ရေစီးဖြင့်မျောပါခဲ့ပြီး တစ်ဦး၏ ရုပ်အလောင်းကိုသာ ပြန်လည်ရရှိခဲ့ကာ နှစ်ဦး ပျောက်ဆုံးခဲ့မှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
အဆိုပါဆင်ရွာ ရေတံခွန်သည် ပေါင်မြို့နယ် နတ်ကြီးချောင်း၏ အနီးတစ်ဝိုက်တွင် တည်ရှိပြီး မော်လမြိုင်မြို့နှင့် ၃၀ ကီလိုမီတာသာ ကွာဝေးသည်။ ရေတံခွန်သို့ ယခုနှစ်မိုးရာသီတွင် နယ်မြေခံများနှင့် အခြားသောအရပ်ဒေသမှ လာရောက်လည်ပတ်သူများ ပိုမိုများပြားလာကြောင်း သိရသည်။