Home ဆောင်းပါး (စကစ) စစ်အုပ်စု ထွက်နိုင်တဲ့ ထွက်ပေါက်တစ်ခု

(စကစ) စစ်အုပ်စု ထွက်နိုင်တဲ့ ထွက်ပေါက်တစ်ခု

1602
Photo: Crd.

(စကစ) စစ်အုပ်စု ထွက်နိုင်တဲ့ ထွက်ပေါက်တစ်ခု

မောင်ကျော်စွာ

(၂၂ – ၇ – ၂၀၂၄)

ဇူလိုင် ၁၈ရက် နေ့စွဲနဲ့ “ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူ” နေရကြောင်း (စကစ)စစ်အုပ်စု၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်တဲ့သတင်းကို ဇူလိုင် ၁၉ရက်နေ့ သတင်းစာတွေမှာ ဖော်ပြ လာပါတယ်။

ဒီသတင်းအပေါ် လူအများစုရဲ့ သဘောထားအမြင်နဲ့ ထင်မြင်ယူချက်တွေထဲမှာ အောက်ပါအချက် ၂ချက်က တော့ တိုင်ပင်ထားစရာမလိုဘဲ တူညီနေတာကို တွေ့ရပါတယ်။

ပထမအချက်က “ယာယီသမ္မတဦးမြင့်ဆွေ”ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်သူကမှ အလေးထားပြီး ပြောဆိုကြတာ မရှိတဲ့အချက်ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ (စကစ)စစ်အုပ်စုက ဘယ်လိုညစ်ပတ်တဲ့ အကြံ ယုတ်နဲ့ ခြေလှမ်းတွေထုတ်လာမှာလဲ ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

အကျပ်အတည်းပေါင်းစုံဆိုက်ပြီး မရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့၊ ထွက်ပေါက်ပိတ်နေတဲ့ (စကစ)စစ်အုပ်စုရဲ့ အနေအထားကို အများပြည်သူက အတိုင်းသား မြင်နေကြရတာဖြစ်ပါတယ်။ ဒီတော့ အဲဒီလို ကြည့်မြင်စဉ်းစား သုံးသပ် ဝေဖန်နေကြတာဟာ ဘာမှ မဆန်းကျယ်တော့ပါဘူး။

ဒီနေ့တွေ့ကြုံတွေ့နေရတဲ့ အကျပ်အတည်းပေါင်းစုံ၊ အခက်အခဲပေါင်းစုံ၊ ပြဿနာပေါင်းစုံကို ဖန်တီးသူ၊ ပင့်ဖိတ်ခေါ်ယူလာသူဟာ တခြားဘယ်သူမှ မဟုတ်ဘဲ (စကစ) စစ်အုပ်စုကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

(စကစ)စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ညှိုးထိုး အပြစ်ပုံချလိုက်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)ကို လက်ညှိုးထိုးအပြစ်ပုံချလိုက်၊ (NCA) စာချုပ်လက်မှတ်ထိုးထားတဲ့/ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်း သားအဖွဲ့အစည်းတွေ (EAOs)တွေကို လက်ညှိုးထိုးအပြစ်ပုံချလိုက်၊ ပြည်ပနိုင်ငံကြီးတွေကို လက်ညှိုး အပြစ်ပုံချလိုက်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို လက်ညှိုးထိုးအပြစ်ပုံချလိုက်နဲ့ နောက်ဆုံးတော့ တစ်ရွာလုံးနဲ့ တစ်ယောက်၊ တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ကန့်လန့်တိုက်နေတဲ့ အဓိကတရားခံဟာ (စကစ)စစ်အုပ်စုကိုယ်တိုင်ပဲ ဖြစ်တယ်ဆိုတဲ့အချက်ဟာ သူ့လုပ်ရပ်တွေကပဲ ဗြောင်ဝန်ခံနေပါတော့တယ်။

“အရင်းစစ် အမြစ်မြေက” ဆိုတဲ့စကားလို မိမိတာဝန်ရှိမှုကို ဘေးချိတ်ပြီး သူတပါးအပြစ်ကို တစ်ဖက်သတ် ပုံကြီးချဲ့ လက်ညှိုးထိုး အပြစ်ရှာနေတဲ့ (စကစ)စစ်အုပ်စုရဲ့ စရိုက်သဘာဝဟာ သူတို့အမွေဆက်ခံခဲ့ကြတဲ့ သူတို့ရှေ့က တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ)စတဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့ ဘမျိုးဘိုးတူ သန္ဓေပါဗီဇပဲဖြစ်ပါ တယ်။

အခုတော့ သူတို့ (စကစ)စစ်အုပ်စု အချင်းချင်းအကြားမှာ သူ့ကြောင့်/ငါ့ကြောင့် လက်ညှိုးထိုး အပြစ်ရှာပြီး ဖြတ်ကြထုတ်ကြရတော့မယ့် အနေအထားကို တစတစ ရောက်ရှိလာနေပြီလို့ ထင်မြင်ယူဆရပါတယ်။ တခြားမကြည့် ပါနဲ့ “သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့်ပေးနိုင်သည်” ဆိုတဲ့ကိစ္စကိုပဲကြည့်ပါ။ အခု ဘယ်နှစ်ကြိမ် တိုးခဲ့ကြရပြီလဲ။ “ခြောက်လ တစ်ခါသက်တမ်းတိုးလိုက်တိုင်း” မူလ ရင်ဆိုင်နေရတဲ့ (ပြဿနာ မဖြေရှင်း နိုင် အပြီးမသတ်နိုင်တဲ့အပြင်) ပြဿနာတွေဟာ ၆ဆမက တိုးလာပြီး အခြားပြဿနာသစ်တွေကလည်း အမြွှာကလေး မွေးသလို ၂ဆ ၃ဆတိုးကာ ပေါ်ပေါက်လာနေတယ် မဟုတ်ပါလား။

(CDM) နဲ့ (CRPH/NUG/PDF) တို့ဆိုတာ “မဲမသမာမှု” ဆိုတဲ့ လုပ်ကြံချဲ့ကားထားတဲ့ အကြောင်းပြချက်နဲ့ (စကစ)စစ်အုပ်စုက အာဏာသိမ်းပိုက်လိုက်လို့ ပေါ်ပေါက်လာရတဲ့ အကျိုးဆက်တွေပါ။ အဲဒီလိုသာ အာဏာမသိမ်းခဲ့ ရင် ဒီကိစ္စတွေပေါ်ထွက်လာစရာ ဘာအကြောင်းမှ မရှိပါဘူး။

အခုတော့ မန္တလေးကလည်းလှုပ်လှုပ်၊ မေမြို့ကလည်းလှုပ်လှုပ်၊ မိုးကုတ်ကလည်းလှုပ်လှုပ်၊ မတ္တရာအရှေ့ ဘက်မှာလည်းလှုပ်လှုပ်၊ လားရှိုးကလည်းလှုပ်လှုပ်၊ နောင်ချိုကလည်းလှုပ်လှုပ်၊ သံတွဲကလည်းလှုပ်လှုပ်၊ ငပလီက လည်းလှုပ်လှုပ်၊ လွိုင်ကော်လည်းလှုပ်လှုပ်၊ မြဝတီကလည်းလှုပ်လှုပ်၊ နေပြည်တော်နားကပ်နေတဲ့ အေလာမှာလည်း လှုပ်နေတော့ တစ်ပြည်လုံးမှာ စိတ်ချလက်ချ အေးချမ်းတည်ငြိမ်တဲ့နေရာက ဘယ်နေရာလဲလို့ မေးရင် ဘယ်လိုဖြေကြ ပြောကြမလဲ။

ဒါ့အပြင် ဆန်ကြောင့်လှုပ်၊ ဘဏ်ကြောင့်လှုပ် အခုနောက်ဆုံး ကာလဝမ်းရောဂါကြောင့် လှုပ်နေပြန်တယ်။ (စကစ)စစ်အုပ်စုရဲ့ အကျပ်အတည်းဆိုက်ပုံက “ကာလဝမ်းရောဂါ”လို့ အမည်မတပ်ဝံ့ဘဲ “ပြင်းထန်ဝမ်းပျက် ဝမ်းလျှော ရောဂါ” လို့ ကိုယ့်ဟာကိုယ်ပြန်ပြီး လှည့်စားလိမ်ညာနေပြန်တယ်။

အခုတော့ (စကစ)စစ်အုပ်စုဟာ အခုလို အော်ဟစ်ငိုခြင်းချနေရပါပြီ။ ကြိုတင် နှပ်ကြောင်းပေးနေပါပြီ။ အာဘော် ဖန်တီးနေပါပြီ။
– “ရွေးကောက်ပွဲသာဖြစ်မလာရင် နိုင်ငံအခြေအနေဟာ ယခုထက်ပိုမို ဆိုးရွားသွားနိုင်ခြေရှိတာကို ပညာရှိသူတိုင်း မြင်နိုင်ပါတယ်။ ပြည်သူတွေဘက်သာ အဖျက်သမားတွေရဲ့ အပြောနဲ့လုပ်ရပ်အပေါ်မှာ တွေဝေမသွားဘဲ ရွေးကောက်ပွဲ ကသာ ငါတို့မျှော်လင့်ချက်၊ ငါတို့မျိုးဆက်တွေရဲ့ အနာဂတ်၊ နိုင်ငံအတွက် ထွက်ပေါက်တစ်ခုအဖြစ် ယုံကြည်ကြစေလို ပါတယ်”။

– “လုံးဝအတွက် မှားလို့မရတဲ့အခြေအနေမှာ တပ်မတော်ကတော့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို လုပ်နိုင်မယ့်ဒေသ၊ လုပ်နိုင်မယ့် အခြေအနေတွေအောက်မှာ လုပ်ပေးဖို့ တိကျ သေချာတဲ့တာဝန်ယူမှု၊ တာဝန်ခံမှုပါတဲ့ ကတိစကားကို ပေးခဲ့ပါပြီ။ ယခင်က အကြားအလပ်မရှိ၊ ယခုအခြေအနေမှာတော့ လုပ်နိုင်မယ့်ဒေသ အခြေအနေပေါ် မူတည်ပြီး အပိုင်းလိုက်ခွဲလုပ်သွားမယ့်သဘော ဖြစ်ပါတယ်”

– “လုံခြုံရေးအရ လူထုနဲ့တိုက်ရိုက်ထိတွေ့ခွင့်မရတဲ့ ကင်ပိန်းနေရာမှာ လူထုကို အွန်လိုင်းကတဆင့် ထိတွေ့နေရတာမျိုး၊ မီဒီယာပလက်ဖောင်းကနေ ဆက်ဆံရခြင်းမျိုးတွေကို ထိထိရောက်ရောက် လုပ်နိုင်အောင် ကြိုတင်စဉ်းစားထားရမှာ ဖြစ်ပါတယ်။ ဒါကလည်း ရွေးကောက်ပွဲကို မလိုလား၊ ဒီမိုကရေစီ ကျောခိုင်းနေကြတဲ့ အကြမ်းဖက်သမားတွေကြောင့်ပဲ ဖြစ်ပါတယ်”

– “တပ်မတော်ဟာ ပြည်တွင်းလက်နက်ကိုင်အဖျက်သမားများစွာရဲ့ စစ်ရေးထိုးနှက်ချက်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း တစ်ဖက်ပြည်သူတွေ တိုင်းရင်းသားတွေလိုချင်တဲ့ ရွေးကောက်ပွဲ၊ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူမှုစီးပွားဘဝ လိုလားချက် တွေကို ဖြည့်ဆည်းနိုင်ဖို့ အပြင်းအထန် ကြိုးစားနေရပါတယ်”

အထက်မှာ မူရင်းအတိုင်း ကောက်နုတ်ပြထားတဲ့ အချက် ၄ချက်ထဲကနေ အထင်အရှား တွေ့နိုင်၊ မြင်နိုင်၊ သဘော ပေါက်နိုင်တဲ့အချက် ၄ချက်ကတော့ (စကစ)စစ်အုပ်စုအနေနဲ့ မရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ သူ့အထုပ်ကို သူဖြည်ပြနေ တယ်။
– ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့လုပ်မယ်။
– ပြည်သူတွေကို မယုံကြည်ဘူး။ မယုံရဲဘူး။
– ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေရဲ့ အင်အားနဲ့စွမ်းအားကို စိုးရိမ်ထိတ်လန့်နေတယ်။
ဆိုတာပါပဲ။

တစ်ချက်ချင်း ဆန်းစစ်ဝေဖန်ကြည့်ကြရအောင်။
“နိုင်ငံအခြေအနေဟာ ယခုထက်ပိုမို ဆိုးရွားသွားနိုင်ခြေရှိတာကို” (စကစ)စစ်အုပ်စုက အာဏာမသိမ်းခင်က ပညာမရှိကြလို့ ကြိုတင်ပြီး မမြင်နိုင်ခဲ့ကြဘူးပေါ့။ ဒါမှမဟုတ် ဗိုလ်မင်းအောင်လှိုင်မှာ သမ္မတဖြစ်ချင်တဲ့ အတ္တလောဘ အမိုက်မှောင်ဖုံးပြီး အာဏာမာန်ယစ်သွားလို့ အာဏာသိမ်းလိုက်တာလား။

“ရွေးကောက်ပွဲကသာ ငါတို့မျှော်လင့်ချက်၊ ငါတို့မျိုးဆက်တွေရဲ့ အနာဂတ်၊ နိုင်ငံအတွက် ထွက်ပေါက်” ဆိုရင် ရွေးကောက်ပွဲတွေ အခါခါလုပ်ပြီး ပြည်သူ့ဆန္ဒဖြစ်တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ဖျက်သိမ်းပစ်ခဲ့တာ (နဝတ-နအဖ)နဲ့ (စကစ)စစ်အုပ်စုပဲ မဟုတ်ပါလား။
“ငါတို့မျှော်လင့်ချက်၊ ငါတို့မျိုးဆက်တွေရဲ့ အနာဂတ်၊ နိုင်ငံအတွက် ထွက်ပေါက်”တဲ့လား။ အဲဒီမျှော်လင့်ချက် ကို ခြေနဲ့ဖျက်ခဲ့တာ စစ်အုပ်စုအဆက်ဆက်ပဲ ဖြစ်တယ်။ မျိုးဆက်အသီးသီးရဲ့ အနာဂတ်တွေကို အကြိမ်ကြိမ် ဖျက်ဆီး ပစ်ခဲ့တာလည်း စစ်အုပ်စုအဆက်ဆက်ပဲ ဖြစ်တယ်။ (စကစ)စစ်အုပ်စုကတော့ ဒိုင်းဝန်ထက်ကဲပြီး အဓမ္မ စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းကာ လူငယ်မျိုးဆက်တွေကို သေတွင်းထဲ တွန်းပို့နေတယ် မဟုတ်ပါလား။

ရွေးကောက်ပွဲကို အရင်လို တစ်နေ့ထဲ တစ်ရက်ထဲ၊ တစ်ပြိုင်နက်ထဲ အကြားအလပ်မရှိ ကျင်းပဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ (စကစ)စစ်အုပ်စုက ဝန်ခံနေရပါပြီ၊ အပိုင်းလိုက်ခွဲပြီး လုပ်သွားရပါတော့မယ်တဲ့။ (စကစ)စစ်အုပ် စုရဲ့ အခက်အခဲဟာ သိပ်ကိုကြီးမားတာကို ဖော်ပြနေပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ “မဲဆွယ်စည်းရုံးရေးခွင့်”လို့ မရေးဝံ့ဘူး။ “လူထုကဲန်ပိန်း” တဲ့။ ပြီးတော့ “လူထုကို အွန်လိုင်းကတဆင့် ထိတွေ့နေရတာမျိုး၊ မီဒီယာပလက်ဖောင်းကနေဆက်ဆံရခြင်းမျိုး” တဲ့။ လျှပ်စစ်မီး မှန်မှန်မရတဲ့ မလာတဲ့ တိုင်းပြည်မှာ၊ အင်တာနက်အမြန်နှုန်းတွေ ကန့်သတ်ထားတဲ့ တိုင်းပြည်မှာ ဆိုရှယ်မီဒီယာမျိုးစုံ (ဖေ့စ်ဘွတ်၊ အိတ်က်စ်၊ အင်စတာဂရမ်၊တယ်လီဂရမ်၊ ယူကျု စသဖြင့်)ကို ရန်သူသဖွယ်ထိုးနှက်၊ ပိတ်ပင်၊ ကန့်သတ်နေတဲ့ တိုင်းပြည်မှာ အွန်လိုင်းကနေ ဆိုရှယ်မီဒီယာပလက်ဖောင်းကနေ ဘယ်လိုထိတွေဆက်ဆံကြမလဲ။ (စကစ)စစ်အုပ်စု အနေနဲ့ (ဟုတ်ဟုတ်/မဟုတ်ဟုတ်) အဖြေတစ်ခုခု ပေးကြည့်စမ်းပါ။ ရေရေရာရာ ဖြေစရာ အဖြေမရှိဘူး မဟုတ်လား။

“ရွေးကောက်ပွဲကို မလိုလား ဒီမိုကရေစီ ကျောခိုင်းနေကြတဲ့ အကြမ်းဖက်သမားတွေကြောင့်” တဲ့။ တကယ် တော့ “ရွေးကောက်ပွဲရလဒ် (သို့မဟုတ်) ဒီမိုကရေစီရလဒ်” ဆိုတာ ပြည်သူတွေရဲ့ တခဲနက်ဆန္ဒပဲ ဖြစ်ပါတယ်။ အဲဒီလို ပေါ်ထွက်လာတဲ့ ရလဒ်တွေကို မလိုလားတာ၊ မလေးစားတာ၊ မလိုက်နာတာ၊ ဆန့်ကျင်တာ၊ အသိအမှတ်ပြုဘဲ ဖျက်ဆီးပစ်တဲ့ကျောခိုင်းပြီး အကြမ်းဖက်လုပ်ရပ်တွေကို မိုက်မိုက်ကန်းကန်း လုပ်ကြတဲ့သူတွေဟာ ခေတ်အဆက် ဆက် အုပ်စိုးခဲ့ကြတဲ့ (တော်လှန်ရေးကောင်စီ – နဝတ – နအဖ – စကစ) အစရှိတဲ့ စစ်အုပ်စု အဆက်ဆက်ပဲ မဟုတ်ပါ လား။

အကျပ်အတည်းတွေ အခက်အခဲတွေ ရေလိုမီးလို ပတ်လည်ဝိုင်းချိန်မှာ ကောက်ရိုးတစ်မျှင်လို ဆွဲထားကိုင် ထားရတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးက နေ့လား/ ညလား၊ အခုလား/တော်ကြာနေလား ဖြစ်လာပြီဆို တော့ (စကစ)စစ်အုပ်စုအတွက် “သောင်ပြင်လွှတ်တဲ့ ဟိုအကောင်လို” ကူရာမဲ့ ကယ်ရာမဲ့ တွယ်ရာမဲ့ဘဝ ရောက်သွား တာပေါ့။ ဒီတော့ ညစ်ပတ်ကောက်ကျစ်တဲ့ အကြံယုတ်တွေကို ညှစ်ထုတ်ကြရတော့မှာပေါ့။

တကယ်တော့ ဦးမြင့်ဆွေကို “ယာယီသမ္မတ” ဆိုပြီး အသုံးချရတာကပဲ စစ်အုပ်စုရဲ့ နိုင်ငံရေး ခံကတုတ်ဖြစ်တဲ့ “၂၀၀၈ အခြေခံဥပဒေ”ကို ထိန်းသိမ်းကာကွယ်တာပါ။ (စကစ) စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကို ဖုံးကွယ်လှည့်စားဖို့ သာ ဖြစ်ပါတယ်။ “ယာယီသမ္မတ”ဆိုတဲ့ စကားလုံးဟာ ၂၀၀၈ အခြေခံဥပဒေ၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အခန်းမှာရှိတဲ့ (ပုဒ်မ ၄၁၀ ကနေ ၄၃၂ ထိ) ပုဒ်မတွေမှာ တစ်လုံးတစ်ပါဒမျှ မပါရှိပါဘူး။ (စကစ) စစ်အုပ်စု အာဏာမသိမ်းမီက ဦးမြင့်ဆွေရဲ့အဆင့်နေရာဟာ “ဒုတိယသမ္မတ” နှစ်ဦးရှိတဲ့အနက် တစ်ဦးသာလျှင် ဖြစ်ပါ တယ်။ နိုင်ငံတော်သမ္မတက ဦးဝင်းမြင့်ဖြစ်ပါတယ်။

ဒါကြောင့် စစ်အုပ်စုက စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ ရှုထောင့်ကပဲ ကြည့်ရင်တောင် ဗိုလ်မင်းအောင်လှိုင်ဦးစီးတဲ့ (စကစ)စစ်အုပ်စုရဲ့အာဏာသိမ်းပိုက်မှုနဲ့ အဲဒီနောက်ဆက်တွဲ လုပ်ဆောင် နေမှု အားလုံးဟာ ၂၀၀၈ အခြေခံဥပဒေကို ဖောက်ဖျက်ကျော်လွန်နေတဲ့ လုပ်ဆောင်ချက်တွေသာ ဖြစ်နေပါတယ်။ အရင်းစစ်လိုက်ရင် (စကစ)စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုနဲ့ နောက်ဆက်တွဲလုပ်ရပ်တွေကပဲ ၂၀၀၈ အခြေခံဥပဒေကို ကာယကံမြောက် ဖျက်ဆီးပစ်လိုက်တာပါ။ ဘယ်သူကမှ ဖျက်ဆီးပစ်တာ မဟုတ်ပါဘူး။

ဒီလိုအနေအထားတွေအောက်မှာ (စကစ)စစ်အုပ်စုက လွှမ်းမိုးချုပ်ကိုင်ထားတဲ့ စစ်တပ်တွင်းမှာ ကာချုပ် (ရေ) အပါအဝင် တိုင်းမှူးတချို့ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ ဇူလိုင်လဆန်းစက ဒုကာချုပ် ဗိုလ်စိုးဝင်းတို့ ခရီးစဉ်တွေကိုပါ (စကစ)စစ်အုပ်စုရဲ့ လက်ရှိအနေအထားနဲ့ ဆက်စပ်သုံးသပ်ပြီး ထင်မြင်ယူဆချက်တွေ၊ ထင်ကြေးပေးမှုတွေ အမျိုးမျိုးအဖုံဖုံထွက်ပေါ်လို့လာနေပါတယ်။

ရွေးကောက်ပွဲလုပ်မယ့်ကိစ္စ မပြောနဲ့အုံး။ ရွေးကောက်ပွဲအရင်ပြုလုပ်ရမယ့် တစ်ပြည်လုံးလွှမ်းခြုံတဲ့ သန်းခေါင် စာရင်း ကောက်ယူဖို့ကိစ္စတောင် ဘယ်လိုမှ မလွယ်ကူနိုင်တာ၊ မဖြစ်နိုင်တာကို အားလုံးက သိမြင်နေကြပါပြီ။ ဒါ့ကြောင့် “အထွေထွေရွေးကောက်ပွဲ” ဆိုတဲ့ (စကစ)စစ်အုပ်စုရဲ့ အန္တိမရည်မှန်းချက် (ဝါ) ထွက်ပေါက်ဟာ လုံးဝနီးပါး ပိတ်ဆို့နေပါပြီ။ သို့သော်လည်း (စကစ)စစ်အုပ်စုကတော့ “အထွေထွေရွေးကောက်ပွဲ” ဟာ သူတို့အတွက် ထွက်ပေါက် မဟုတ်ဘူးလို့ မျက်စိစုံမှိတ်ပြီး ငြင်းနေဆဲဖြစ်တယ်။
ဒီနေရာမှာ ကျနော့် သုံးသပ်ထင်မြင်ယူဆချက်ကို တင်ပြပါ့မယ်။

(စကစ)စစ်အုပ်စုရဲ့ ဂမူးရှူးထိုးလုပ်ရပ်တွေက လက်ရှိပေါ်ပေါက်ဖြစ်ပွားနေဆဲ ပဋိပက္ခတွေကို အမြင့်ဆုံး အသဲအသန်ဆုံးအဆင့်ထိ မရောက်ရောက်အောင် တွန်းပို့နေပါတယ်။ ပြည်တွင်းပြည်ပ မဲမဲမြင်သမျှက လက်ညှိုးထိုး ရန်ရှာ အပြစ်ဖို့နေတာတွေကနေ စစ်အုပ်စုတွင်း တရားခံပြန်ရှာပြီး ထိုးကျွေးရတော့ အနေအထားသို့ တစ်နေ့တစ်ခြား ဆိုက်နေရောက်လာနေပြီလို့ သုံးသပ်ပါတယ်။

၂၀၂၁ခုနှစ် အာဏာစသိမ်းကတည်းက အရာရာနဲ့ အကြောင်းကြောင်း ဖြစ်ပျက်လာသမျှတွေဟာ ဘယ်လိုပြေ လည်မှုမှ ရရှိလာခြင်းမရှိဘဲ (စကစ)စစ်အုပ်စုအဖို့ လှော်ရင်းနစ်ဆိုသလို ဖြစ်နေပါတယ်။ ပြဿနာတွေဟာ နဂိုရှိတာ ထက် အဆများစွာ ပိုပြီး နက်ရှိုင်းကျယ်ပြန့်သွားပါတယ်။ အထူးသဖြင့် (စကစ)စစ်အုပ်စုအပေါ် ပြည်သူလူထုတစ်ရပ် လုံးကသာမက တပ်တွင်း/တပ်ပြင်မှာရှိတဲ့ စစ်အုပ်စုအသိုင်းအဝိုင်းကပါ ငြိုငြင်လာကြတာပါ။

ဒီလိုပုံမျိုးနဲ့သာ ဆင်ကန်းတောတိုး မိုက်မဲနေမယ်ဆိုရင် သူတို့စစ်အုပ်စုအဆက်ဆက် အနှစ်နှစ်လလ လုယက် လာတဲ့ အာဏာနဲ့ ဥစ္စာဓနတွေဟာ ရေစုန်မျောကုန်လိမ့်မယ်ဆိုတာကို စစ်အုပ်စုအဝန်းအဝိုင်းထဲမှာ တစတစ သိမြင် လာနေကြပြီလို့ ထင်မြင်ပါတယ်။ ကာချုပ်မင်းအောင်လှိုင်ဟာ သူခင်းတဲ့ဇာတ်ကို သူမနိုင်တဲ့အပြင် ဒီဇာတ်မျောကို ဒီတိုင်းဆက်ကနေရင် ဒီတိုင်းသာ ဆက်လုပ်နေရင် စစ်အုပ်စုဇာတ်သိမ်းခန်းဟာ အနှေးနဲ့အမြန် ရောက်ရှိလာတော့မယ် လို့ မြင်တဲ့သူက မြင်လာကြသလို သုံးသပ်သူက သုံးသပ်နေကြပါပြီ။

ဒီတော့ စစ်အုပ်စုဟာ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” အထိမခံဘဲ စစ်အုပ်စုရဲ့“ခေါင်း”ကိုပဲ ပြောင်းလဲ ပစ်ဖို့သာ သူတို့ မူတည်ပြီး စဉ်းစားကြလိမ့်မယ်လို့ ထင်မြင်ယူဆရပါတယ်။

စစ်အုပ်စုအနေနဲ့ သူတို့နဲနဲမှ အထိမခံနိုင်တာက “စစ် ၃ စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ သူတို့ ရေရှည် လုယက်သိမ်းပိုက်ထားတဲ့ အာဏာနဲ့ ဥစ္စာဓနတွေကို ရေရှည်တည်တံ့ တိုးပွားအောင် ထိန်း သိမ်းပေးနိုင်မယ့်အရာကလည်း “စစ် ၃ စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ”ပဲ ဖြစ်ပါတယ်။

အခုလည်း တော်လှန်ရေးအင်အားစုအသီးသီးနဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများက အကုန်အစင်ဖျက် သိမ်းပစ်လိုတဲ့ အရင်းခံ ဆန္ဒနဲ့ လက်တွေ့ပစ်မှတ်ကလည်း “စစ် ၃ စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ”ဖြစ်တယ်ဆိုတာ ဘယ် အချိန်ကာလကထက်မဆို ပိုမိုရှင်းလင်းပြတ်သား ကြည်လင်လာနေပါတယ်။

ဒီအချက်ကို ဖြိုခွဲပစ်ဖို့ လမ်းကြောင်းလွှဲပစ်ဖို့အတွက် စစ်အုပ်စုအနေနဲ့ စစ်အုပ်စုအကျိုးစီးပွားကို ထိခိုက်ပွန်းပဲ့ မှုအနဲဆုံးလုပ်ဖို့ဆိုရင် (စကစ)စစ်အုပ်စုရဲ့ အာဏာသိမ်းခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မင်းအောင်လှိုင်ကို ထိုးကျွေးဖို့ နည်းလမ်းတစ်ခုတော့ ရှိနေပါသေးတယ်။
၁၉၆၂ ခုနှစ်က စလို့ ယနေ့မျက်မှောက်ကာလထိ နှစ်ပေါင်း ၆၀ကျော် စစ်အုပ်စုအုပ်စိုးမှု သမိုင်းမှာ သူတို့ ထိပ်သီးကို သူတို့ပြန်ပြီး ဖြုတ်ချတဲ့နည်းလမ်း ၂မျိုးရှိနေတာ တွေ့ရပါတယ်။

ပထမနည်းလမ်းကတော့ (နဝတ) ဥက္ကဋ္ဌဗိုလ်စောမောင်ကို ဖြုတ်ချတဲ့နည်းဖြစ်ပြီး။
ဒုတိယနည်းလမ်းကတော့ ထောက်လှမ်းရေးထိပ်သီး ဗိုလ်ခင်ညွန့်ကို ဖြုတ်ချတဲ့နည်းပဲ ဖြစ်ပါတယ်။
နှိုင်းယှဉ်ချက်အရပြောရင် ဗိုလ်စောမောင်ကို ဖြုတ်ချတဲ့နည်းက ဗိုလ်ခင်ညွန့်ကို ဖြုတ်ချတဲ့နည်းထက်စာရင် ပိုပြီးငြင်သာတယ်လို့ ဆိုရလိမ့်မယ်ထင်ပါတယ်။

ဗိုလ်စောမောင်ကို ဖြုတ်ချတဲ့နည်းက ဒီနေ့ကာလ စစ်အုပ်စုတွင်းအခြေအနေနဲ့ ဟိုစဉ်က နဝတစစ်အုပ်စု ကြုံနေရတဲ့ စစ်အုပ်စုတွင်း အခြေအနေတချို့နဲ့ တစ်ထပ်တည်း မတူညီသော်လည်း အခြေခံကျတဲ့အချက်တွေမှာ တော် တော်လေး နီးနီးစပ်စပ် ဆင်တူနေတာတွေ ရှိပါတယ်။ အဲဒီအထဲက အဓိကအချက်တွေကတော့
၁။ စစ်အုပ်စုရင်ဆိုင်နေရတဲ့ ပြည်တွင်းပြည်ပ အခက်အခဲကြီးမားလွန်းနေတာ။
၂။ ယခင်စစ်အုပ်စုဟောင်းရဲ့ခေါင်းကိုင် နံပါတ်ဝမ်းကြီးနဲ့ စီနီယာကြီးတွေ သက်ရှိထင်ရှားရှိနေသေးတာ။
[ဗိုလ်စောမောင်ကို ဖြုတ်ချစဉ်က ဗိုလ်စောမောင်ကို ခန့်အပ်ခဲ့တဲ့ နံပါတ်ဝမ်းကြီးဖြစ်တဲ့ ဗိုလ်နေဝင်းနဲ့ စီနီယာစစ်ဗိုလ် ကြီးတွေ သက်ရှိထင်ရှားရှိနေသေးတာ၊ အချိန်ကာလအားဖြင့်လည်း ဗိုလ်နေဝင်း နိုင်ငံရေး ဇာတ်ခုံပေါ်က ဆင်းသွား တာ ၄နှစ်လောက်ပဲ ရှိနေသေးတာဖြစ်ပါတယ်။ အခုမျက်မှောက်ကာလမှာလည်း ဗိုလ်မင်းအောင်လှိုင်ကို “ကာချုပ် အရိုက်အရာ” ပေးသနားသွားတဲ့ နံပတ်ဝမ်းကြီးဖြစ်တဲ့ ဗိုလ်သန်းရွှေနဲ့ စီနီယာစစ်ဗိုလ်ချုပ်ကြီးတွေ သက်ရှိထင်ရှားရှိနေ သေးတာ၊ အချိန်ကာလခြားနားမှုတော့ မတူညီပါဘူး။ ဗိုလ်သန်းရွှေနားတာ ၂၀၁၁ ခုနှစ်ဆိုတော့ ၁၃နှစ်တော့ ရှိနေပါပြီ]
၃။ ကာချုပ်တွေရဲ့ (ဗိုလ်စောမောင်) ကတိစကားနဲ့ (မင်းအောင်လှိုင်)လုပ်ရပ်တွေက စစ်အုပ်စု သားစဉ်မြေးဆက် “အာဏာ/ဥစ္စာ တည်တံ့တိုးများ ခိုင်မာရေးအတွက်” အဓိက ခြိမ်းခြောက်မှုအန္တရာယ် ဖြစ်လာနေတာ။

[ဟိုစဉ်က (နဝတ) ဥက္ကဋ္ဌ ဗိုလ်စောမောင်ခမျာမှာလည်း ရွေးကောက်ပွဲအနိုင်ရတဲ့ပါတီကို အာဏာအပ်ပြီး သူနဲ့တပ်က စစ်တန်းလျားပြန်မယ်လို့ တိုင်းသိပြည်သိ ကမ္ဘာသိ ကတိပေးခဲ့မိတာပါ။ အဲဒီကတိစကားက ၁၉၉၀ပြည့် ရွေးကောက်ပွဲ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က သောင်ပြိုကမ်းပြို နိုင်လိုက်တော့ သူ့ကတိစကားနဲ့သူ ချောင်ပိတ်မိနေတာ ပါ။ တကယ်တော့ ဗိုလ်စောမောင်ဟာ ဗိုလ်နေဝင်းတို့ (မဆလ)စစ်အုပ်စုက နိုင်ငံရေးဇာတ်ခုံပေါ်က ဆင်းခါနီး သူတို့ မီးသေမယ်ထင်လို့ ရွေးကောက်ပွဲမှာလည်း (NLD) အပြတ်အသတ် မနိုင်နိုင်ဘဲ (မဆလ) အသွင်ပြောင်း (တစည)နဲ့ ပွတ်ကာသီကာပဲ ရှိလိမ့်မယ်ဆိုတဲ့ တွက်ကိန်းနဲ့ ဗိုလ်စောမောင်ကို ပေးခိုင်းတဲ့ကတိစကားပါ။ စစ်အုပ်စုဟာ ဗိုလ်စော မောင်ရဲ့တိုင်းသိပြည်သိ ကတိစကားကို ဖျက်သိမ်းပစ်ဖို့နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်း ပစ်နိုင်ဖို့ နည်းလမ်းရှာတဲ့အခါမှာတော့ ဗိုလ်စောမောင်ကို “ဗိုလ်ချုပ်မှူးကြီးဟာ ညည စာတွေ အများကြီး ဖတ်နေ တယ်။ ညညဆိုလည်း အိပ်မပျော်လို့ အိပ်ဆေးတွေသောက်နေရတယ်၊ စိတ်ကျန်းမာရေး အခြေအနေမကောင်းဘူး (ရူးနေပြီ)”ဆိုတဲ့ လန်ကျုတ်အာဘော်ကို ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးက (တပ်တွင်း/တပ်ပြင်) တမင်ဖြန့်ထုတ်ပြီး အနားပေးခဲ့ကြတယ်။ အခု မျက်မှောက်ကာလမှာလည်း “မဲမသမာမှု” ဆိုတဲ့ လုပ်ကြံဖန်တီး စွပ်စွဲမှုနဲ့ အာဏာသိမ်းခဲ့ တဲ့ မင်းအောင်လှိုင်ဟာ လုပ်ခဲ့သမျှ အရာရာနဲ့အကြောင်းကြောင်း ဖြစ်လာပြီး “နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ သံတမန် ရေးဘက်ပေါင်းစုံမှာ” နဖူးကွဲ ဒူးပြဲတာတွေဟာ ၆လသက်တမ်း တစ်ကြိမ်တိုးပြီးတိုင်း ၆ဆမကတဲ့ အကျပ်အတည်းတွေ ဆိုက်လာနေပါတယ်။ စစ်အုပ်စုသားစဉ်မြေးဆက် “အာဏာ/ဥစ္စာတည်တံ့တိုးများခိုင်မာရေး”ကို တစတစ တိုးတက် ခြိမ်းခြောက်လာနေပါတယ်။ ဗိုလ်စောမောင်တို့လက်ထက်မှာ တပ်ပျက်တာ မကြုံခဲ့ရပေမယ့် မင်းအောင်လှိုင်လက် ထက်မှာတော့ အုံနဲ့ကျင်းနဲ့ လက်နက်ချသူ၊ အဖမ်းခံရသူ၊ ထွက်ပြေးသူ စသဖြင့် တပ်ပျက်ပြီး တချိန်က သိမ်းပိုက်တပ်စွဲ ထားခဲ့တဲ့နေရာတွေလည်း အမြောက်အမြား လက်လွှတ်ဆုတ်ခွာပေးနေရပါတယ်။ စစ်တပ်တွင်းက ဒီလိုဖြစ်ရပ်တွေက လည်း တချိန်က စစ်တိုက်ခဲ့တဲ့ မင်းအောင်လှိုင်ရှေ့က စီနီယာ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေအဖို့ အရှက်ရစရာ၊ သည်းမ ခံနိုင်စရာပါပဲ။ ဘယ်စစ်မျက်နှာမှာမဆို စစ်တပ်ဟာ တိုက်တိုင်းရှုံး၊ တိုက်တိုင်းပြေးရပြီး တိုက်စိတ်ခိုက်စိတ် ဘုံးဘုံးလဲ ပြိုကျပျက်ပြားနေတာပါ။

ဒီလိုအချက်အလက်တွေကြောင့် လက်ရှိစစ်အုပ်စုနဲ့ စစ်အုပ်စု သားစဉ်မြေးဆက် “အာဏာ/ဥစ္စာတည်တံ့တိုး များခိုင်မာရေးအတွက်” ပွန်းပဲ့မှုအနဲဆုံး ဖြစ်နိုင်မယ့်နည်းလမ်း – တော်လှန်ရေးအင်အားစုကိုလည်း ဖြိုခွဲနိုင်မယ့် နည်း လမ်းတစ်ခုကတော့ မင်းအောင်လှိုင်ဆိုတဲ့ “ခေါင်း” ကို ထိုးကျွေးတဲ့နည်းလမ်းပဲ ရှိလိမ့်မယ်လို့ ကျနော်မြင်မိတာ ဖြစ်ပါ တယ်။

ဗိုလ်ခင်ညွန့်ကို ဖြုတ်ချတဲ့နည်းကတော့ စစ်အုပ်စုထဲမှာတော့ အတော်ပြင်းထန်တယ်လို့ ဆိုရမှာပေါ့။ ဗိုလ်ခင် ညွန့်ဟာ နှစ်ရှည်ထောင်ဒဏ်ကြီးတွေချခံရတဲ့ သူ့တပည့်သားမြေးတွေအတွက် “ကျွန်တော်မှော်ဝန်းသား”ဆိုတဲ့ စာအုပ် ထဲကနေ ဗိုလ်သန်းရွှေထံ အသနားခံစာ ဆက်သွင်းပါတယ်။

ဗိုလ်ခင်ညွန့်ဖြုတ်ချတဲ့နည်းကို ဗိုလ်သန်းရွှေက ဗိုလ်မြင့်ဆွေကို အပြတ်အမိန့်ပေးပြီး ကိုင်တွယ်ခိုင်းခဲ့တာပါ။ ဗိုလ်မြင့်ဆွေကလည်း ဗိုလ်ခင်ညွန့် အပါအဝင် ထောက်လှမ်းရေးဂိုဏ်းဝင်တွေကို တစ်အိမ်တက်ဆင်း ကြက်ကလေး ငှက်ကလေးတွေ ဖမ်းသလို ခေါင်းစွပ်စွပ် – လက်ထိပ်နောက်ပြန်ခပ်ပြီး ဖမ်းခဲ့ကြတာပဲ မဟုတ်လား။

အဖမ်းခံရတဲ့ ဗိုလ်ခင်ညွန့်မျက်နှာပေးကိုတော့ ဗိုလ်ခင်ရီ(ထိုစဉ်က ရဲချုပ်)တို့ လာပြီးခေါ်ယူစဉ်က ရိုက်ထားတဲ့ ဗွီဒီယိုအပိုင်းအစကို ကြည့်ဖူးကြသူတိုင်း သိကြပါတယ်။ ဗိုလ်ခင်ညွန့်ဟာ အစွယ်ချိုးခံထားရပြီမို့ သူ့ကိုယ်သူ ဟန်ကိုယ် ဖို့ မနည်းလုပ်ယူနေရတာကို အဲဒီဗွီဒီယိုထဲမှာ အတိုင်းသားမြင်ကြရပါတယ်။

စစ်အုပ်စုက ပြည်သူလူထုအပေါ် အကြမ်းဖက်တဲ့အခါမှာရော၊ သူတို့စစ်အုပ်စုချင်း အကြမ်းဖက်တဲ့အခါမှာ ရော ဘယ်တုန်းကမှ သက်ညှာထောက်ထားလေ့ မရှိပါဘူး။ သူတို့ကို ပုန်ကန်တော်လှန် ခြားနားတဲ့သူတွေအပေါ်မှာ တော့ အငြိုးတကြီးနဲ့ အင်မတန်ကို ရက်စက်ယုတ်မာလေ့ရှိပါတယ်။

ဒါကြောင့် အခုလိုအချိန်မှာ တော်လှန်ရေးအင်အားစုအသီးသီးကသာ ယခုထက်ပိုမိုပြီး စစ်မျက်နှာစုံဖွင့်ကာ တိုက်ပွဲအရှိန်အဟုန်တွေကို ယခုထက် ၂ဆလောက်သာ မြှင့်တင်လိုက်ကြမယ်ဆိုရင် (စကစ)စစ်အုပ်စုရဲ့ အခြေအနေ ဟာ ပိုပြီး ယိမ်းယိုင်သွားတော့မှာ သေချာပါတယ်။
ဒီလိုအခြေအနေ၊ အချိန်အခါမျိုး ရောက်လာပြီဆိုရင်တော့ “စစ်အုပ်စု သားစဉ်မြေးဆက် အာဏာ/ဥစ္စာတည် တံ့တိုးများ ခိုင်မာရေးအတွက်” ဘာမဆိုလုပ်လာမှာပါ။ “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့စကားလည်း အရှိ သားမဟုတ်လား။ စစ်အုပ်စုကမ္ဘာလေး မီးလောင်ပြီဆိုရင်တော့ “ခေါင်း”ကို သားကောင်အဖြစ် ချနင်းကြမှာပါပဲ။ ချနင်း ခဲ့ကြဖူးတဲ့ သက်သေသာဓကတွေလည်း အခိုင်အမာ ရှိခဲ့ဖူးတယ် မဟုတ်ပါလား။
တကယ်တော့ စစ်အုပ်စုအဆက်ဆက် ထွက်ခဲ့ကြတဲ့ “ထွက်ပေါက်တွေ”ဟာ ထွက်ပေါက်မဟုတ်ဘဲ ယခင် အနေအထားထက် ပိုမိုကျပ်တည်းတဲ့ ပိုမိုပြင်းထန်သည်းသန်တဲ့ အခက်အခဲ၊ အကျပ်အတည်းထဲကို ခုန်ဆင်းသွားကြ တာမျိုးချည်းပါပဲ။

သူတို့စစ်အုပ်စုထဲမှာ သူတို့ချင်းဘယ်လိုပဲ စာရင်းရှင်းကြပါစေ။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ အဖိ နှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတွေဘက်ကတော့ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန်အစင် ဖျက်သိမ်းရေး” ဆိုတဲ့ ရည်မှန်းချက်၊ တာဝန်ကနေ တစ်ဆံခြည်မျှ ရွေ့လို့ မဖြစ်ပါကြောင်း။

ရည်ညွန်း
၁။ စွမ်းပြည့် – ပူးပေါင်းပါဝင်ကြခြင်းဖြင့် ပို၍ခိုင်မြဲသော အခင်းအကျင်းသစ်ဆီသို့ (၁၇-၇-၂၀၂၄) မြန်မာ့အလင်း သတင်းစာ၊
၂။ သတင်းထုတ်ပြန်ရေးအဖွဲ့ – ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူ (၁၉-၇-၂၀၂၄) မြန်မာ့အလင်းသတင်းစာ