ဇူလိုင်လ ၂၉ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ရေကြီးရေလျှံမှုဖြစ်ပွားရာတွင် သေဆုံးသူများရှိ၍ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နေရကြောင်း ကျိုက်ဒုံမြို့ခံများက ပြောသည်။
ကျိုက်ဒုံမြို့ရှိ ရပ်ကွက် (၆) ခုအနက် ရပ်ကွက် (၃)ခုတွင် ရေကြီးရေလျှံမှုဒဏ်အပြင်းအထန်ခံနေရပြီး ရေနစ်သေဆုံးသူများရှိ၍ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နေရခြင်းဖြစ်ကြောင်း ကျိုက်ဒုံမြို့ ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက”ကျိုက်ဒုံမြို့ရပ်ကွက် (၆) ခုမှာ ရပ်ကွက် ၁/၂/၃ က ရပ်ကွက် (၃)ခုက ရေကြီးမှုဒဏ်အပြင်း အထန်ခံနေရတယ်။ ဒီမနက်မှာလည်း ရပ်ကွက် (၂)က ဦးမုန့်လုံး ရေနစ်သေဆုံးသွားတယ်”ဟု ယနေ့ တွင် ပြောသည်။
ထို့အပြင် ကျိုက်ဒုံမြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြှုပ်နေပြီး ပြည်သူများ၏ ကူညီကယ်ဆယ်မှုများ လိုအပ်မှုကြောင့် မြို့နယ်ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိ သူများက ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း ကျိုက်ဒုံမြို့တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မိုးဆက်တိုက်ရွာသွန်းလို့ နေအိမ်တော်တော်များများရေနစ်မြှုပ်ပြီး ပြည်သူတွေလည်း ရွှေ့ပြောင်း နေရတယ်။ ပြည်သူတွေ အကူအညီလိုတော့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌနှင့်ခေါင်းဆောင်တွေ ကိုယ်တိုင်လာရောက်ကူညီနေတယ်”ဟု ကျိုက်ဒုံမြို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ကျိုက်ဒုံမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားသောကြောင့် နေအိမ် ၆၀၀ လုံးခန့်မှ ဒေသခံပြည်သူများမှာ ကုန်းမြင့်နေရာသို့ ယာယီရွှေ့ပြောင်းနေထိုင်ရပြီး အရေး ပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ကျိုက်ဒုံမြို့ကူညီကယ်ဆယ်ရေးလုပ်သူများက ပြောသည်။