ဇွန်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရွှေလုပ်ငန်းရှင်များအား ဖမ်းဆီးအမိန့်ထုတ်ပြန်ပြီးနောက် ကရင်ပြည်နယ်အတွင်း ရွှေဆိုင်နှင့် ရွှေလုပ်ငန်းရှင်များ ဖမ်းဆီးစစ်ဆေးခံရမည့်အရေး စိုးရိမ်ပြီး အခေါက်ရွှေ၊ မီးလင်းရွှေနှင့် ထိုင်းဘတ်ရွှေများ ရောင်းချခြင်းမရှိတော့ဘဲ ရှောင်တိမ်းနေထိုင်မှုများရှိနေကြောင်း သိရှိရသည်။
ဇွန်လ ၂ ရက်မှစပြီး မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်၊ ရွှေဆိုင်ပိုင်ရှင်၊ နိုင်ငံခြားငွေလွှဲ၊ ငွေလဲလုပ်သူများ၊ ထိုင်းနိုင်ငံတွင် ကွန်ဒိုအိမ်ခန်းဝယ်ယူသူများအား လိုက်လံဖမ်းဆီးနေမှုကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ မြို့နယ်များရှိ နာမည်ကြီး ရွှေဆိုင်နှင့် ရွှေလုပ်ငန်းရှင်များ ရှောင်တိမ်းနေထိုင်မှုများရှိလာနေကြောင်း မြို့ခံသတင်း အရင်းအမြစ်များက ပြောသည် ။
“ရန်ကုန်မှာ ရွှေတို့၊ ဒေါ်လာတို့ လုပ်တဲ့သူတွေ ဖမ်းဝရမ်းထုတ်ကုန်တော့ အခုဖားအံတို့၊ မော်လမြိုင်တို့၊ မြဝတီ တို့က ရွှေဆိုင်တွေ အခေါက်ရွှေ၊ မီးလင်းရွှေတုံးတို့ ရောင်းတာ မရှိတော့ဘူး။ ရောင်းလည်း မရောင်းရဲကြဘူး၊ စစ် တပ်က ဖမ်းတာ ငွေညှစ်တာတွေလုပ်မှာ ကြောက်ကြတယ်။ စစစက ခေါ်စစ်တာမျိုးလုပ်မှာ ကြောက်ကြတော့ မြဝတီမဲဆောက်ဘက်ရှောင်ကုန်ပြီ ”ဟု မြဝတီမြို့ ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ သတင်းအရင်းအမြစ်က ပြောသည်။
လတ်တလော ကရင်ပြည်နယ် ဖားအံမြို့နှင့် မြဝတီမြို့ရှိ ရွှေဆိုင်များအနေဖြင့် ရွှေထည်ပစ္စည်းအချို့ကို ဈေးဆိုင် ဖွင့်ရောင်းချ မှုမျိုးသာရှိပြီး၊ ထိုင်းဘတ်ရွှေ၊ မြန်မာအခေါက် ရွှေတုံး၊ ရွှေပြားနှင့် နိုင်ငံခြားငွေ အမေရိကန်ဒါ်လာငွေ ငွေလဲ /ငွေလွှဲနှင့် ရောင်းဝယ်မှုမပြုလုပ်ကြတော့ကြောင်း သိရသည်။
မြဝတီ ညဈေးအနီးနေထိုင်သူ မြဝတီမြို့ခံက “အခုရန်ကုန်တို့ မန္တလေးတို့ဘက်က ရွှေကုန်သည်တွေ လုပ်ငန်း ရှင် တွေ နယ်စပ်ကို ရှောင်လာကြပြီ။ မြဝတီနယ်စပ်က လူတွေလည်း ထိမှာကြောက်ကြပြီ။ အခုတလောက ရွှေ ဆိုင်တွေ ပန်းတိမ်ဖိုတွေ ဓါးပြတိုက်တာ၊ အနုကြမ်းစီးတာမျိုး ခဏခဏဖြစ်နေတော့ အခုပန်းတိမ်ဖိုတွေ လည်း အလုပ်ပိတ်ကုန်ပြီ။ ရွှေဆိုင်ကတော့ နည်းနည်းပါးပါးပဲ ဈေးဗန်းခင်းပြတာမျိုးနဲ့ဆိုင်တော့ ဆက်ဖွင့် ထားကြတယ်” ဟု ပြောသည်။
လက်ရှိ ကရင်ပြည်နယ် ဖားအံမြို့၊ မွန်ပြည်နယ်မော်လမြိုင်မြို့ဘက်တွင် စစ်ကောင်စီက စစ်အင်အားနှင့် လုံခြုံရေး တိုးမြှင့်စစ်ဆေးမှုလုပ်ဆောင်နေပြီး မြို့ပြရှိ စက်မှုလုပ်ငန်းရှင်၊ ရွှေဆိုင်လုပ်ငန်းရှင်၊ စက်သုံးဆီဆိုင် လုပ်ငန်းရှင်၊ ကုန်သည်ပွဲရုံလုပ်ငန်းရှင်များမှ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တော်လှန်နေကြသည့်အဖွဲ့အစည်းများထံ ကူညီထောက်ပံ့မှုရှိမရှိကို စောင့်ကြည့်စစ်ဆေးမှုများရှိနေကြောင်း မြို့ခံများပြောစကားအရ သိရှိရသည်။



















