ဇွန်လ(၅)ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းဝန်းအတွင်း ယမန်နေ့ ဇွန်လ ၄ ရက်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကလေးငယ်(၃)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများရှိခဲ့ကြောင်း ရပ်ကွက်နေ ဒေသခံများ ကပြောသည်။
အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းစာသင်ကျောင်းတွင် ယမန်နေ့ နေ့လည်(၁၂)နာရီခွဲ ဝန်းကျင်ခန့်အချိန် ကျောင်း သူ၊ကျောင်းသားများ ထမင်းစားနားချိန်တွင် ကျောင်းဝန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ကြောင့် အနီးဝန်းကျင်ရှိ ကလေးငယ် အယောက်(၂၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်မြို့နေဒေသခံ တစ်ဦးက ပြောသည်။
“ကလေးတွေ ထမင်းစားနားတဲ့အချိန်မှာ ဖြစ်သွားတာ။ ဆရာမက ကလေးကို မြက်နုတ်ခိုင်းတဲ့အချိန် ကလေး တစ်ယောက်က ဗုံးသီးကိုတွေ့ပြီး ပေါက်လိုက်တဲ့အချိန်မှာ ဗုံးကရုတ်တရက်ပေါက်သွားတော့ အနားက ကလေး တွေရော အကုန်ထိခိုက်ကုန်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များကိုလည်း ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိနေပြီး စစ်ကောင်စီ ၏ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာများတွင် အဆိုပါပေါက် ကွဲမှုဖြစ်စဉ်ကြောင့် ကလေး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ဆေးတင်းကြပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း အိမ်ရှေ့ပြင်ရပ်ကွက်နေ ဒေသခံများ ၏ ပြောဆိုချက်များအရ သိရသည်။
“အခုမနက်ထိကို စစ်ဆေးတင်းကြပ်တာတွေ လုပ်ဆောင်နေတယ်။ စစ်သားတွေနဲ့ ရှုတ်ယှက်ခတ်နေရော။ ကျောင်းသားမိဘတွေကတော့ ကျောင်းကိုမပို့ရဲကြတော့ဘူး။ ဒီတစ်ဝိုက်မှာက စစ်တပ်အများစုကဘဲ တပ်လာစွဲ တာများတယ်။ သူတို့ဘဲရှိတာလေး။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင်လည်း ပုလောမြို့နယ်၊ ပလမြို့ ရဲစခန်း အနီးရှိ ဥယာဉ်ခြံတစ်ခုအတွင်း ကလေးငယ်သုံးဦး ဆော့ကစားနေရာမှ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်၊ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။
အဆိုပါ ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ၏ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်ကို ဒေသအခြေစိုက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ မြို့ အဝင် စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် အဆိုပါ စစ်ဆေးရေးဂိတ်အနီး ၅ ထပ် ဟိုတယ် တစ်ခုတွင်လည်း စစ်ကောင်စီတပ်သားများမှ နေရာယူထားကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ၏ ပြောဆိုချက်များအရ သိရသည်။



















