Home သတင်း ရေဖြူမြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား၍ စစ်ဘေးရှောင်ဦးရေတိုးလာနေ

ရေဖြူမြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား၍ စစ်ဘေးရှောင်ဦးရေတိုးလာနေ

830
Photo: Social Media

မေလ ၁၆ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင် စီတပ်တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် စစ်ဘေးရှောင်ဦးရေ တစ်ရက်ထက် တစ်ရက် တိုးလာလျက်ရှိကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။

ရေဖြူမြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် မေလ(၇)ရက်နေ့မှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်လာသောကြောင့် ဒေသခံစစ်ရှောင်ဦးရေမှာ တစ်ရက်ထက်တစ်ရက်တိုးလာလျက် ရှိကြောင်း စစ်ဘေးရှောင်များအား အနီးကပ်ကူညီပေးနေသူ တစ်ဦးက ပြောသည်။

“တိုက်ပွဲတွေက မနေ့ကအထိကိုဖြစ်နေတော့ စစ်ဘေးရှောင်တွေက အခုလက်ရှိအထိကို ၂၀၀ကျော်ထိရှိလာပြီး။ ဒါက စစ်ရှောင်စခန်းထဲက အရေအတွက် လောက်ပဲရှိတယ်။ ကျန်တာတွေကျတော့ နီးစပ်ရာကို ရှောင်နေကြ ရတာတွေရှိတယ်။ စစ်တပ်က လက်နက်ကြီးတွေ ပစ်နေတာဆိုတော့ တစ်ရက်တစ်ရက်က လာရှောင်ကြတဲ့ သူတွေများလာတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း ရေဖြူမြို့နယ်အနီးတစ်ဝိုက်တွင် မိုးရွာလေ့ရှိသောကြောင့် အဆိုပါ စစ်ဘေးရှောင်နေကြသော ဒေသခံများမှာ အမိုးအကာ၊ နေရာထိုင်ခင်းမျး လိုအပ်လျက်ရှိကြောင်းလည်း ၎င်းစစ်ဘေးရှောင် အနီးကပ်ကူညီနေသူက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုယ်ပါ လုပ်ဆောင်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် ယခုအချိန်ထိ နေရပ်မပြန်ရဲသေးသည့် အခက်အခဲများလည်းရှိနေကြောင်း သိရသည်။

ရေဖြူမြို့နယ် ဒေသခံတစ်ဦးက “ဘာပစ္စည်းမှ ပါမလာကြတော့ နေရထိုင်ရတာ ဒုက္ခရောက်ကြတယ်။ အဲ့တာ ကြောင့် အိမ်ကိုယ်ပြန်ပြီး ပစ္စည်းယူချင်ကြပေမဲ့ စစ်တပ်ရဲ့ကင်းထောက်လေယာဉ်တွေက အမြဲရှိနေတော့ မပြန်ရဲကြဘူး။ ပြီးခဲ့တဲ့ရက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်လို့ အိမ်တွေမီးလောင်တဲ့ အခြေနေတွေတောင် ရှိတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

ယခုတစ်ပတ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်အတွင်း နေထိုင်သည့်အဖွားအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး ဇင်းဘာရွာမှ သွပ်မိုးပျဉ်ထောင်အိမ်နှစ်ဆောင်၊ သုံးဘီးတစ်စီး၊ ကလိန်ဆံတော်ရှင် အတက်လမ်းနှင့် မိကျောင်းလှောင်းရွာသစ်မှ ဥယာဉ်ခြံတချို့ လက်နက်ကြီး ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်များအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်အလားတူ သရက်ချောင်းမြို့နယ်အတွင်းရှိ ကနက်သီရိကျေးရွာနှင့် အောက်သရက်ချောင်း ကျေးရွာများတွင်လည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီမှ ကြဉ်းကြောင်း၊ ရေကြောင်း၊ လေကြောင်းများမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင် နေရကြောင်း သိရသည်။