Home သတင်း ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရန်နှင့် လူသားချင်းစာနာမှုအကူအညီပေးရန် ဂျပန်အစိုးရသို့ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO )တို့ တောင်းဆို

ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရန်နှင့် လူသားချင်းစာနာမှုအကူအညီပေးရန် ဂျပန်အစိုးရသို့ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO )တို့ တောင်းဆို

614
Photo: Internet

မေလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစနစ်အသွင်ထူထောင်ရန်နှင့် ပြည်တွင်းလက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသော မြန်မာနိုင်ငံရှိဒုက္ခသည်ပြည်သူ ၃ သန်းအတွက် လူသားချင်းစာနာမှုအကူအညီများပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO)တို့က ဂျပန်အစိုးရအား တောင်းဆိုခဲ့ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် ဂျပန် နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့ မေလ(၁၄)ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ယမန်နေ့က တိုကျိုမြို့တွင်ပြုလုပ်သော NUG, KNU, KNPP နှင့် ချင်းအမျိုးသားတပ်ဦး-CNF မှ တာဝန်ရှိသူများပါဝင်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့တောင်းဆိုထားခြင်းဖြစ်ကြောင်း ဂျပန်မီဒီယာများက ဖော်ပြသည်။

ဂျပန်အစိုးရအနေဖြင့် စစ်ဘေးရှောင်ပြည်သူများ၏ နေ့စဥ်အသက်ရှင်နေထိုင်မှုအတွက် အကူအညီများပေးရန် တောင်းဆိုခြင်းအပြင် မိမိတို့အနေဖြင့်လည်း စစ်အာဏာရှင်စနစ်အဆုံးသတ်ရန်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပိုမိုကောင်းမွန်သောနိုင်ငံတော်တစ်ခု ပြောင်းလဲလိုကြောင်း KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားချက်ကို ဂျပန်မီဒီယာများထံမှ သိရသည်။

အင်အားလျော့နည်းလာပြီဖြစ်သော မြန်မာစစ်တပ်အနေဖြင့် အရပ်သားပြည်သူများအပေါ် ကျူးလွန်ထား‌သော ပြစ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် အသွင်ကူးပြောင်းရေးကာလ၏တရားမျှတမှု ယန္တရားတစ်ခု ဖန်တီးရန် လိုအပ်ကြောင်းလည်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုထားသည်။

Photo: Internet

မြန်မာနိုင်ငံ၏နယ်မြေ (၆၅)ရာခိုင်နှုန်းကို စစ်တပ်အတိုက်အခံတော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ပြီဟု NUG ၏ ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သလို မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ဖိအားပေးမှုလိုအပ်ကြောင်း တောင်းဆိုတိုက်တွန်းထားသည်ဟု သိရသည်။

ထို့အပြင် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဂျပန်အစိုးရအား မြန်မာနိုင်ငံသို့ လေယာဥ် ဆီတင်သွင်းမှုကို ပိတ်ပင်ကြောင်း ပြုလုပ်သည့် နိုင်ငံတကာလှုပ်ရှားမှုတွင် ပါဝင်ရန်၊ အိန္ဒိယနိုင်ငံမှ စစ်ကောင်စီအား လက်နက်လွှဲပြောင်းမပေးရေး စည်းရုံးပေးရန်တို့ကိုလည်း အတူတကွပါဝင် တောင်းဆိုခဲ့ကြကြောင်း ဂျပန်မီဒီယာများ၏ဖော်ပြချက်ထားသည်။

ယခုတွေ့ဆုံမှုမတိုင်ခင်ကလည်း နိုင်ငံတကာအကူအညီနှင့်ပတ်သက်၍ KNU ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသလို ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆင်တာသာဝီဆင်နှင့်လည်း ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

စစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်ရာတွင် အဓိကပါဝင်နေသော အဖွဲ့များနှင့် နိုင်ငံတကာ တာဝန်ရှိသူများ၏ ထိုသို့တွေ့ဆုံမှုများသည် တော်လှန်ရေးနှင့်နိုင်ငံရေးအတွက် အပေါင်းလက္ခဏာဆောင်သော လုပ်ဆောင် ချက်များဖြစ်လာနိုင်ကြောင်းကိုလည်း နိုင်ငံရေးသုံးသပ်လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။