Home သတင်း ဖယ်ဒရယ်ဥပဒေအကယ်ဒမီကျောင်း အပတ်စဥ်(၁၀)၊ ဒုတိယအသုတ် ကျောင်းသူ/သား အသစ်များ စတင်လက်ခံနေ

ဖယ်ဒရယ်ဥပဒေအကယ်ဒမီကျောင်း အပတ်စဥ်(၁၀)၊ ဒုတိယအသုတ် ကျောင်းသူ/သား အသစ်များ စတင်လက်ခံနေ

878
Photo: FLA

မေလ ၂၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကချင်ပြည်နယ်၊ KIO/KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့နယ်ရှိ ဖယ်ဒရယ်ဥပ‌ဒေအကယ်ဒမီကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒီပလိုမာသင်တန်း အပတ်စဥ်(၁၀) ဒုတိယအသုတ် ကျောင်းသူကျောင်းသားအသစ်များကို ၂၀၂၄၊ ဇွန်လကုန်အထိ လက်ခံသွားမည်ဖြစ်ကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။

ကျောင်းသားရေးရာတာဝန်ခံဖြစ်သူ ဒေါ်လုလုက “၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ဖက်ဒရယ်ဥပဒေအကယ်ဒမီ ကျောင်းသားသစ်တွေကို ၂၀၂၄ မတ်လ ၈ ရက်နေ့မှ စတင်ပြီး ကျောင်းသားသစ် လက်ခံခဲ့တာဖြစ်ပြီး ဇွန်လကုန်အထိ ဆက်လက် လက်ခံသွားမှာ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသား စုစုပေါင်း (၃၅)ဦးအထိသာ စီစစ်လက်ခံပါတယ်။ အမျိုးသမီးတွေကို ဦးစားပေး ရွေးချယ်သွားမှာ ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဝင်ခွင့်လျှောက်လိုသူ ကျောင်းသူကျောင်းသားများအနေဖြင့် ဆယ်တန်းအောင်လက်မှတ်နှင့် မိမိတတ်မြောက်ပြီးထား သည့်အောင်လက်မှတ်(Certificate)များ ပါရမည်ဖြစ်သည်။ သို့သော် တက္ကသိုလ်တစ်ခုခုမှ ဒုတိယနှစ် အောင်မြင်ထားပါ က ကျောင်းသားကဒ်ပါရမည်ဖြစ်ပြီး ဘွဲ့ရရှိထားသူများက ဘွဲ့လက်မှတ်ပါရှိရမည်ဟု သူမက ဆိုသည်။

ထို့အပြင် ကျန်းမာရေးဆေးစစ်လက်မှတ်၊ အဖွဲ့အစည်းမှ တက်ရောက်မည့်သူဖြစ်ပါက ထောက်ခံချက်လက်မှတ်များနှင့် ကျောင်းဝင်ခွင့်လျှောက်လွှာကိုလည်း ပြည့်စုံစွာ ရေးသားဖြည့်စွက်ရမည်ဟုလည်း ၎င်းကျောင်းတာဝန်ခံက ဆက်လက် ပြောဆိုသည်။

(၂)နှစ်တာ ဒီပလိုမာသင်တန်းဖြစ်သည့် အဆိုပါကျောင်းသည် ဥပဒေပညာဘာသာရပ် အထူးပြု ကျောင်းသူကျောင်း သားများအတွက် ဦးတည်ထားပြီး အသက်(၁၈)နှစ်နှင့် (၃၅)အောက် ဥပ‌ဒေပညာရှင်ဖြစ်လိုသည့် တိုင်းရင်းသားလူငယ် များအား မွေးထုတ်ရန်အတွက် ဖွင့်လှစ်တည်ထောင်ထားခြင်း ဖြစ်သည်။

ကျောင်းနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ထဲတွင် ဥပဒေအကယ်ဒမီ၏ထူးခြားချက်မှာ အခြေခံ ဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကို ဦးတည်ထားပြီး အချုပ်အခြာအာဏာပိုင် တိုင်းရင်းသားပြည်နယ်များကို အခြေ ပြုစုပေါင်းဖော်ဆောင်သည့် ဖယ်ဒရယ်စနစ်ဆိုင်ရာ အခြေခံကို ကိုင်စွဲပို့ချ‌ပေးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Photo: FLA

ကျောင်းဝင်ခွင့်လျှောက်ထားသူများသည် အခြေခံပညာအထက်တန်းအောင်မြင်ပြီး ပြည်တွင်းတက္ကသိုလ်တွင် CDM ပြုလုပ်ထားသူများ၊ ကြားကာလတက္ကသိုလ်ပညာ‌ရေး၌ ဒုတိယနှစ်တက်ရောက်ပြီးစီးသူများ၊ လူမှုအခြေပြုကောလိပ် များမှ ဒီပလိုမာရရှိထားသူများ၊ တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်းများနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန် ရေး လှုပ်ရှားမှုတွင် (၂)နှစ်အထက် ပါဝင်ထမ်းဆောင်နေကြရမည်ဟု သတ်မှတ်ထားကြောင်းလည်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ကျောင်း၏ ပညာသင်နှစ် တစ်နှစ်တာအတွက် နေထိုင်စရိတ်နှင့် ကျောင်းစားစရိတ်မှာ တရုတ်ယွမ် ၄,၇၀၀ သတ်မှတ် ထားပြီး ပညာသင်ကာလအတွင်း ဖယ်ဒရယ်စနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြစ်မှုဆိုင်ရာဥပဒေများ အပါအဝင် ဥပ‌‌ဒေ ဆိုင်ရာ ဘာသာရပ် (၁၂)ခုကို လေ့လာသင်ယူနိုင်မည်ဖြစ်သည်။

ကျောင်းတာဝန်ခံဒေါ်လုလုက “ကျောင်းပြီးသွားတဲ့ ကျောင်းသား/သူတွေအတွက် ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်း နဲ့ ဥပဒေအထောက်အကူပြုကွန်ရက်ရုံးရဲ့ (Legal Internship one Year Program)အနေနဲ့ လက်တွေ့ပြန်လည် လေ့ ကျင့်ပေးတာ၊ ကျောင်းဆင်းသွားတဲ့သူတွေက အခြားကျောင်းတွေကို ဆက်လက် ပညာဆည်းပူးလိုသူတွေနဲ့ လက်တွေ့ လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်လိုသူတွေအတွက် ကျောင်းအနေနဲ့ တရားဝင် ထောက်ခံပေးပါတယ်။“ဟု ပြောသည်။

နိုင်ငံတကာဥပဒေပညာရှင်တချို့၏ ဥပဒေပညာရပ်အရ ပံ့ပိုးမှုဖြင့် ဖယ်ဒရယ်ဥပဒေအကယ်ဒမီကို ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး ပရော်ဖက်ဆာ ဒေးဗစ်ဖစ်ရှာ၊ ဒေါက်တာ ဗင်းခက်အိုင်ယာနှင့် ရှေ့နေ ဦးအောင်ထူးတို့က ပညာရပ်ဆိုင်ရာ ဘုတ်အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားကြသည်။

ဖယ်ဒရယ်ဥပ‌ဒေအကယ်ဒမီတွင် အပတ်စဥ်(၁)မှ (၇)အထိ သင်တန်းကျောင်း တက်ရောက်အောင်မြင်သွားသူပေါင်း (၁၅၃)ဦးရှိပြီး လက်ရှိတက်ရောက်နေသည့် အပတ်စဥ်(၈)နှင့် (၉)တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၆)ဦး ရှိသည်ဟု သိရသည်။