Home သတင်း ခွဲထွက် DKBA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေး ၂ ဦး ကျည်ထိမှန် ဒဏ်ရာရ

ခွဲထွက် DKBA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေး ၂ ဦး ကျည်ထိမှန် ဒဏ်ရာရ

731
Photo: CJ

မေလ ၂၂ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင်/တပ်မဟာ(၁) ဖားအံမြို့နယ် နော်ဖားဒိုကျေးရွာထဲသို့ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ဗိုလ်ဘိဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့တို့မှ လက်နက်ကြီးပစ်ခတ်သည့်အတွက် ဒေသခံ မိန်းကလေး ၂ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နော်ဖားဒိုကျေးရွာအနီးရှိ ဝင်းဒရယ်ကျေးရွာထဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ ဝင်များ ရောက်ရှိလာသည်ဟုဆိုကာ မင်းလွင်၊ ပိန္နဲတောစခန်းရှိ စစ်ကောင်စီတပ်နှင့် ကြာအင်းပေါ်တော်မူအနီးရှိ ဗိုလ်ဘိ DKBA အဖွဲ့တို့က လက်နက်ကြီးလှမ်းပစ်ခတ်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိသည့် ညီအစ်မ မိန်းကလေး ၂ ဦးအနက် တစ်ဦးမှာ လက်တစ်ဖက်ပြတ်သွားသလို တစ်ဦးမှာ ဝမ်းဗိုက်ကျည်စထိမှန်၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကော်သူးလေအဖွဲ့ ပြန်ပြီးနောက်နေ့ မနက်မှ လှမ်းပစ်တာပါ။ ရွာထဲ ကို ကော်သူးလေအဖွဲ့ ဝင်လာတာ သူတို့ သတင်းရလို့ ဖြစ်မယ်။ မင်းလွင်၊ ပိန္နဲတောစခန်းက ညဘက်မှာ လက် နက်ကြီးနဲ့ ရွာထဲကို ပြန်ပစ်တယ်။ အခြေအနေက ဘယ်လိုပြန်ဖြစ်လာမလဲ မသိဘူးစောင့်ကြည့်ဆဲပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ဝင်းဒရယ်ကျေးရွာရှိ ပြည်သူ့စစ်ဂိတ်တစ်ခုကို KNLA တပ်ဖွဲ့က ဝင်ရောက်ရှင်းခဲ့အပြီး ကျေးရွာမှ ပြန်လည် ထွက်ခွာပြီးနောက် စစ်ကောင်စီတပ်နှင့် ဗိုလ်ဘိ ဦးဆောင်သည့် DKBA အဖွဲ့တို့က လက်နက်ကြီး ပစ်ခတ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်အချို့လည်း လက်နက်ကြီးကျည်ထိမှန် ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုလက်နက်ကြီးပစ်ခတ်မှုတွင် ကြာအင်းပေါ်တော်မူတွင် အခြေချသည့် ခွဲထွက် DKBA အဖွဲ့မှ အချက်အနည်းငယ်သာ ပစ်ခတ်လျက်ရှိကာ အများစုမှာ ပိန္နဲတောစစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။