Home သတင်း နေရပ်ပြန်နေထိုင်ရန် စစ်ကောင်စီက ဖိတ်ခေါ်သော်လည်း ကော့ကရိတ်မြို့ခံအများစု ပြန်မနေရဲကြသေး

နေရပ်ပြန်နေထိုင်ရန် စစ်ကောင်စီက ဖိတ်ခေါ်သော်လည်း ကော့ကရိတ်မြို့ခံအများစု ပြန်မနေရဲကြသေး

651
Photo: (လူမှုကွန်ရက်)

မေလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့သို့ ပြန်လည်နေထိုင်ရန် ဒေသခံများအား ဖိတ်ခေါ်ထားသော်လည်း အများစုမှာ လုံခြုံရေးအခြေအနေကြောင့် ပြန်မနေရဲကြသေးကြောင်း ကော့ကရိတ်မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလပိုင်းက မြို့ခံများနေရပ်ပြန်နေထိုင်နိုင်ကြောင်း စစ်ကောင်စီက ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး အများ စုမှာ မိမိတို့နေအိမ်မှ ကျန်ရှိသည့်ပစ္စည်းများကို ထုပ်ပိုးသယ်ယူရန်သာ အသွားအလာလုပ်ကြ၍ မြို့တွင်းအခြေ အနေတည်ငြိမ်မှုမရှိသောကြောင့် အတည်တကျပြန်မနေရဲကြဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့ခံ အမျိုးသားတစ်ဦးက “အခြေအနေက ဘယ်အရာမှ တည်ငြိမ်မှုမရှိသေး‌ တော့ပြန်နေလို့မရဲသေးဘူး။ ပြည်သူတွေတော့ အများကြီးပြန်ကြတယ်။ ပစ္စည်းသယ်ထုတ်ပြီးပြန်လာကြတာ တစ်ချို့ရပ်ကွက်ကတော့ တစ်ဦးတစ်လေ အိမ်စောင့်ပြန်တာ‌ပဲရှိတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲကြောင့် မြို့ခံများမှာ (၅)လဝန်းကျင် စစ်ရှောင်နေရသလို ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များမှ အရပ်သားနေ အိမ်အများအပြားမှာလည်း လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့ရပြီး အချို့မှာ ပြန်စရာနေအိမ်မရှိတော့သည့် အခြေအနေများတွေ့ကြုံနေရကြောင်း ကော့ကရိတ်စစ်ရှောင်များ၏ ပြောပြချက်အရ သိရသည်။

“စစ်ရှောင်ရတာလည်းကြာပြီ။ ကိုယ့်အိမ် ကိုယ့်မြို့တော့ပြန်ချင်ကြတာပေါ့။ အခု ပြန်နေဖို့ နယ်မြေ တည်ငြိမ်မှု လည်းမရှိသေးဘူး။ အိမ်တော်တော်များများလည်း ထိခိုက်ပျက်စီးတယ်။ မီးလောင်ပျက်စီးတယ် ။ ပြန်နေထိုင်ဖို့ ကတော့ တော်တော်ခက်ခဲတယ်”ဟု ကော့ကရိတ်မြို့ခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

Photo: (လူမှုကွန်ရက်)

အထူးသဖြင့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် အိမ်ခြေ(၁,၀၀၀)ကျော်ရှိသော အမှတ်(၇)ရပ်ကွက်တွင် လူနေအိမ် (၃)ပုံ ပုံလျှင် (၂)ပုံခန့်မှာ မီးလောင်ပျက်စီးနေပြီး ကျန်ရှိရပ်ကွက်အမှတ်(၂)နှင့် အမှတ်(၄) ရပ်ကွက်တို့တွင်လည်း ပျက်စီးမှုများရှိနေ၍ လူနေထိုင်မှုမရှိကြောင်း နေအိမ်ပြန်ကြည့်သည့် စစ်ရှောင်အချို့၏ ပြောပြချက်အရ သိရသည်။

ထိုအခြေအနေတွင် စစ်ကောင်စီဘက်ကလည်း နေအိမ်မီးလောင်ပျက်စီးသွားသည့် ကော့ကရိတ်မြို့ ခံပြည် သူများကို မြို့နယ်ခန်းမသို့ စာရင်းသွားရောက်ပေးသွင်းစေပြီး စားနပ်ရိက္ခာအနည်းငယ်လည်း ပေးဝေနေသည်ဟု ဒေသခံများက ဆိုသည်။

နေရပ်ပြန်ကြည့်သည့် ကော့ကရိတ်မြို့ခံ အမျိုးသားတစ်ဦးကလည်း “နေတဲ့သူရှိဖို့နေနေသာသာ ဈေးဆိုင် တောင်မရှိလို့ ကျနော်ခဏပြန်တဲ့အချိန် ရေတောင်ငတ်တဲ့အဖြစ်ပါ။ ရေတွင်းတွေဆိုရင်လည်း ဓာတုအဆိပ် တွေရှိမှာစိုးလို့ မသောက်ရဲဘူး။ အိမ်ပြန်နေတယ်ဆိုပြီး ထောက်ပံ့ကြေးယူတဲ့သူတွေတော့ရှိမှာပေါ့။ အခုလည်း မီးအကုန် လောင်သွားတဲ့နေအိမ်တွေကို စစ်တပ်က မားမားခေါက်ဆွဲခြောက်တို့၊ စောင်တို့ခြင်ထောင်တို့ပေးတယ် ။ သူတို့ဆီစာရင်းသွားပေးမှရတာ။” ဟု ပြောသည်။

စစ်ကောင်စီ၏ ထိန်းချုပ်ထားသည့် သတင်းနှင့်မီဒီယာများတွင်မူ တိုက်ပွဲဖြစ်ပွားမှုကြောင့် လနှင့်ချီစစ် ရှောင်နေရသည့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက် (၇)ခုနှင့် ကျေးရွာ(၂)ရွာရှိ လူဦးရေ စုစုပေါင်း (၆၉,၂၃၈)သည် ဧပြီလ(၂၇)ရက်နေ့မှစ၍ မြို့တွင်းပြန်လည်နေထိုင်ကြပြီဟု ရေးသားဖော်ပြနေပြီး ၎င်းတို့စာရင်းများအရ မေလ(၂)ရက်နေ့အထိ ပြန်နေထိုင်သူမှာ လူဦးရေ (၈၀၀)ကျော် ဖြစ်သည်။

Photo: (လူမှုကွန်ရက်)

သို့သော် လက်တွေ့မြေပြင်ရှိ ဒေသခံအများစုမှာ အထက်ဖော်ပြပါအတိုင်း နေအိမ်ရှိပစ္စည်းပြန်သယ်သူများသာ ဖြစ်ပြီး စစ်ကောင်စီတပ်စခန်းနှင့်နီးသည့် ကော့ကရိတ်မြို့အပြင် လှိုင်ဝကျေးရွာတွင်မှု ဈေးဆိုင်များဖွင့် လှစ် ရောင်းချ၍ မြို့လည်ပတ်နေသည့်အပြင် နေထိုင်သူ လူဦးရေ(၃၀၀)ခန့်ရှိနေနိုင်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်အချို့က ပြောဆိုသုံးသပ်သည်။

၎င်းအပြင် စစ်ကောင်စီ၏ အဆိုပါ ဖိတ်ခေါ်ချက်သည် ပြည်သူများအား လူသားဒိုင်းအသွင်အသုံးချလိုသော ဖိတ် ခေါ်မှုဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသလို စစ်ကောင်စီအနေဖြင့်လည်း စစ်ရေးအသွင်မှ နိုင်ငံရေး အသွင်ဖြင့် ပြန်လည်လွှမ်းမိုးသော နည်းဗျူဟာတစ်ခုဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ကော့ကရိတ်မြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “စစ်ရေးနဲ့နိုင်ငံရေးကအနိမ့်အမြင့်တော့ရှိတယ်လေ၊ စစ်ရေးအသွင်လုပ်တယ်။ နိုင်ငံရေးကိုပြန်ပြီးတော့ လွှမ်းမိုးအောင်လုပ်တာကလည်း စစ်တပ်ရဲ့နည်းဗျူဟာပဲ။ တချို့ကတော့ ပြေးမနိုင်တော့လို့ အသေခံတဲ့ လူတွေ တော့ရှိတာပေါ့။ ဒါပေမဲ့ ပြည်သူလူထုက ဘယ်ယုံမှာလဲ၊ နေဖို့နေနေသာသာအိမ်တောင်မှမရှိဘဲ၊ တချို့ လည်း နောင်ခါဖြစ်လာမယ့်စစ်ပွဲကိုမျှော်လင့်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်။ ဒါကြောင့် သူတို့ လုံးဝပြန်နေဖို့အနေအထားရော နေဖို့ရောမရှိပါဘူး။” ဟု KNU တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ကော့ကရိတ်မြို့ ၇ မိုင် ပတ်လည်တွင် ဗုံးကြဲပစ်ခတ်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး စစ်ကောင်စီက လေယာဉ်နှင့် လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်မှုလုပ်ဆောင်နေသဖြင့် ဒေသခံများမှာ ကော့ကရိတ်မြို့သို့ ပြန်မနေကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောဆိုထားသည်။