Home သတင်း ဝင်းရေးမြို့နယ်ရှိ တောင်စွန်းစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ဝင်းရေးမြို့နယ်ရှိ တောင်စွန်းစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

652
Photo: Social Media

မေလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ် တောင်စွန်း (လေးနော်)ရွာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်က မေလ ၃ ရက်၊ ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း မြေပြင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများ လုပ်ဆောင်နေသည့်ကြားက ခြေလျင်တပ်ရင်း ခလရ-၂၈၄ အခြေချ တပ်စခန်းကို KNLA Lion Battalion Commando-ဗျူဟာစစ်ကြောင်းနှင့် မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့များမှ ယနေ့နံနက်ပိုင်းတွင် တက်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

၎င်းက “ဒီမနက် ၈ နာရီလောက်မှ စခန်းသိမ်းနိုင်ခဲ့တယ်။ တက်ရောက်တဲ့အချိန်မှာ စစ်ကောင်စီဘက်က ပြေး ကုန်ပြီး စခန်းချန်ထားပြီး သူတို့လက်နက်တွေကို မီးရှို့ဖျက်ဆီးပစ်လိုက်တာရှိတယ်”ဟု ကေအိုင်စီသို့ အတည်ပြုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် မတ်လကတည်း စတင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တက်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီဘက်မှ အမြောက်လက်နက်ကြီးများနှင့်ပစ်ကူပေးသည့်အပြင် လေကြောင်းပစ်ခတ်မှုပါ ဆက်တိုက် ပစ်ခတ်ပေးလျက်ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

Photo: Social Media

အဆိုပါ တောင်စွန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုရှိသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံး မှုရှိကြောင်းလည်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၈၄ နှင့်အတူ နယ်ခြားစောင့်တပ်-BGF အမှတ် ၁ဝ၂၂ တပ်ရင်းတို့ ပူးပေါင်း စခန်းချနေထိုင်သည့် ထိုစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကလည်း တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဘက်မှ စခန်း၏ထက်ဝက်နီးပါးအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူအပြင်းအထန် တုန့်ပြန်ပစ်ခတ်ပေးသည့်အတွက် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ယခုတဖန် ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဝင်းရေးမြို့နယ်တွင် ယခုတောင်စွန်းစစ်တပ်စခန်းနှင့် အနန်းကွင်းစစ်ဗျူဟာ စခန်းတို့တွင် မကြာခဏ ပစ်ခတ် မှုများဖြစ်ပွားလျက်ရှိရာတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းအထန် တုန့်ပြန်ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် အနန်းကွင်း၊ တောင်စွန်း၊ သံပုရာ၊ ဆင်ပြေး၊ ဝင်းခန၊ ခုခံ၊ ကိုရောင်နှင့် လွတ်ရှမ်းရွာအပါအဝင် ကျေးရွာပေါင်းဝရွာကျော်မှ လူကြီးလူငယ်၊ ကလေး လူထု တစ်သောင်းကျော် နေရပ်မပြန်ရဲသေးဘဲ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။