Home တွေ့ဆုံမေးမြန်းခန်း ဘုရားသုံးမြို့ ပေါက်ကွဲမှုဖြစ်စဉ်အပေါ် DKBA အမှတ် (၂) စစ်နည်းဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း ရှင်းလင်းချက်

ဘုရားသုံးမြို့ ပေါက်ကွဲမှုဖြစ်စဉ်အပေါ် DKBA အမှတ် (၂) စစ်နည်းဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း ရှင်းလင်းချက်

622

ဘုရားသုံးမြို့ ပေါက်ကွဲမှုဖြစ်စဉ်အပေါ် DKBA အမှတ် (၂) စစ်နည်းဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း ရှင်းလင်းချက်

‘ကျနော်တို့ အချင်းချင်း ဖြစ်ကြတာ၊ တိုက်ကြတာ အဲလိုတွေရေးတော့ ရန်သူတွေအတွက် အားဖြစ်သွားတယ်။ ကျနော်တို့ လက်နက်ကိုင်အဖွဲ့အားလုံး လူထုအားလုံး ကို ပြောချင်တာက အခုဖြစ်တာက အချင်းချင်း ရန်သွားရှာပြီး ပစ်ကြလို့ ဖြစ်ကြတာမဟုတ်ပါဘူး။ သွားပြီးပြောဆိုဆွေးနွေးဖို့ပဲ။ အဲဒီကိုရောက်တဲ့အချိန်မှာ မတော်တဆ ဖြစ်သွားကြတာဖြစ်တယ်။’ ဗိုလ်မှူးကြီး စောအေဝမ်း (DKBA)

—————-
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန်(၈)လမ်းရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များနေထိုင်သည့်နေရာတွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA အပါအဝင် ကရင်အမျိုးသားအစည်းအရုံး -KNU နှင့် BGF တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားသုံးဆူဒေသအခြေစိုက် DKBA အမှတ် (၂) စစ်နည်းဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ယခုလို ဖော်ပြလိုက်ပါသည်။

မေး။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘုရားသုံးဆူမြို့ နေအိမ်တစ်အိမ်က ပေါက်ကွဲမှုမှာ DKBA တပ်ဖွဲ့ဝင် အပါအဝင် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြပေးပါအုံး။
ဖြေ။ မီဒီယာပေါ်မှာ တက်တဲ့သတင်းတချို့ကတော့ သေချာမေးယူတာမရှိတော့ သူတို့ ကြားသလို တင်တဲ့ လိုက်အခါမှာ မြေပြင်မှာအချင်းချင်းပြီးတော့၊ လူထုတွေ ထင်ယောင်ထင်မှားသွားတာရှိတယ်။ အမှန်က အဲဒီ တစ်ယောက်က သူ့နာမည်က အောင်ခိုင်ဦး(ခ) ကတုံးပါ။ သူက လွန်ခဲ့တဲ့ ၁၁ နှစ်က စစ်တပ်က သူ့ကို တစ်ခါ ဖမ်းတာရှိခဲ့တယ်။ အဓိကတော့ မူးယစ်ဆေးဝါးကိစ္စပေါ့၊ ထောင်တစ်နှစ်ကျခဲ့တယ်။ သူက ဗိုလ်လေးဝင်းရဲ့ လူဖြစ်တယ်။ အဲဒီဗိုလ်လေးဝင်းကတော့ BGF ဗိုလ်ဒေါဒေါအောက်မှာရှိတယ်။ BGF အပြောင်းအလဲလုပ်မယ့် အချိန်မှာ အဲဒီဗိုလ်လေးဝင်းက အပြောင်းအလဲမလုပ်ချင်တော့ သူက DKBA ဗိုလ်ဘိအဖွဲ့နဲ့ ပြန်ပေါင်းတယ်။ သူပြန်ပေါင်းတဲ့အချိန်မှာ သူ့လူအောင်ခိုင်ဦးက ပါမသွားတော့ဘူး။ အဲဒါကြောင့် ဘုရားသုံးဆူမှာ ကျန်ခဲ့တဲ့အဖွဲ့တွေက အဖွဲ့တွေကွဲသွားခဲ့တယ်။

အောင်ခိုင်ဦးကျတော့ ဗိုလ်စောတင်ဝင်းအောက်က လူလိုလိုပြန်ဖြစ်တယ်။ ဗိုလ်စောတင်ဝင်းက ကျနော့်ကိုပြောသေးတယ်။ အဲဒီလူအဲမှာနေတာ နည်းနည်းကြည့်ပေးအုံးဆိုပြီး။ ဒါပေမယ့် စောတင်ဝင်းကလည်း အဲဒီလူအကြောင်းကို သူသိပ်မသိဘူး။ ဘုရားသုံးဆူမှာရှိတဲ့ အောင်ခိုင်ဦးတို့အဖွဲ့က စစ်သင်တန်းရထားတာလည်း မဟုတ်ဘူး။ နိုင်ငံရေးလည်း နားမလည်ဘူး။ ပြည်သူတစ်ယောက်လိုလို လက်နက်ကိုင်လိုလိုနေပြီး ဟိုဘက် သာရင်သွားမယ်။ ဒီဘက်သာရင်သွားမယ်ဆိုပြီး အဲလိုလုပ်တယ်။ သူတို့ကိုယ်ကျိုး မိသားစုအတွက် စီးပွားရေး လုပ်တာပဲရှိတယ်။

ပြီးတော့ သူတို့က ဗိုလ်ဒေါဒေါသား ဝစ်စတန်နဲ့ပေါင်းပြီး တပ်ရင်းအသစ်တစ်ခု ဖွဲ့ဖို့ ဟိုလိုလို ဘာလိုလိုသတင်းထွက်တယ်။ ဗိုလ်စောတင်ဝင်းကလည်း သူတို့ကို ခွင့်ပြုပေးမယ်လိုလိုဘာလိုလိုနဲ့ တရားဝင် အဖွဲ့လည်းမဟုတ်သေးဘူး။ မြို့ထဲမှာလည်းနေတယ်။ အခုလောလောဆယ် ဘုရားသုံးဆူမြို့က ကျနော်တို့ လည်းထိန်းထားတော့ သူတို့မှာ အဖွဲ့သားဘယ်လောက်ရှိလဲ၊ ဘယ်သူမှမသိဘူး။ စစ်ကောင်စီဘက်ကလည်း မသိဘူးဆိုတော့ အဲဒါကို ကျနော်တို့က မေးခွန်းထုတ်စရာဖြစ်တော့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ဘက်ကလည်းသိချင်တော့ တိုင်ပင်လိုက်တယ်။ အောင်ခိုင်ဦးကတောာ့ ကျနော်နဲ့ ခင်သိကြတယ်။ ခင်ကြတာပဲဆိုတော့ အရင်တိုင်ပင်ဆွေးနွေးကြည့်မှာပေါ့နော်။

ဒါပေမယ့် ကျနော့်လူတွေက သူတို့ကိုသွားတွေ့တဲ့အခါမှာ ဘာမှကြိုမပြောထားတော့ သူတို့လူတွေဘက်ကလည်း လန့်သွားတယ်။ ပြီးတော့ အဲမှာရှိတဲ့သူတို့ကလေးတွေကလည်း မူးယစ်ဆေးတွေသုံးများပြီးကြောင်နေတော့ ကားတွေ့တာနဲ့ သေနတ်တွေမောင်းတင်တာတွေရှိတယ်။ သူတို့အဲလိုလုပ်တော့ ကျနော်တို့လူဘက်ကလည်း သေနတ်ပြန်မောင်းတင်တာတွေလည်း ရှိရင်ရှိမှာပေါ့။ ပြီးတော့ သေနတ်တစ်ချက်နှစ်ချက်ဖောက်ပြီးနောက်မှာ ပေါက်ကွဲမှုဖြစ်တယ်။ အဲဒီမှာရောက်တဲ့ ကျနော်တို့လူတွေက ကားပေါ်ကနေတောင်ဆင်းတာမကုန်သေးဘူး။ အရှေ့က လမ်းကလည်းကျဉ်းတော့ အဲမှာအကုန်ပေါက်ကွဲပြီးထိကုန်တယ်။ ပေါက်ကွဲမှုဖြစ်ပြီး ကျနော်တို့ သွားကြည့်တဲ့အချိန်မှာ သူတို့လူ ၂၀ ကျော်က ရော်ဘာခြံတွေမှာ ပြေးတော့ ဘာမှမလုပ်ဘူးပြန်တက်လာခိုင်းပြီး လက်နက်တွေချခိုင်းတယ်။

ပြီးတော့ သူတို့ကို အခြေအနေမေးကြည့်တော့ သူတို့လည်း ဖြစ်စဉ်တိတိကျကျမသိဘူး။ သူတို့က လက်နက်ထုတ် ရောင်းတော့ သူတို့ ဂိုဒေါင်ထဲက ကားနှစ်စီးပေါ်မှာလည်း လက်နက်တွေကျည်အပြည့်ထည့်ထားတယ်။ ၆၀ မမ ကျည်တွေ၊ 7 (RPG)ကျည်တွေအပြည့်ပဲ။ ပြီးတော့ ဗုံးတွေ အဲဒီကားကနေပေါက်တာ။ ဖြစ်စဉ် ဘယ်လိုဖြစ်လာတာလဲတော့ သေချာတော့မသိရဘူး။ ဘာလို့လဲဆိုရင် ကျနော်တို့လူတွေရောက်တော့ သူတို့ကို ပစ်ခတ်တာလည်းမရှိဘူး။ သို့သော် သေနတ်အသံ တစ်ချက်နှစ်ချက်ကြားပြီး အသံတွေက ဆက်တိုက် ပေါက်လာပြီးပေါက်ကွဲသွားတယ်။ တစ်ဖက်နဲ့တစ်ဖက် ပစ်ကြပြီး ဖြစ်တာမဟုတ်ဘူး။

မေး။ အဲဒီက BGF အဖွဲ့က ဘယ်တပ်ရင်း လက်အောက်မှာနေပြီးတော့ ဘယ်လိုတွေ ရပ်တည်နေကြလဲ။
ဖြေ။ အဲဒီ BGF က တပ်ရင်းမရှိ မဖြစ်သေးဘူး။ ကျိုက်ဒုံဗျူဟာကျပြီးတဲ့နောက်မှာ ဗိုလ်ဒေါဒေါသား ဝစ်စတန်က ဒီဘက်ဘုရားသုံးဆူဘက်လှုပ်ရှားပြီး BGF တပ်ရင်းတစ်ရင်းထောင်မယ်ဆိုပြီး အဲလိုအစီအစဉ်ရှိတယ်။ ဘာ တရားဝင်မှမရှိသေးဘူး။ သူဒီဘက်လှုပ်ရှားလာတဲ့အချိန်မှာ အဲဒီအောင်ခိုင်ဦးအဖွဲ့က အခွင့်အရေး ရသလိုဖြစ်ပြီး လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ ပြီးတော့သူတို့လူတွေက လောင်းကစားတွေလိုက်ဖွင့် ၊ မြို့မှာသေနတ်ဖောက် ၊ အဲလိုတွေရှိတော့ ကျနော်တို့က သူတို့ကိုသွားတွေ့ဆုံပြီး မေးမြန်းတာတွေလုပ်ဖို့ပါပဲ။

အခု အဲလိုဖြစ်ပွားမှုဖြစ်တဲ့နောက်မှာ ကျနော်က ဗိုလ်ချစ်(ဗိုလ်မှူးကြီးစောချစ်သူ)နဲ့ စကားသွားပြော တော့ အကောင်းဆုံးကြည့်ပြီး ဖြေရှင်းလိုက်ပါလို့ ပြောတယ်။ အဲဒီအဖွဲ့က စည်းကမ်းလိုက်နာတာတွေလည်း မရှိဘူး။ သူတို့အခြေအနေအားလုံးလည်း မသိရဘူးပြောတယ်။ တကယ်လို့ ကျန်တဲ့သူတို့လူတွေက စစ်သားလုပ်ချင်ရင် ကျနော့်ဆီမှာခေါ်ထားလိုက်၊ စစ်သားမဖြစ်ချင်ရင် အရပ်သားလိုပဲနေခိုင်း၊ လက်နက်တွေကိုတော့ သိမ်းထားလိုက် ကျနော့်ကို အဲလိုပြောလာတယ်။ မဟုတ်ရင် အထင်အမြင်မှားပြီး ပြဿနာတွေဖြစ်လာမယ်။ ကျနော်က ဗိုလ်ချစ်သူကိုအခြေအနေအားလုံးပြောပြပြီး ဗိုလ်တင်ဝင်းကိုပြန်ရှင်းပြခိုင်းတယ်။ သူလည်းပြန်ရှင်းပြမယ်လို့ ပြောတယ်။ အဲဒီအဖွဲ့က တရားဝင် BGF မဟုတ်သေးဘူး။

မေး။ သူတို့နေရာကို သွားတဲ့အချိန်မှာ DKBA ကော၊ KNU ဘက်ကော လူအင်အား ဘယ်လောက်ပါသွားလဲ၊ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုလည်း ပြောပြပါအုံး။
ဖြေ။ အဲဒီမှာသွားတာက ပြောဆိုဆွေးနွေးဖို့အတွက်သွားတာပဲ။ စုစုပေါင်း အယောက် ၁၀ ကျော်ပါတယ်။ ကျနော် တို့ DKBA က(၈)ယောက်ပါတယ်။ KNU က ၁၁ယောက်ပါတယ်။ ကျနော်တို့လူက ကားအောက် တောင် မဆင်းရသေးဘူး။ အဲလိုဖြစ်တော့ အကုန်ထိပြီးပါတဲ့လူအားလုံး ကျသွားတယ်။ ကေအဲန်ယူကတော့ သူတို့ ကားပေါ်က အရင်ဆင်းတော့ သူတို့ ၂ ယောက်ထိသွားတယ်။ သေဆုံးတာ တစ်ယောက်ပဲလို့ပြောတယ်။ ကျန်တဲ့တစ်ယောက်က ဒဏ်ရာရတယ်။ အဲဒီအထဲမှာ သူတို့ (BGF)လူ နှစ်ယောက်ပဲရှိတယ်။ အဲဒီနှစ်ယောက်က ကျနော်တို့ပြန်လေ့လာကြည့်တော့ အဲဒီအပျက်အစီးကြားမှာ ရှိတယ်ဆိုတော့ သူတို့က ဗုံးတွေထိုင်လုပ်တာဖြစ်မယ်။

ပြီးတော့ မီးလောင်သွားတဲ့အဆောက်အဦးအောက်မှာ မြေအောက်ခန်းလို ကတုတ်ကျင်းတွေရှိတယ်။ ရဲစခန်းမှာ လုပ်ထားတဲပုံစံတွေနဲ့တူတယ်။ ပြီးတော့ ဂက်စ်တွေနဲ့ရှိတယ်။ သူတို့အဆောက်အဦးဝင်းမှာ လိုက်စစ်တော့ မိုင်းဗုံး လုပ်တဲ့ပစ္စည်းအတိုအဆတွေ၊ လက်နက်ပစ္စည်းအတိုအဆတွေကြီးပဲ။ ဘုရားသုံးဆူမှာက KNU တပ်ရင်း ၁၆ ရှိတော့ သွားတဲ့အချိန်မှာ အဲက လူသွားတယ်။ သွားတာက ကား ၃ စီး၊ ၂ စီးကအရင်ရောက်တော့ ရောက်တာနဲ့ ပေါက်ကွဲမှုဖြစ်သွားတာဖြစ်တယ်။ ကျနော်တို့ DKBA လူဘက်ကတော့ ကျဆုံးတဲ့အထဲမှာ ဒုခွဲမှူးတစ်ယောက်ပါတယ်။

မေး။ ပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒီကိစ္စနဲပတ်သက်လို့ ဘယ်လို ဆွေးနွေးတိုင်ပင်မှု၊ အရေးယူလုပ်ဆောင်မှုတွေ ဆက်ရှိပါသလဲ။
ဖြေ။ ကျနော်တို့လူတွေကတော့ ကျဆုံးမှုများတော့ သူတို့ မကျေနပ်ကြဘူးပေါ့နော်။ ဘာလို့လဲဆိုရင် သွားတာက ဘာမှ သွားမလုပ်ဘူး။ ပြောဆိုဆွေးနွေးဖို့ အခြေအနေမေးမြန်းဖို့အတွက်ပဲ သွားတာ။ သူတို့က သေနတ် တစ်ချက် နှစ်ချက်ပစ်ပြီး အဲလိုပေါက်ကွဲမှုတွေလုပ်တော့ ကျနော်တို့လူတွေက မကျေနပ်ကြဘူး။ ပြီးတော့ သူတို့က မြို့ထဲမှာ နေတယ်။ ပြီးတော့အိမ်ဝင်းမှာ အဲလိုတွေလက်နက်တွေ ထုတ်ရောင်းကြတာတွေက မဟုတ်ဘူးလေ။ အဲဒါကြောင့် သေချာစစ်ဆေးပြီး ထိုက်သင့်တဲ့အပြစ်နဲ့အရေး ယူမယ်လို့ အဲလိုသဘောထားရှိကြတယ်။

အဲလိုဖြစ်ပြီးနောက်မှာ သူတို့မှာရှိတဲ့ လက်နက်တွေအကုန်သိမ်းလိုက်တယ်။ ကျနော်တို့ကတော့ သူတို့ကြောင့် ထိခိုက်ပျက်စီးသွားတဲ့အရာတွေကို အကုန်ဖြေရှင်းခိုင်းမယ်။ ဘာလို့လဲဆိုတော့ ထိခိုက်သေဆုံးမှုများတော့ မိဘတွေကလည်း မကျေနပ်ဘူး။ အဲဒီထိခိုက်သေဆုံးမှုတွေကို တာဝန်ယူခိုင်းမယ်။ ပြီးတော့ ပေါက်ကွဲမှုကြောင့် အိမ်နီးနားကလူထုအိမ်တွေ အုတ်တံတိုင်းလည်းထိခိုက်ပျက်စီးတာရှိတယ်။ အဲဒါကို လျော်ကြေးပေးခိုင်းမယ်၊ သူတို့တွေက စီးပွားရေးလုပ်တယ်။ လက်နက်တွေလည်းရောင်းတယ်ဆိုတော့ ငွေကြေးအဆင်ပြေတာ တွေရှိတယ်။

မေး။ အဲဒီပေါက်ကွဲမှုကြောင့် မြို့ထဲက အရပ်သား ပြည်သူက ထိုင်းဘက်ကို သွားရောက်တိမ်းရှောင်တာရှိတယ်လို့သိရတယ်။ အဲဒီအခြေအနေကိုလည်း ပြောပြပေးပါအုံး။
ဖြေ။ ဘုရားသုံးဆူမှာက နယ်စပ်နဲ့အရမ်းကပ်တယ်။ ပေါက်ကွဲမှုပဲဖြစ်တယ်၊ ကျန်တာတွေက ပတ်ခတ် တိုက်ခိုက်တာလည်းမရှိဘူး။ သူတို့က ပစ်ကြတယ်ထင်တော့ အဲမှာနေတဲ့လူတချို့က ကြောက်ပြီး ထိုင်းဘက်ကို ပြေးသွားတယ်။ ဘာဖြစ်လဲဆိုတော့ အဲဒီနယ်စပ်နယ်နမိတ်က ချောင်းခြားတာလည်း မရှိဘူး။ နယ်စပ် တံခါးဖွင့်လိုက်တာနဲ့ ထိုင်းဘက်ရောက်ပြီးဆိုတော့ တံခါးဖွင့်ပြီးတော့ဝင်သွားတာပေါ့။ နယ်စပ်နဲ့ အရမ်း နီးတဲ့လူတွေကတော့ ပုံမှန်လိုဖြစ်တယ်။ အသံနည်းနည်းကြားတာနဲ့ အဲဒီဘက်ကို ဝင်သွားတယ် အဲလိုတွေရှိတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ပေါက်ကွဲမှုဖြစ်တာဘဲဆိုတော့ ထိုင်းဘက်ဝင်သွားပြီး ပြန်လာတာပေါ့။

မေး။ အဲဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။
ဖြေ။ ပြောချင်တာက လိုင်းပေါ်မှာထွက်တဲ့သတင်းတွေက DKBA၊ KNU နဲ့ BGF အချင်းချင်းကြား ပဋိပက္ခဖြစ်ပြီး ပစ်ကြတာတိုက်ပွဲဖြစ်တာ အဲလိုတွေပြောဆိုတာတွေ ရေးတာတွေရှိတယ်။ အဲလိုတွေဖြစ်ကြတော့ လူထုတွေက လည်း လက်နက်ကိုင်တစ်ဖွဲ့နဲ့တစ်ဖွဲ့သွားပြီး အနိုင်ယူကြတယ်။ ရန်ရှာကြတယ်။ အဲလိုထင်ယောင်ထင်မှားတွေ ဖြစ်ကြတယ်။ အမှန်တော့ ဘာမှမဟုတ်ဘူး။ မကျေနပ်ကြတာလည်း မဟုတ်ဘူး။ သတင်းတွေမှာတော့ အမျိုးမျိုးလိုက်ရေးကြတာပေါ့။ ကျနော်တို့အချင်းချင်း ဖြစ်ကြတာတိုက်ကြတာ အဲလိုတွေရေးတော့ ရန်သူတွေအတွက် အားဖြစ်သွားတယ်။ ကျနော်တို့ လက်နက်ကိုင်အဖွဲ့အားလုံး လူထုအားလုံး ကို ပြောချင်တာက အခုဖြစ်တာက အချင်းချင်းရန်သွားရှာပြီး ပစ်ကြလို့ ဖြစ်ကြတာမဟုတ်ပါဘူး။ သွားပြီးပြောဆိုဆွေးနွေးဖို့ပဲ။ အဲဒီကိုရောက်တဲ့အချိန်မှာ မတော်တဆ ဖြစ်သွားကြတာဖြစ်တယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ လက်နက်ကိုင်တဲ့အဖွဲ့တွေများတော့ အဲဒါကို သွားဆွေးနွေးပြောဆိုမေးမြန်းဖို့ အတွက်ပဲ ဖြစ်တယ်။ တရားဝင် BGF နဲ့ ကျနော်တို့ အဖွဲ့တွေနဲ့ ဖြစ်ကြ တာမဟုတ်ဘူး။ ကျနော်တို့ အဖွဲ့အချင်းချင်းလည်း နားလည်သဘောပေါက်တယ် ။ လူထုတွေမစိုးရိမ်ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။