မေလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး တပ်များ ကြား တိုက်ပွဲများဖြစ်ပေါ်နေသောကြောင့် တစ်လကျော်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်ကြရသော ကျေးရွာပေါင်း(၃၀)မှ ဒေသခံ (၃,၀၀၀)ကျော်သည် ယခုအချိန်ထိ နေအိမ်မပြန်ရဲကြသေးကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
နောင်ချိုမြို့နယ်ရှိ သရက်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များကြား ပြီးခဲ့သည့် ဧပြီလ(၁၄)ရက်နေ့မှ စတင်ကာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေ သော ကြောင့် အနီးရှိကျေးရွာများဖြစ်သည့် သရက်ကုန်းကျေးရွာ၊ ကံ့ကော်ကျေးရွာ၊ ဇာလီကျေးရွာ၊ ပါဟက် ကျေးရွာ၊ ပန်ခံကျေးရွာ၊ နားပျန် ကျေးရွာ၊ ညောင်ကုန်းကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၃၀မှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း SHRF မှ တာဝန်ရှိသူက ပြောသည်။
SHRF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “အခုချိန်ထိ လက်နက်ကြီး ပစ်ခတ်တာ တွေရှိ နေသေးတယ်။ ဒေသခံတွေကလည်း အခုချိန်ထိ အိမ်မပြန်ရဲ ကြသေးဘူး။ စစ်ဘေး ရှောင်တွေကတော့ တိုးလာတယ်။ တချို့ဒေသခံတွေ ကျတော့လည်း အမျိုးအိမ်မှာ တက်နေကြတာမျိုးလည်းရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များသည် ဘန့်ဘွေးကျေးရွာ၊ အင်၀ိုင်း ကျေးရွာ၊ ညောင်ကုန်းကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် ကျေးရွာအနီးရှိ တောများ ထဲတွင် တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အခု လက်ရှိမှာတော့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ စစ်ကောင်စီကလည်း လေယာဉ်နဲ့ မကြာ မကြာလာတယ်။ အဲ့တာကြောင့် စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင် ကြသေးဘူး။ ဒုက္ခရောက် နေကြတယ်။ ပြီးတော့ ပြီးခဲ့တဲ့ရက်က ကြံခင်း သွားကြည့်ဖို့ ပြန်သွားတဲ့ ရွာသား ၃ ယောက်လည် ရွာ အဝင်မှာ စစ်တပ်ရဲ့ မြေမြှုပ်မိုင်းနင်းမိပြီးတော့ ဒဏ်ရာအပြင်း အထန်ရပြီး ပြင်ဦးလွင် ဆေးရုံမှာ ဆေးကုသ မှုခံယူနေရတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သရက်ကုန်းကျေးရွာမှ ရှေ့ဟောင်း ဘုန်းကြီး ကျောင်း တစ်ဆောင်၊ ညောင်ကုန်းကျေးရွာမှ နေအိမ်အလုံး(၆၀)နှင့် သုံးဆယ်ကျေးရွာ အတွင်းရှိ နေအိမ်တစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှု များကြောင့် ရှမ်းပြည်မြောက်ပိုင်း နောင်ချို မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလမှစ၍ ယခုအထိ အရပ်သား (၇) ဦးသေဆုံးပြီး (၂၀)ဦးဒဏ်ရာရကာ မိုးမိတ်မြို့နယ်တွင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)ကို ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်လေ့လာရန်နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရသူများကို တရားမျှတခွင့် ပြန်လည်ရရှိရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး၊ သဟဇာတရှိရေး၊ တန်းတူညီမျှရှိရေးတို့အတွက် လှုပ်ရှားဆောင်ရွက်ရန်ရည်ရွယ်ပြီး ၁၉၉ဝခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံနှင့်ရှမ်းပြည် နယ်စပ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။