Home သတင်း သံတောင်ကြီးမြို့ လျှပ်စစ်ရုံးက မီတာစာရွက်မပေးဘဲ ကျသင့်ငွေ စာရင်းစာရွက်ဖြင့်သာ မီတာခများ ကောက်ခံ

သံတောင်ကြီးမြို့ လျှပ်စစ်ရုံးက မီတာစာရွက်မပေးဘဲ ကျသင့်ငွေ စာရင်းစာရွက်ဖြင့်သာ မီတာခများ ကောက်ခံ

609
Photo: CJ

ဧပြီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ လျှပ်စစ်ရုံး တာဝန်ရှိဝန်ထမ်းများက တစ်အိမ်ခြင်း သုံးစွဲယူနစ် အလိုက် ကျသင့်ငွေပမာဏ တိတိကျကျဖော်ပြထားသော မီတာစာရွက်များ ပေးဝေခြင်းမရှိဘဲ အိမ်နံပါတ်၊ အမည်နှင့်ငွေပမာဏသာ ပါဝင်သောစာရင်းစာရွက်ဖြင့် မီတာခများကောက်ခံနေကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လဒုတိယအပတ်က သံတောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် လျှပ်စစ်ရုံးတာဝန်ရှိသူတို့က မြို့နေခရစ်ယာန်သင်းအုပ်ဆရာတော်များအား အစည်းအဝေးခေါ်ယူကာ မီတာခကောက်ခံမည့်ကိစ္စ ပြောဆိုခဲ့ပြီးနောက် သက်ဆိုင်ရာနေအိမ်အလိုက် မီတာခကျသင့်ငွေ၊ အိမ်နံပါတ်နှင့်အမည်သာပါသည့် စာရင်းစာရွက်ကို ဆရာတော်များထံပေး၍ ဒေသခံများသို့ ထပ်ဆင့်အသိပေးခိုင်းထားခြင်းဖြစ်သည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေမရှိတော့ သူတို့ က တစ်ခုခုဆို အသင်းတော်ကဆရာတော်တွေကို အားကိုးတယ်လေ။ ပြီးတော့ နာမည်စာရင်းရယ် အိမ်နံပါတ်နဲ့ကျသင့်ငွေစာရင်းကို ဘုရားကျောင်း မှာလာပေးသွားတယ်။ အရင်မီတာစာရွက်လိုမျိုး ယူနစ်နဲ့အသေအချာ ပေးတာမဟုတ်ဘူး။ ဆရာတော်တွေက စာရင်းတော့ယူထားပေးတယ်၊ ကိုယ့်ဘာသာလာကြည့်ကြပေါ့။ ဆောင်တာမဆောင်တာ ဒေသခံတွေအပိုင်းပဲလို့ပြောတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် မီတာရုံးဘက်က ပေးလာသည့်စာရင်းစာရွက်တွင် အမှန်တကယ် လျှပ်စစ်သုံးစွဲသည့်အိမ်က အနည်း ငယ်သာကျသင့်ပြီး သုံးစွဲမှုနည်းသည့်အိမ်က ပေးရမည့်ငွေပမာဏများနေသဖြင့် ကျေနပ်မှုမရှိကြဟု မြို့ခံများက ဆိုသည်။

အမည်မဖော်လိုသူမြို့ခံက “သူ့ဘေလ်တွေက တကယ်သုံးနေတဲ့အိမ်တွေဆိုရင် သောင်းဂဏန်းလောက်ပဲကျပြီး တချို့ကျတော့ ၆ သိန်း လောက်ကျနေတာတွေရှိတယ်။ ထွေအုပ်ပြောတာကတော့ နောက်ဆုံးမီတာစာရွက်ကို ကြည့်ပြီးခန့်မှန်းထည့်လိုက်တာတဲ့။ မီတာဆောင်ရင် ရုံးမှာပဲသွားဆောင်ရမှာဆိုတော့ ကျမအနေနဲ့ကတော့ ညှိလို့ရတယ်ဆိုရင် ပြန်ညှိကြည့်ဦးမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

သံတောင်ကြီးမြို့တွင် ကိုဗစ်ဒုတိယလှိုင်းစတင်ဖြစ်ပွားသည့်ကာလမှစ၍ မီတာခကောက်ခံသည့်လုပ်ငန်းစဥ်များ ရပ်ဆိုင်းသွားခြင်းဖြစ်ပြီး အာဏာသိမ်းထားသည့်ကာလတစ်လျှောက်လည်း လျှပ်စစ်မီတာရုံးရှိ ဌာနေဝန်ထမ်း အများစု CDM လုပ်ဆောင်ခဲ့ကြရာ ဌာနေမဟုတ်သည့် ဝန်ထမ်းအနည်းငယ်ဖြင့် လက်ရှိအချိန်ထိ ရုံးအလုပ် လည်ပတ်နေရကြောင်း သိရသည်။

ပေးဆောင်ရမည့် မီတာခကျသင့်ငွေစာရင်းများ ထွက်ရှိလာပြီးနောက် ဘုရင့်နောင်တပ်နှင့် ဆက်စပ်နေသော သံ တောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင် လက်ရှိအချိန်ထိ လျှပ်စစ်မီးဖြတ်တောက်မှု မရှိသေးသော်လည်း ဘောဂလိ၊ ရွှေညောင်ပင်ကျေးရွာ ဘက်တို့တွင်မူ မီးဖြတ်တောက်ထားသည်မှာ လနှင့်ချီကြာမြင့်နေသလို သံမိုးတောင်ကျေးရွာတွင်လည်း ရက်ပိုင်းခန့် မီးဖြတ်တောက်ခံထားရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။