ဧပြီလ ၂၃ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ယခု နွေရာသီကာလ အပူချိန်ပြင်းထန်မှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ရေရရှိမှု ခက်ခဲလာပြီး ရေရှားပါးမှုပြဿနာကို ကြုံတွေ့ နေရကြောင်း မွန်ပြည်နယ်ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
မော်လမြိုင်၊ ချောင်းဆုံ နှင့် ကျိုက်မရောအစရှိသည့် မြို့နယ်များအတွင်းရှိ ကျေးရွာနှင့် ရပ်ကွက်တချို့တွင် ပြီးခဲ့သည့် မတ်လမှစတင်ပြီး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်များကြောင့် ရေများခမ်းခြောက်ကာ ရေရှားပါးမှု ပြဿနာများကို ကြုံတွေ့လာရခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နေ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
၎င်းက “ရာသီဥတုကပိုပြီး ပူလာတာဆိုတော့ ရေတွင်း၊ ရေကန်တွေက သိသိသာသာကို ခမ်းခြောက်လာတယ်။ အရင် နှစ်ကထက် ဒီနှစ်က ပိုပြီးပူတယ်။ သုံးလပိုင်း လောက်ကတည်းက ရေကားတွေကနေ တစ်ဆင့် ဝယ်ပြီးသုံးနေရတဲ့ အခြေနေအထိ ဖြစ်လာတယ်။ နေ့စဉ်အသုံးပြုနေတဲ့ရေတွေမရတော့ သောက်တဲ့ရေတွေပါ မရတော့တဲ့ထိ အခြေအနေဖြစ်လာတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် နိုင်ငံရေးအခြေနေများကြောင့် စက်သုံးဆီဈေးနှုန်းများလည်း မြင့်တတ်လာ၍ ရေသယ်ယူလှူဒါန်း သူများနည်းပါးလာသည့်အပြင် လျှပ်စစ်မီး ပုံမှန်မရရှိသဖြင့် ရေတင်ရာတွင် အခက်အခဲများရှိနေပြီး ဒေသခံများအနေဖြင့် ရေကားများကို ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲလာရကြောင်း မော်လမြိုင်မြို့နယ်၊ ကွမ်တာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
“လျှပ်စစ်မီးကမမှန်ဘူး။ မလာတာကများတယ်။ အဲ့ဒါကြောင့် ရေတင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ ခါတိုင်းဆို ရေလှူတဲ့သူတွေရှိတယ်။ ဒီနှစ်ကျတော့ နိုင်ငံရေး အခြေနေကြောင့်ရယ်၊ အလုပ်အကိုင်တွေ ကြပ်တည်းလာကြ တော့ ရေလှူတဲ့သူတွေမရှိတော့ဘူး။ ၁၀၀၀ လီတာ ပုံးတစ်ပုံးကို (၆,၀၀၀) ထိရှိတယ်။ ရေကားတစ်ကားကို (၁၅, ၀၀၀) ထိပေးပြီး သုံးနေရတယ်။” ဟု ထိုကွမ်တာကျေးရွာ ဒေသခံက ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် အပူချိန်ပြင်းထန်မှုနှင့်အတူ ရေတွင်းရေကန်များ ခမ်းခြောက်သောကြောင့် ရေရှားပါးလာသည့်အပြင် မြို့အတွင်းတွင်လည်း လျှပ်စစ်မီး ပိုမိုပြတ်တောက်လာသည့်အတွက် ရေတင်၍မရတော့သည့်အတွက် မြို့ပေါ်နေရာ များတွင်ပါ ရေ ရရှိရန် ခက်ခဲလာခြင်းဖြစ်သည်။
အလားတူ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် ယခုနွေရာသီကာလအတွင်း အပူချိန် ပိုမိုပြင်း ထန်လာခြင်းကြောင့် ဒေသတွင်း နေထိုင်သူများ နှင့် စစ်ဘေးရှောင်များပါ ရေရှားပါးမှုပြဿနာကို ဆိုးဝါးစွာ ကြုံတွေ့နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ထုတ်ပြန်ဖော်ပြမှုများက ပြောသည်။



















