Home သတင်း မြဝတီမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လက်လွတ်ခဲ့ရသည့် အခြေအနေနှင့် စပ်လျဥ်း၍ ကရင့်နိုင်ငံရေးသုတေသီတစ်ဦး၏ သုံးသပ်ချက်

မြဝတီမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လက်လွတ်ခဲ့ရသည့် အခြေအနေနှင့် စပ်လျဥ်း၍ ကရင့်နိုင်ငံရေးသုတေသီတစ်ဦး၏ သုံးသပ်ချက်

1547
Photo: CJ

မြဝတီမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လက်လွတ်ခဲ့ရသည့် အခြေအနေနှင့် စပ်လျဥ်း၍ ကရင့်နိုင်ငံရေးသုတေသီတစ်ဦး၏ သုံးသပ်ချက်

——————
“ကျည်တစ်ပေါက်မှမပေါက်ဘဲ ပြန်ပေးလိုက်ရသလို တနေ့နေ့တချိန်ချိန်မှာ မြဝတီက တော်လှန်ရေး အင်အားစုတွေလက်ထဲကို ကျည်ဆံတစ်တောင့်မှမကုန်ဘဲနဲ့ ပြန်ရသွားနိုင်ပါတယ်။”

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ကြိုးပမ်းသိမ်းပိုက်ခဲ့ရ သော မြဝတီမြို့ရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများအတွင်း နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ ခြေလျင်တပ် ရင်း ခလရ-၂၇၅ ကို သိမ်းပိုက်မိပြီးမှ ပြန်ပေးလိုက်ရသည့်အပေါ် ယခု လတ်တလောတွင် လူမှုကွန်ရက်သုံးစွဲသူများ အကြား ဝေဖန်မှုများ ပြင်းပြင်းထန်ထန် မြင့်တက်လျက်ရှိသည်။

ထိုအခြေအနေနှင့်စပ်လျဥ်း၍ KNLAနှင့် PDF ပူးပေါင်းတပ်က နောက်သို့ ဆုတ်ခွာပေးလိုက်သည့်အကြောင်းအရင်း၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီ အထင်အရှားပူးပေါင်းသွားသည့်အပေါ် အမြင်သဘောထားနှင့် မြဝတီမြို့တိုက်ပွဲဖော်ဆောင်မှု နောက်ကွယ်ရှိ အခင်းအကျင်းနှင့် အကြပ်အတည်းများအား အမည်မဖော်လိုသူ ကရင့်နိုင်ငံရေးသုတေသီတစ်ဦးနှင့် ကေအိုင်စီ(KIC)က ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ မြဝတီကိုဝင်နိုင်ဖို့ စစ်ကောင်စီရဲ့တပ်ရင်းတွေအဆင့်ဆင့်သိမ်းဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးကို ကြိုးပမ်းခဲ့ရတယ်ပေါ့နော်။ အခုလို လွယ်လင့်တကူ နောက်ဆုတ်ဖယ်ပေးလိုက်တဲ့အကြောင်းအရင်း၊ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မတက်တဲ့အကြောင်းအရင်းက ဘာများဖြစ်နိုင်မလဲ။
ဖြေ။ နှစ်ပိုင်းပြောချင်ပါတယ်။ ပထမက ဒီပွဲရဲ့အဓိက Actor (ဇာတ်ဆောင်)က PDF နဲ့ KNLA ပေါ့နော်။ KNLA က KNU။ PDF ဆိုတာလည်း NUG ပါပဲ။ မြဝတီလိုနေရာက တကယ့်မဟာဗျူဟာပွိုင့်ဖြစ်တယ်။ နိုင်ငံတကာနဲ့ ကုန်သွယ်ဆက်ဆံရေးနေရာ၊ အာရှလမ်းမမှာလည်းဖြစ်တဲ့အခါကျတော့ ဒီအခြေအနေမှာ KNU/KNLA နဲ့ NUG/PDF တို့က စစ်ရေးအရ ဒါကိုမဖော်ဆောင်ခင်မှာ နိုင်ငံရေးအရ ကနဦးကြိုတင်ပြီးတော့ အုပ်ချုပ်ရေးအရပဲဖြစ်ဖြစ် ဘယ်အပိုင်းကို ဘယ်လိုအုပ်ချုပ်မလဲပေါ့။ နိုင်ငံတကာဆက်ဆံရေးမှာဘယ်အပိုင်း၊ သံတမန်ရေးအရ ဘယ်အပိုင်းလဲ ဆိုတာ ကနဦးကတည်းက သဘောတူညီမှုတွေရှိဖို့လိုတယ်။

ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးအင်အားနဲ့ KNLA ပဲဖြစ်ဖြစ်၊ BGF တွေပဲဖြစ်ဖြစ်၊ Local PDF တွေပဲ ဖြစ်ဖြစ် စုပေါင်းပြီးတော့ တိုက်မယ်ဆိုရင် မြဝတီက သေချာပေါက်ရမှာပါ။ ဒီနည်းအတိုင်းပဲ။ BGF တွေက မင်းအောင်လှိုင်ရဲ့နှိမ်နင်းမှုကို ရင်ဆိုင်နေရတဲ့အခါကျတော့ ဒီရာသီက (ခလရ-၂၇၅) တင်မကဘူး၊ စစ်ကောင်စီရဲ့ စခန်းအားလုံးကို တိုက်လို့ရတဲ့ရာသီကာလပဲဖြစ်တယ်။ သေချာတဲ့သဘောမှာရှိထားတော့ တိုက်လိုက်တာတော့ မှန်တယ်။ သို့သော်လည်း တိုက်ပြီးနောက်ပိုင်းမှာ နိုင်ငံရေးအုပ်ချုပ်ရေးအရ ဘယ်လိုသွားမလဲဆိုတာ KNU ရော၊ NUG ရော ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမယ်။ သဘောတူထားရုံတင်မကဘူး။ လုပ်ဆောင်မှုပါ ရှိထားရမယ်။ တစ်နည်းအား ဖြင့် ဘယ်နေရာကိုတော့ ဖက်ဒရယ်အစိုးရပဲပြောပြော၊ ကြားကာလအစိုးရပဲပြောပြော နယ်စပ်ကုန်သွယ်ရေး၊ ဆက်သွယ်ရေး သံတမန်ရေးကို တာဝန်ယူမယ်။ အုပ်ချုပ်ရေးအပိုင်းမှာတော့ ကေအဲန်ယူက တာဝန်ယူမယ်ဆိုတာမျိုး ကို အသေးစိတ်မဟုတ်တာတောင်မှ ကနဦး သဘောတူညီချက်ရှိဖို့လိုပါတယ်။

Photo: CJ

နောက်တစ်ပိုင်းကတော့ NUG နဲ့ KNU ရဲ့ကြားမှာ ရှင်းရှင်းလင်းလင်း နိုင်ငံရေး သဘောတူညီချက် မရှိသလို KNU ဘက်ကလည်း NCA ပေါ်မှာအခြေခံထားတဲ့ စစ်ကောင်စီအပေါ်မှာ NCA ပျက်ပြယ်ပြီလို့ တရားဝင်ထုတ်ပြန်ထား တာ မရှိဘူး။ စစ်ကောင်စီရဲ့ NCA အပေါ် ဆုပ်ကိုင်ထားဆဲအပြင် NCA ရဲ့ နောက်ဆက်တွဲ ဖြစ်တည်လာတာတွေဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှုထောင်ချောက်အောက်မှာ ကေအဲန်ယူအနေနဲ့ ရုန်းထွက်ဖို့ အင်မတန်မှ ခက်ခဲပါတယ်။

မေး။ ။ နောက်တစ်ခုက BGF ရဲ့ အခန်းကဏ္ဍပါ။ BGF က မင်းအောင်လှိုင်ရဲ့နှိမ်နင်းမှုကို ကြုံလာရတဲ့ အနေအထား မျိုးမှာ နှစ်ဖက်ခွထိုင်ထားမလိုလို၊ တစ်ဖက်ဖက်ပါမလိုလိုနဲ့ နောက်ဆုံးစစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အတွက် ဒီလိုဖြစ် ပေါ်လာတယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း တွေ့ရတယ်။ ဒီအပေါ်မှာလည်း သုံးသပ်ပေးပါအုံး။
ဖြေ။ BGF ဆိုတာ စစ်ကောင်စီရဲ့တပ်တစ်ခုပါပဲ၊ လခစားတာ မစားတာထား၊ လခအပေါ်မှာလည်း ကြည့်လို့ မရဘူးပေါ့နော်။ သူ့ဖာသာသူတစ်ဦးတည်း ရပ်တည်နိုင်တယ်ဆိုတာလည်း သူ့ရဲ့ဝင်ငွေ၊ ထွက်ငွေတွေက စစ်ကောင်စီ ရဲ့အောက်မှာပဲ။ တနည်းအားဖြင့် ကာစီနိုလောင်းကစားကရတဲ့ဝင်ငွေတွေနဲ့ သူ့ဟာသူ ရပ်တည်နိုင်တာလည်း ဖြစ်နိုင် တယ်ပေါ့။ စစ်ကောင်စီနဲ့ သွယ်ဝိုက်ပြီးဖြစ်ဖြစ်၊ တိုက်ရိုက်ဖြစ်ဖြစ် ပတ်သက်မှုတော့ရှိနေဆဲပဲဖြစ်တဲ့အတွက် ဒီအပေါ် မှာ သိပ်အဆန်းတကြယ်ပြောလို့မရဘူး။

အကြပ်အတည်းပေါ်မှာက စစ်ကောင်စီက မြောက်ပိုင်းအခြေအနေအရ တရုတ်ကို ချဥ်းကပ်ရတဲ့နေရာမှာ လည်း တော်တော်ဆုံးရှုံးပေးလိုက်ရတာဖြစ်တယ်။ တောင်ပိုင်းမှာလည်း တရုတ်ရဲ့ဖိအားကြောင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးဖို့အတွက် ကတိကဝတ်ပေးထားရတယ်လို့ နားလည်ရတယ်။

ဒီကတိကဝတ်ကြောင့် နှိမ်နင်းဖို့အဆင့်က စစ်ကောင်စီက ဆောင်ရွက်ရမယ့်အပိုင်းဖြစ်တယ်ဆိုတော့ ဒီဖိအား က BGF အပေါ်မှာ လုံးဝရောက်နေတယ်။ စစ်ကောင်စီက ရွှေကုက္ကိုလ်ကို ရှင်းမယ်ဆိုရင် မြဝတီကို တစ်ဖက်နဲ့ပေါင်းပြီး တော့ ရှင်းရမယ်။ စစ်ကောင်စီဘက်မှာ တဖက်ကလည်းကြက်သား၊ တဖက်ကလည်းဝက်သား ဟင်းနှစ်ခွက်လုံးပေါင်းမှ ဗိုက်ဝမယ်ဆိုတော့ နှစ်ခုလုံးကိုလက်မလွှတ်ချင်တဲ့အတွက် ဒီအားနည်းချက်ကို BGF က လုံးဝ သိထားတယ်။

အခုလိုအခြေအနေမှာကျတော့ BGF က စစ်ကောင်စီသာ ရွှေကုက္ကိုလ်ကိုရှင်းမယ်ဆိုရင် မင်းမြဝတီလည်းပဲ လက်လွှတ်ရမယ်ဆိုတဲ့အကွက်မျိုးကိုသူလုပ်တာ။ စစ်ကောင်စီကလည်း မညံ့ပါဘူး၊ မြဝတီကို ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်၊ ဆုံးရှုံးလိုက်ရတော့မယ်ဆိုတဲ့အချိန်မှာ BGF သာ မကယ်တော့ဘူးဆိုရင် KNU နဲ့ညှိပြီးတော့ မှန်းကြည့်တာပေါ့ဗျာ။ မြောက်ပိုင်းလို ၇၀-၃၀ ဆိုတဲ့အနေအထားနဲ့ပေါ့။ BGF သာ ဒီနေ့လို အခြေအနေမျိုးထိ မဆောင် ရွက်ပေးနိုင်သေးဘူးဆိုရင်တော့ စစ်ကောင်စီက KNU နဲ့ ညှိပြီးတော့ လုပ်ပိုင်ခွင့်ပြန်ပေးဖို့ ပြင်ဆင်ထားပြီးသားဖြစ် တယ်ဆိုတော့ ဒီလိုဖြစ်လာတာ အံ့အားသင့်စရာမရှိဘူးဆိုတာ ပြောချင်တယ်။

Photo: CJ

မေး။ ။ ဒီဖြစ်စဉ်၊ ဒီအခင်းအကျင်းမှာ KNU အနေနဲ့ သူ့ရဲ့အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲ။ သူတို့အတွက် စိုးရိမ် စရာ ဘာတွေရှိမလဲ။
ဖြေ။ အကြပ်အတည်းက (၃)ခုရှိတယ်ဗျ။ တစ်ခုက စစ်ကောင်စီရဲ့အကြပ်အတည်း၊ သူကတော့ ကျားဖြန့်ကိစ္စ ကိုနှိမ်နင်းဖို့ တရုတ်ကိုအတိုင်းအတာတစ်ခုအထိ ကတိပေးထားတယ်။ ဒီအတိုင်းပဲ BGF ကလည်း ရွှေကုက္ကိုလ်ပရော့ ဂျက်အရ အခြေခံရပ်တည်ထား‌တော့ အဆုံးရှုံးခံနိုင်မှာမဟုတ်ဘူး။ သူ့မှာလည်း တဖက်က စစ်ကောင်စီရဲ့ဖိအားကြောင့် အကြပ်အတည်းဖြစ်တယ်။ ထိုနည်းလည်းကောင်းပဲ KNU က ဒီအကြပ်အတည်းမှာ ပါနေတယ်။ သူမသိလိုက်တဲ့အခြေအနေမှာ ဖြစ်လိုက်တဲ့အကြပ်အတည်းနဲ့ တစ်ခုက NCA စာချုပ်မှာ လက်မှတ်ထိုးလိုက်ကတည်း က ရန်သူရဲ့ထောင်ချောက်ပါလို့ လက်မခံခဲ့ဘဲနဲ့ အခွင့်အလမ်းတစ်ခု ဖန်တီးလို့ရမယ်လို့ လက်ခံပြီးတော့ ကနေ့ထက်ထိ မပြတ်မသားသေးတဲ့အတွက် စစ်ကောင်စီ မတိုင်ခင်က စစ်အုပ်ချုပ်ရေးနဲ့ KNU ကို ငွေလိမ်ဂိုဏ်းကိစ္စနဲ့ မူးယစ်ဆေးဝါး ကိစ္စနဲ့ သူ့ရဲ့ဂွင်ထဲရောက်အောင် သွတ်သွင်းလိုက်ပြီး KNU ကို ထိုးထည့်လိုက်တာ။ ဒါကို KNU က ရုန်းထွက်ရမှာပေါ့။

နှစ်ပိုင်းရှိတယ်။ ပထမတစ်ပိုင်းကတော့ နောက်ကျပြီ မရတော့ဘူးပေါ့နော်၊ NCA က ပျက်ပြယ်ပြီဆိုတာ လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက ကြိုကန်ရမှာ၊ ဒုတိယတစ်ခုက လက်ရှိအနေအထားမှာ ဥပဒေကြောင်းအရပဲဖြစ် ဖြစ်၊ လုပ်ထုံးလုပ်နည်းအရပဲဖြစ်ဖြစ်၊ KK Park လို ရွှေကုက္ကိုလ်လိုမျိုး ကာစီနိုပဲပြောကြပါစို့ အဲ့လိုမျိုး နိုင်ငံတကာ ခေါ်နေတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုမျိုးကို KNU ကိုယ်တိုင်လုပ်တာမဟုတ်လည်း ပတ်သက်နေတယ်ဆိုတဲ့ အချက်အလက်၊ အထောက်အထားတွေ ထွက်နေတာရှိတယ်။ ဆိုလိုတာ မြေငှားတာကအစ ရာခိုင်နှုန်း ဘယ်လောက် ရတာကအစ၊ လုံခြုံရေးယူနေရတာကအစ ဒါတွေကလည်း စစ်ကောင်စီရဲ့ထောင်ချောက်အောက်ထဲ လုံးဝ ရောက်သွား တဲ့ အကြပ်အတည်း ဖြစ်နေတယ်။ ဒါကို သူ ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့ ကျနော်လည်းပြောလို့မရဘူးပေါ့ နော်။ (၃)ဖွဲ့စလုံးက အကြပ်အတည်းဖြစ်နေတာပါ။ ဒီအကြပ်အတည်းကို ဖြေရှင်းဖို့က Third Parties Organization ဝင်လာမှသာလျှင် ဖြေရှင်းလို့ရနိုင်လိမ့်မယ်လို့ ယူဆတယ်။

မေး။ ။ Third Parties ဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ ဖြည့်စွက်ပြောပြပေးပါဦး။
ဖြေ။ First Party ကတော့ တရုတ်ဖြစ်ပါတယ်။ ဒုတိယကတော့ US၊ တတိယကတော့ ထိုင်းပေါ့။ တရုတ်ရယ်၊ US ရယ်၊ ထိုင်းရယ်က သူတို့အခေါ် နယ်စပ်ဖြတ်ကျော်တဲ့ရာဇဝတ်မှုအပေါ်မှာ တစ်နိုင်ငံချင်းစီက Action ဘယ်လို ယူမှာလဲဆိုတာ (၃)နိုင်ငံရဲ့ဗျူဟာအပေါ်မှာပဲ မူတည်တယ်ပေါ့နော်။ ချုပ်ပြောရရင် ပြဇာတ်ရဲ့ Opera က မြဝတီဆိုပေ မယ့် တကယ့်ပြဇာတ်အခင်းအကျင်းက ရွှေကုက္ကိုလ်နဲ့ KK Park ပဲဖြစ်တယ်။ နောက်ပိုင်းမှာလာမယ့် ပကတိ အခင်း အကျင်းရဲ့ ရွှေကုက္ကိုလ်နဲ့ KK Park ကို အခုနက အဲဒီက အင်အားစုကရော Third Parties ကရောပေါ့နော်။ နိုင်ငံတကာ ကအစ ဒါကို ဘယ်လိုအရေးယူဆောင်ရွက်ကြမလဲ ဒီဇာတ်လမ်းကိုဘယ်လိုကမလဲဆိုတာကို စောင့်ကြည့်နေကြမယ့် အခြေအနေ ဖြစ်တယ်။

မေး။ ။ လက်ရှိ မြေပြင်တိုက်ပွဲဖော်ဆောင်နေကြတဲ့ရှေ့အလားအလာကရော ဘယ်လိုဖြစ်လာမလဲ။
ဖြေ။ စစ်ကောင်စီက ဘယ်လိုမှမတိုးလာဘူးဆိုတာတော့ ရှင်းတယ်။ လေယာဥ်ပစ်တာကလွဲလို့မြေပြင်မှာ ဘယ်လောက်မှ တိုးလာမှာမဟုတ်ဘူး။ စစ်ရေးအခြေအနေကတော့ စစ်ကောင်စီကိုတော်လှန်နေတဲ့ PDF ပဲဖြစ်ဖြစ်၊ KNLA ပဲဖြစ်ဖြစ် တခြားသော DKBA, PC, BGF တို့ နောက်ပိုင်းအခြေအနေမှာ ကရင့်လက်နက်ကိုင် အခြားအဖွဲ့လိုပဲ စစ်ကောင်စီကို ထင်ထင်ရှားရှား တိုက်ခိုက်မယ့်ပုံကတော့ မလွဲမသွေ ပေါ်လာမှာပါ။ စစ်ရေးအခြေအနေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အဖွဲ့က အပေါ်စီးရမလဲလို့ ပြောလို့မရသော်ငြား စစ်ကောင်စီအတွက်ကတော့ စစ်ရေးအရ အပေါ်စီးရလာမှာ မဟုတ်ပါဘူး။

Photo: CJ

မေး။ ။ လောလောဆယ်မှာ မြဝတီဖြစ်စဥ်ကို ကြည့်မယ်ဆိုရင် ပြန်လည်လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အပေါ်မှာ လူထု က စိတ်မကောင်းဖြစ်နေကြတာကို တွေ့ရတယ်။ ဆိုတော့ နောက်တစ်ကြိမ် ထိန်းချုပ်နိုင်မယ့် အခြေအနေကရော ရှိပါ့ မလား။ ဘေးကနေကြည့်တဲ့အမြင်မှာ ဘယ်လိုမြင်သင့်သလဲဆိုတာ သုံးသပ်ပေးပါအုံး။
ဖြေ။ မြဝတီလို မဟာဗျူဟာကျတဲ့နေရာကို ကပ်နိုင်ဖို့ သိမ်းနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ သိမ်းတုန်းကလည်း မလွယ်ပါဘူး။ ကာလကြာရှည်ကြာပြီးတော့မှ ကော့ကရိတ်၊ ဝေါလေ၊ ဖလူး စသဖြင့် ပတ်ဝန်းကျင် အခင်းအကျင်း၊ နယ်မြေဒေသခံတွေရဲ့ အခင်းအကျင်း၊ စစ်ရေးအရ၊ နိုင်ငံရေးအရ အားလုံးကိုချိန်ဆပြီးမှပဲ စစ်ကောင်စီကလည်း လွယ်လွယ်နဲ့ လက်လွှတ်မှာမဟုတ်ဘူး။ စစ်ရေးမဟာဗျူဟာကျတဲ့နေရာလည်းဖြစ်သလို နိုင်ငံရေးအရ အစိုးရတစ်ရပ် အနေနဲ့ နိုင်ငံတကာဆက်သွယ်ရေးမှာ မဟာဗျူဟာကျနေတဲ့အတွက်ကြောင့် မြဝတီကိုသိမ်းနိုင်ဖို့မလွယ်တဲ့ကိစ္စပါ။

မလွယ်ဘူးဆိုတာလည်း မြဝတီကိုသိမ်းနိုင်ရေးအခြေအနေက အခုမှစတာမဟုတ်ဘူး။ ၂၀၂၃ ကတည်းက စနေတာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ပြန်ကြည့်မယ်ဆိုရင် ဗျူဟာမြောက်ပေါ့၊ ကော့ကရိတ်ကိုဖြတ်မလား၊ သူ့ပတ်ဝန်း ကျင်ဖြစ်တဲ့ ဖလူးတို့ ဝေါလေတို့ ရွှေကုက္ကိုလ်တို့ကိုအရင်ဖြတ်မလား။ ကျနော်တို့ကြည့်လိုက်ရင် ၂၀၂၃ ကတည်းက မြဝတီကို သိမ်းနိုင်ရေး စနေပြီးသားဖြစ်တယ်။ တော်လှန်ရေးဘက်က ချည်းကပ်ဆောင်ရွက်နေပြီးသား ဖြစ်တယ်။

ဒါကြောင့် မြဝတီကိုသိမ်းနိုင်ဖို့ မဟာဗျူဟာအရ ၂၀၂၃ ကတည်းက ချဥ်းကပ်ပြီးလုပ်ဆောင်လာရာမှာ ပေးဆပ်ခဲ့ရတဲ့ အသက်တွေလည်း အများကြီးရှိခဲ့တယ်။ နောက်ဆုံးကျမှ ခလရ-၂၇၅ ကို သိမ်းနိုင်တဲ့အဆင့်အထိ လက်နက်တွေချလာတဲ့အထိ လုပ်နိုင်တာလွယ်တာတော့မဟုတ်ဘူး။ သို့သော် ပြန်ပေးလိုက်ရတဲ့ကိစ္စကတော့ ကျည်တစ်ပေါက်မှမထွက်ဘဲ လွယ်လွယ်လေးပဲဖြစ်တာကြောင့် ပြည်သူလူထုတွေလည်း ဒီအပေါ်မှာ ရင်ထုမနာ ဖြစ်ပါတယ်။

ရှင်းအောင်ပြောရမယ်ဆိုရင်တော့ ကျည်တစ်ပေါက်မှမပေါက်ဘဲ ပြန်ပေးလိုက်ရသလို တနေ့နေ့ တချိန်ချိန်မှာ မြဝတီက တော်လှန်ရေးအင်အားစုတွေလက်ထဲကို ကျည်ဆံတစ်တောင့်မှ မကုန်ဘဲနဲ့ ပြန်ရသွားနိုင်ပါတယ်။ ကျနော့် အနေနဲ့ မျှော်လင့်ချက် အရမ်းပေးတာလည်း မဟုတ်ဘူး။ ပကတိဖြစ်နေတဲ့ အကြောင်းအရင်းက မြဝတီမဟုတ်ဘူး။ နောက်ဆက်တွဲလာမယ့် ရွှေကုက္ကိုလ်၊ KK-Park ဆိုတဲ့ အခင်းအကျင်းကို ဘယ်လိုကိုင်တွယ်ပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတာအပေါ်မှာ မူတည်တဲ့အတွက်ကြောင့် လမ်းကြောင်းက ရွှေကုက္ကိုလ်နဲ့ KK-Park ကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် မြဝတီကို တော်လှန်ရေးအဖွဲ့တွေ ကျည်တစ်တောင့်မှမကုန်ဘဲ ပြန်ရနိုင်မယ်ဆိုတာကို ကောက်ချက်ချ ချင်ပါတယ်။