ဧပြီ ၂၅ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ ပြန်လည်ရရှိရေးအတွက် ကော့ကရိတ်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်း ကြောင့် ထောင်နှင့်ချီသည့် ဒေသခံများသည် နီးစပ်ရာ နဘူး နှင့် ဒုံရင်းဒေသအတွင်းသို့ ထပ်မံဝင်ရောက် ခိုလှုံလာပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
အင်အား ရာနှင့်ချီသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျုံဒိုး၊ ရန်ကုတ်၊ မြပတိုင် နှင့် ကော့ကရိတ်မြို့ ပေါ်အထိ ဝင်ရောက်လာကြပြီး နယ်မြေခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများအနေဖြင့် ယခုလို ထွက်ပြေး ခိုလှုံလာကြခြင်းဖြစ်ကြောင်း ၎င်းတို့ကို အနီးကပ်ကူညီပေးနေသည့် စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။
၎င်းက “အခု ကျနော်တို့ စာရင်းကောက်နေတုန်း။ တစ်ထောင်ကျော်နှစ်ထောင်လောက်တော့ရှိမယ်။ နဘူး နဲ့ ဒုံရင်းမြို့ နယ်ထဲကို ရောက်လာကြတာ။ များသောအားဖြင့် ရန်ကုတ်တို့၊ မြပတိုင်တို့ ရွာကလူတွေ။ သူတို့အတွက် လောလောဆယ် အရေးပေါ် အစားအသောက်တော့ တချို့ စီစဉ်ထားပေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ရှောင်အချို့ကို ကျေးရွာအတွင်းရှိ နေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင်ယာယီ နေရာ ချထားပေးနိုင်သော်လည်း နေရာအနှံ့ ပြန့်ကျဲ ဝင်ရောက်လာသောကြောင့် ဝင်ရောက်လာသူ အားလုံး၏ လူဦးရေ စာရင်းများကို ကောက်ယူနိုင်ရန် အခက်အခဲရှိနေကြောင်းလည်း အဆိုပါ စစ်ရှောင်ကူညီသူက ဆက်ပြောသည်။
ထို့အပြင် ၎င်းစစ်ရှောင်များကို လတ်တလောတွင် အရေးပေါ်အတွက် လိုအပ်သည်များကို စီစဉ်ကူညီပေး ထားသော်လည်း ရေရှည်အတွက် ၎င်းတို့ နေထိုင်စားသောက်ရေးမှာ အကူအညီများမရရှိသေးကြောင်းလည်း စစ်ရှောင်ကူညီသူများက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ က စတင်ခဲ့သည့် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ခံများအပါ အဝင် အနီးဝန်းကျင်ရှိ ဒေသခံအိမ်ထောင်စု (၃,၆၅၂) မှ လူဦးရေ (၁၄,၄၃၀) ဦး ကေအဲန်ယူ တပ်မဟာ(၇)နယ် မြေ နဘူးမြို့နယ်နှင့် ဒုံရင်းမြို့နယ်ရှိ ကျေးရွာများတွင် လာရောက်ခိုလှုံနေကြပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။
လတ်တလောတွင်လည်း ကော့ကရိတ်မြို့တွင်းသို့ ယခု ဧပြီလ ၁၂ ရက်နေ့မှစ၍ စစ်ကောင်စီ စစ်ကြောင်းက ပြန်လည်ဝင်ရောက် နေရာယူနိုင်ခဲ့ပြီးနောက် မြို့သို့ ပြန်လည် နေထိုင်သည့် ကော့ကရိတ်မြို့ခံအချို့မှာ ဖမ်းဆီး ရိုက်နှက် အတင်းအဓမ္မ ငွေကြေးနှင့် ပစ္စည်းဥစ္စာများ သိမ်းယူခံနေရကြောင်းလည်း ကိုယ်တိုင်ကြုံတွေ့သည့် မြို့ခံများက ပြောသည်။
အလားတူ စစ်ကူစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းတစ်လျှောက် ဖြတ်သန်းသွား သည့် ကျေးရွာများရှိ ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသလို ခြိမ်းခြောက်ပြောဆိုမှု များလည်း ပြုလုပ်ခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောဆိုသည်။
လတ်တလောတွင် အဆိုပါ စစ်ကူ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက မြဝတီမြို့သို့ မရောက်ရှိစေရန် ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိပြီး နှစ်ဖက်တိုက်ပွဲများလည်း နေ့စဉ်နီးပါး ပြင်းထန်လျက်ရှိကြောင်း စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။



















