Home သတင်း စစ်တပ်က မြဝတီမြို့ ခံစစ်စခန်းများမကျစေရေး စခန်းပတ်ဝန်းကျင် ကျေးရွာများဘက် လေယာဉ်နှင့် လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ

စစ်တပ်က မြဝတီမြို့ ခံစစ်စခန်းများမကျစေရေး စခန်းပတ်ဝန်းကျင် ကျေးရွာများဘက် လေယာဉ်နှင့် လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ

889
Photo-CJ

ဧပြီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့အပြင်ဘက် ခြေလျင်တပ်ရင်း -ခလရ ၂၇၅ တပ်နှင့် သင်္ဃန်းညီနောင် စစ်ဗျူဟာ၊ ရွာသစ်ကုန်းကျေးရွာ တွင် တပ်စွဲထားသည့် စစ်ကြောင်းနေရာများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူပေါင်းတပ်များပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီတပ်က ကျေးရွာများဘက် လက်နက်ကြီးများ၊ ဗုံးကြဲလေယာဉ်များဖြင့် တိုက်ခိုက်ဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

” စစ်တပ်က စစ်ကူမလာတော့ဘူး။ ၂၇၅ ကို ဒရုန်းတွေချတယ်။ ညီနောင်ကို ဒရုန်းတွေချတယ်၊ စစ်တပ်က သူတို့ ရှိတဲ့ လက်နက်ကြီးနဲ့ ခံစစ်ပြင်ပြီး ပစ်ထုတ်နေတယ်။ လေယာဉ် ဗုံးကြဲခိုင်းတယ်။ မဆိုင်တဲ့ ဇရပ်ဖြူကုန်း ရွာဘက် တို့ ကွင်းကလေးရွာဘက်တို့၊ BGF တွေနေတဲ့ ထီးချားဒါးရွာဘက်တို့ကျပြီး အိမ်တွေ ခြံတွေ ပျက်ကုန်တယ်။ လူတွေတော့ မထိဘူး။ ရှောင်နေကြလို့ တော်သေးတယ်” ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်း အမြစ်က ပြောသည်။

Photo-CJ

ယနေ့ ဧပြီလ ၅ ရက် နံနက် ၅နာရီကျော်အချိန်မှစတင်ကာ စစ်တပ်လေကြောင်းက Y12 ဗုံးကြဲလေယာဉ် ၊ တိုက်လေယာဉ်ဖြင့် လက်ခတ်တောင်၊ ကွင်းကလေး၊ ထီးမူးထ၊ ဝှေ့ရှမ်း၊ ဇရပ်ဖြူကုန်း၊ ပေါလော ၊သံပုရာ ၊ ခြေတော်ရာ ဘုရားတောင်နေရာများကို ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး နံနက် ၉ နာရီကျော်အချိန်အထိ ခလရ ၂၇၅ စစ်တပ်မှ အဆိုပါ ကျေးရွာနေရာများအား ဟောင်ဝှစ်ဇာ ၁၂၀ မမ အမြှောက်လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရှိရသည်။

မြဝတီမြို့ခံတစ်ဦးက” တိုက်ပွဲက ၃ ရက်လောက် ဆက်နေတယ်။ နေရောပစ်ညရောပစ်ပစ်နေကြတာ၊ အသံအစုံ ပဲ။ အခု မနက်က လက်ခတ်တောင်ဘက်၊ ညီနောင်၊ ဝှေ့ရှမ်းဘက်၊ ၂၇၅ဘက်မှာ မြေပြင်တိုက်ပွဲတွေ ဖြစ်နေတယ်။ မြို့ထဲမှာ နေရင်း၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ မြို့ပြင်လည်းထွက်မရဘူး။ အကုန်တိတ်နေတယ်။ မြို့ ထဲ အလုံးကြီးတွေ၊ လေယာဉ်ဗုံးတွေကျလာရင်တာ့ မလွယ်ဘူး။”ဟု ပြောသည်။

Photo-CJ

လက်ရှိ ကရင်ပြည်နယ်အတွင်းက မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ တပ်စခန်းနှင့် စစ်ကြောင်းများကို KNLA မဟာမိတ် ပူးပေါင်းတပ်တို့ ဝိုင်းပတ်ပိတ်ဆို့အရှိန်မြှင့် တိုက်ခိုက်နေမှုမှာ မတ်လ ၂၀ ရက်မှ ယခု ဧပြီ ၅ ရက်အထိ နေ့စဉ်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေထိုင်သူများ ထိုင်း-မြန်မာ နယ်စပ် စစ်ဘေးရှောင်စခန်းများဘက် ခိုလှုံ လာသူလူဦးရေ တိုးပွားလာနေပြီး ကျေးရွာနေအိမ်များ မီးလောင်ပျက်စီး မှုနေ့စဉ်ရှိနေကြောင်း သိရှိရသည်။