Home သတင်း ကော့ကရိတ် ၉၇ စခန်းကို တော်လှန်ရေးအင်အားစုများ ထပ်မံပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် အဆက်မပြတ်ဗုံးကြဲ

ကော့ကရိတ် ၉၇ စခန်းကို တော်လှန်ရေးအင်အားစုများ ထပ်မံပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် အဆက်မပြတ်ဗုံးကြဲ

806
Photo-ပုံဟောင်း -CJ

ဧပြီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ-၉၇) စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် (KNLA)ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်းအချိန်တွင် စခန်းတပ်ဝန်းများကို ထပ်မံပိတ်ဆို့တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဘက်မှလည်း လေကြောင်းဒရုန်းများဖြင့် အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

အဆိုပါ ခလရ ၉၇ စခန်းသည် စစ်ကောင်စီတပ်အတွက်အရေးပါသည့် စခန်းတစ်ခုဖြစ်နေသလို ဒေသအတွင်းရှိ အခြေချတပ်စွဲထားသည့် တပ်ရင်းစခန်းကုန်းများမှ စစ်ကောင်စီတပ်သားများလည်း ၎င်းတပ်ရင်းစခန်းတွင် လာရောက်ပူးပေါင်းနေပြီး လက်ရှိ တပ်ဖွဲ့အင်အား ၅၀၀ ကျော်အထိရှိသည်ဟု တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၃၁ စစ်ဗျူဟာ လက်အောက်ခံ JOKER COLUMNမှ ရဲဘော်တစ်ဦးက ပြောသည်။

၎င်းက “ဂျက်ဖိုက်တာ Y12 တွေ ဒရုန်းတွေနဲ့မနက်အစောကြီးကတည်းက တောက်လျှောက်လာကြဲနေတယ်။ ၉၇ ဆိုတာက စစ်ကောင်စီတပ်အတွက် အဓိကဇုန်တစ်ခုပေါ့။ ၉၇ သာကျနော်တို့လက်ထဲပါသွားရင် ဖားအံ၊ မြဝတီက ထိန်းချုပ်လို့ လွယ်သွားပြီး။ အခုသူတို့တပ်ကုန်းမှာ အင်အား ၃၀၀ ကနေ ၅၀၀ အထက်ရှိနေတယ်။ တစ်ခြား စခန်းကုန်းက လူတွေအကုန် ထွက်ပြေးကြပြီး ၉၇ မှာသွားစုနေကြတာ။ အခုသူတို့ဗျူဟာမှူးလည်း ချိန်းထားတယ်”ဟု ပြောသည်။

ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့သည့် ကော့ကရိတ်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ပေါ်ရှိ ရပ်ကွက်များမှ လူနေအိမ်အများအပြား မီးလောင် ပျက်စီးနေပြီး မြို့၏ ၅၀ ရာခိုင်နှုန်းကျော်မှာ မီးလောင်ပြင်လို ဖြစ်သွားပြီးဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။

ထို့အတူ ယနေ့ နံနက်အစောပိုင်းတွင်လည်း မြဝတီမြို့အပြင်ဘက် ခြေလျင်တပ်ရင်း -ခလရ ၂၇၅ တပ်နှင့် သင်္ဃန်းညီနောင် စစ်ဗျူဟာ၊ ရွာသစ် ကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကြောင်းနေရာများကို KNLA မဟာမိတ် ပူးပေါင်းတပ်များပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီတပ်က ကျေးရွာ များဘက် လက်နက်ကြီးများ၊ ဗုံးကြဲလေယာဉ်များဖြင့် တိုက်ခိုက်ဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင် နေကြောင်းလည်း မြေပြင်သတင်းအရင်းအမြစ်က ပြောဆိုသည်။

ကရင်ပြည်နယ် မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကျုံဒိုး စသည့်နေရာများတွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်၏ ဂိတ်စခန်း၊ ရဲစခန်း၊ တပ်စခန်းကုန်းများကိုလည်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေစိုးမိုးမှု ယူလိုက်သည့်နေရာများလည်းရှိနေသည်ဟု သက်ဆိုင်ရာနယ်မြေအဖွဲ့အစည်း၏ ထုတ်ပြန်ထားချက်အရ သိရသည်။