Home သတင်း လက်နက်ချစစ်ကောင်စီတပ်ဖွဲ့ဝင်များအား အတင်းအကြပ်ပြန်ပို့မည်မဟုတ်ကြောင်း KNU ပြော

လက်နက်ချစစ်ကောင်စီတပ်ဖွဲ့ဝင်များအား အတင်းအကြပ်ပြန်ပို့မည်မဟုတ်ကြောင်း KNU ပြော

688

ဧပြီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီရှိ စစ်စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့ထံ လက်နက်ချအညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်မိသားစုများအား ၎င်းတို့ သဘော ဆန္ဒမပါဘဲ အတင်းအကြပ်ပြန်လည်ပို့ဆောင်မည်မဟုတ်ကြောင်း KNU ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောသည်။

တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် တပ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့မိသားစုဝင်အချို့ကို ပြန်လည် ခေါ်ယူရန်ဟုဆိုကာ ဧပြီလ(၇) ရက်နေ့ညပိုင်းက ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်သို့ စစ်ကောင်စီ၏ မြန်မာအမျိုးသားလေကြောင်း-MNA လေယာဥ်တစ်စင်းဆိုက်ရောက်လာခဲ့ပြီး ငွေသေတ္တာများ တင်ဆောင်သွားသည့် သတင်းနှင့်ပတ်သက်၍ KNU ပြောခွင့်ရပုဂ္ဂိုလ်က ယခုလို ပြောဆို လိုက်ခြင်းဖြစ်သည်။

“စစ်ကောင်စီဘက်က သူ့လူ(၆၀၀)ကျော်ကိုပြန်ခေါ်ဖို့ တကယ်တမ်း လေယာဥ်ဆင်းသက်လာပြီး ပြန်ပို့ကျတော့ လူတွေမသယ်ဘဲနဲ့ ရွှေတွေငွေတွေကို သယ်သွားတယ်လို့ ကြားသိရတယ်။ ကျနော်တို့က ဖမ်းမိတဲ့သူအားလုံးရဲ့သဘောဆန္ဒကိုမေးမြန်းပြီးတော့ ပြန်ချင်တဲ့သူရှိရင် ပြန်ခွင့်ပေးဖို့ သဘောထား ရှိပါတယ်။ အတင်းအကြပ်ပြန်ပို့တာတော့ ကျနော်တို့လုပ်ဆောင်မှာမဟုတ်ပါဘူး” ဟု ပဒို စောကလယ်စေးက ပြောသည်။

ထိုသို့ လက်နက်ချအညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းမြောက် ဒေသတိုက်ပွဲများဆင်နွှဲစဥ်က တော်လှန်ရေးတပ်ဘက်သို့ လက်နက်ချအညံ့ခံဖူးသူတချို့လည်း ပါဝင်နေသည့်အတွက် ပြန်လည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ ထည့်တွက်စဥ်းစားစရာဖြစ်နေ ကြောင်းလည်း KNU ကပြောသည်။

ပဒိုစောကလယ်စေးက ဆက်လက်၍ “ကျနော်တို့တော်လှန်ရေးအင်အားစုဘက်ကို အညံ့ခံလာတဲ့သူ တွေထဲမှာ ရှမ်းမြောက်ဘက်မှာအရင် လက်နက်ချခဲ့တဲ့သူတစ်ချို့ပါတယ်လို့ သိရတယ်။ စစ်ကောင်စီ အနေနဲ့ လူလာခေါ်မယ်ပြောပြီးတော့မှ မပါဘဲပြန်သွားတာဆိုတော့ ဒီလူတွေအတွက် တကယ်ကိုဘယ် လိုစီစဥ်သလဲ။ သူတို့လူတွေကို သူတို့ဘယ်လိုသဘောထားလဲဆိုတာ ကျနော်တို့ မပြောနိုင်ဘူး။ ထူးခြား တာကတော့ လက်နက်နှစ်ခါချတဲ့သူတွေရှိနေတဲ့အပေါ်မှာ အများကြီးစဥ်းစားစရာလည်းဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

MNA လေယာဥ်အမှတ် ATR 72-600 အား ရန်ကုန်မှ မဲဆောက်သို့ ဧပြီလ (၇) ရက်နေ့မှ (၉)ရက်နေ့အထိ ပျံသန်းဆိုက်ရောက်ခွင့်ပေးရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိမြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ဘက်ကို ယမန်နေ့က ခွင့်ပြုမိန့်တောင်းခံခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သော သင်္ယန်းညီနောင်အခြေချစစ်ဗျူဟာမှ ဗျူဟာမှူး အပါအဝင် အရာရှိအဆင့် (၆၇) ဦး၊ အခြားတပ်သားအဆင့် (၄၀၁)ဦး၊ ရဲ‌မေ (၅၉)ဦးနှင့် တပ်မိသား စုဝင် (၈၁) ဦး စုစုပေါင်း (၆၁၇) ဦးအား ဘေးကင်းလုံခြုံရာတွင် စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်း ထားသည်ဟုလည်း KNLA သတင်းအရင်းအမြစ်များမှ သိရသည်။

လက်ရှိ မြဝတီမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲဘက်နှင့်ဌာနဆိုင်ရာရုံးအချို့ ဆက်ရှိနေပြီး မြို့ ပေါ်သို့ စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မည့် ကောလာဟလများကြောင့် အချို့မြို့ ခံများ ရှောင်တိမ်းမှုရှိနေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ထို့အတူ မြဝတီမြို့အတွင်းအပြင် အခြေအနေများရှုပ်ထွေးနေသဖြင့် အသေးစိတ်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သလို မြန်မာစစ်အစိုးရ၏ “မစားရသည့်အမဲ သဲနှင့်ပက်သည့်” ဆိုးရွားသောသဘောထားအပေါ် စိုးရိမ်စရာရှိကြောင်း KNU ဘက်ကလည်း ပြောဆိုသည်။