Home သတင်း ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာရဟန်းတော်များ စစ်ကောင်စီနှင့် လက်နက်ကိုင်အဖွဲ့များထံ မေတ္တာရပ်ခံစာ ပေးပို့

ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာရဟန်းတော်များ စစ်ကောင်စီနှင့် လက်နက်ကိုင်အဖွဲ့များထံ မေတ္တာရပ်ခံစာ ပေးပို့

265

ဧပြီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

လူသားချင်း ကိုယ်ချင်းစာနာထောက်ထားရေးကို ရှေးရှုလျက် ပဋိပက္ခဆောင် အချင်းချင်းတို့၏ ထာ၀ရငြိမ်းချမ်းရေး မဏ္ဍိုင် ပူးပေါင်းတည်ဆောက်နိုင်စေရေးနှင့် တစ်မျိုးသားလုံးအရေးအား ငြိမ်းချမ်းရေးအသွင် ဖော်ဆောင်နိုင်ကြစေရန် ကရင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ရဟန်းတော်များက ဧပြီလ ၅ရက် နေ့စွဲဖြင့် စစ်ကောင်စီနှင့် ကရင်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များထံ မေတ္တာရပ်ခံစာပေးပို့ခဲ့သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်စု လှိုင်ပုံကျေးရွာ လမင်းပရိယတ္တိစာသင်တိုက်တွင် ဖားအံမြို့ နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များက ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး၏ လိုလားတောင့်တ ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက်နှင့် မေတ္တာ ရပ်ခံစာပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုမေတ္တာရပ်ခံစာပေးပို့ခြင်းနှင့်ပတ်သက်၍ ဗုဒ္ဓဂါယာဆရာတော် အရှင်စန္ဒာဝရက “ပြည်နယ်ထဲမှာ လူထုတွေက ဒုက္ခရောက်တာ အများကြီးရှိလာတယ်ဆိုတော့ လက်နက်ကိုင်ထားတဲ့သူတွေက ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြေလည် အောင် ဆွေးနွေးစေချင်တာပေါ့နော်။ ဘုန်းကြီးတို့က ပြည်သူအတွက် တောင်းဆိုသင့်တယ်ထင်လို့ ဘုန်းကြီးတို့ရဲ့ စေတနာပေါ့နော်။ လုပ်သည် မလုပ်သည်က သူတို့အပိုင်းပေါ့။ နှစ်ဦးနှစ်ဖက်ရှိတော့ ဒီအချိန်မှာ တိုက်ပွဲတွေရပ်တန့်ဖို့က မလွယ်ဘူးဆိုတာလည်း သိပါတယ်။”ဟု ကေအိုင်စီသို့ ယနေ့ မိန့်ကြားသည်။

အဆိုပါ မေတ္တာရပ်ခံစာကို ကရင်အမျိုးသားအစည်းအရုံး-KNU ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA၊ ကရင် ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC နှင့် နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုး သားတပ်မတော်-KNA အဖြစ် ပြောင်းလဲထားသောအဖွဲ့အစည်းများအပြင် စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ပြည်နယ်ကောင်စီဥက္ကဋ္ဌ တို့ထံသို့လည်း ပေးပို့ထားကြောင်း လက်မှတ်ရေးထိုးထားသည့် ကရင်ရဟန်းတော်များက မိန့်ကြားသည်။

ထို့အပြင် တစ်မျိုးသားလုံးငြိမ်းချမ်းရေး၊ အလုံးစုံ သွေးစည်းညီညွတ်ရေး၊ ထာဝစဉ်အမြဲငြိမ်းချမ်းရေးအတွက် လိုလားနှစ် သက်ကြသည့်အတွက်ကြောင့် ဘာသာရေးအဆောက်အဦးများ၊ လမ်းတံတားများ၊ စာသင်ကျောင်းများ၊ ပြည်သူအိုးအိမ် စည်းစိမ်နှင့် စစ်ဘေးရှောင်ပြည်သူများ၏ ဘဝဘေးဒဏ်များ ကင်းစင်ရေးအတွက်ဖြစ်ကြောင်း ကရင်ရဟန်းတော်များ ၏ မေတ္တာရပ်ခံစာထဲတွင် ဖော်ပြထားသည်။

၎င်းမေတ္တာရပ်ခံချက်စာထဲတွင် ကရင်ပြည်နယ်ရှိ အထင်ကရ ဆရာတော်များဖြစ်သည့် တောင်ကလေးဆရာတော် ဘဒ္ဒန္တပညာသာမိ၊ ဗုဒ္ဓဂါယာဆရာတော် ဘဒ္ဒန္တစန္ဒာဝရ၊ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရ အပါအဝင် သံဃာတော် ၁၁ပါး တို့က လက်မှတ်ထိုးထားသည်ကို တွေ့ရှိရသည်။

အဆိုပါ ဗုဒ္ဓဘာသာရဟန်းတော်များမေတ္တာရပ်ခံစာပေးပို့မှုဖြစ်ပေါ်လာခြင်းမှာ စစ်ကောင်စီ၏ ဖိအားပေးသည့်အပေါ် အကျိုးဆောင်ရခြင်းဖြစ်သည်ဟု နားလည်ကြောင်း၊ ကရင်လူမျိုးတို့၏ ရိုးသားဖြောင့်မတ်မှုကို စစ်အုပ်စုက အသုံးချလိုက်ခြင်းဖြစ်သည်ဟု မှတ်ယူကြောင်း ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။