Home သတင်း လိပ်သိုဒေသ ကျန်းမာရေးဆေးပေးခန်းတွင် ဆေးဝါးပြတ်လပ်နေ

လိပ်သိုဒေသ ကျန်းမာရေးဆေးပေးခန်းတွင် ဆေးဝါးပြတ်လပ်နေ

94
Photo: CJ

ဧပြီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းပြီးနောက်ပိုင်းမှ လက်ရှိအချိန်ထိ စစ်ကောင်စီ၏ စစ်ဆေးရေးတင်းကြပ်ခံထားရသော သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၊ မိတ်သလင်တောင်ကျေးရွာအုပ်စု၊ မြတ်ထင်ကျေးရွာရှိ ကျန်းမာရေးဆေးပေးခန်းတွင် ဆေးဝါးပြတ်လပ်နေကြောင်း ကျန်းမာရေးအကူအညီပေးနေသူများ ထံမှ သိရသည်။

စားနပ်ရိက္ခာနှင့် ဆေးဝါးကန့်သတ်ခံထားရသည့်အပြင် တောင်ငူ-သံတောင်-လိပ်သိုလမ်းတစ်လျှောက် စစ်ဆေးရေးတင်းကြပ်ထားသော လိပ်သိုဒေသအတွင်း ကျန်းမာရေးဆေးပေးခန်းလည်း ရှားပါးသည့် အခြေအနေတွင် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၂)မှ တာဝန်ရှိသူတစ်ဦးနှင့် အရပ်ဘက် စစ်ရှောင်ကူအဖွဲ့ဦးဆောင်သော မြတ်ထင်ရွာမှ ကိုယ်ထူကိုယ်ထ ကျန်းမာရေးဆေးပေးခန်းအတွက် ဆေးဝါးများလိုအပ်နေခြင်းဖြစ်သည်။

“အဲဒီဆေးခန်းစတင်တည်ဆောက်ဦးစီးခဲ့တာ တပ်မဟာ(၂)က ဖူးသဲဒယ်နဲ့ ကျမတို့စစ်ရှောင်ကူအဖွဲ့ပါ ။ ဆေးရုံကြီးသွားလည်းအဆင်မပြေလို့ အနားနီးတဲ့ရွာတွေကဆေးလာကုကြတယ်။ ဒီကြားထဲက ထိုးဆေးရော သောက်ဆေးရောလိုတယ်။ လိပ်သိုမြို့မှာတစ်ခါတလေသွားရတာလည်း ဂိတ်တွေကဖြတ် မရတော့ အဆင်မပြေတဲ့ဒေသခံတွေအတွက် ဒီဆေးခန်းမှာပဲပြီးသွားတာပေါ့။ ဆေးဝါးသယ်ယူဖို့ ကလည်း ကြာလာလေပိုကြပ်လေပဲ” ဟု စစ်ရှောင်နှင့်ဆေးခန်းလည်ပတ်ရေးကူညီပေးနေသူ အမျိုးသမီးက ပြောသည်။

အဆိုပါဆေးခန်းတွင် အဓိကအားဖြင့် CDM ပြုလုပ်ထားသော ဆရာဝန်(၂)ဦးနှင့် သူနာပြုဆရာမ များဖြင့်သာ အဓိကအားဖြင့် လည်ပတ်နေပြီး ဆေးလုံလောက်မှုမရှိသည့်အပေါ်တွင် အလှူရှင်ရှာ၍သာ လည်ပတ်ရပ်တည်နေရသည့်အတွက် ဒေသတွင်းသက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများထံ အကူအညီတောင်းခံနေရကြောင်း သိရသည်။

“KDHW အဖွဲ့ဆီက စာရင်းတင်ထားတာကြာပြီ မလာသေးဘူး။ လမ်းပန်းအခက်အခဲရှိနေတော့ အဆင်မပြေဘူးဖြစ်သွားတာနေမယ်။ ဆေးကတော့ အလုံအလောက်မရှိဘူး။ ကုန်လိုက်တတ်နိုင် သလောက်ပြန် မတည်လိုက်ပဲ ရွာဘက်ကဆေးလာယူကြတယ်လေ။ ပြီးရင်သူတို့တတ်နိုင်တဲ့အလှူငွေထည့်တယ်။ တချို့ကျတော့လည်း ကော်ဖီတို့နနွင်းတို့ လာပေးတာရှိတယ်။” ဟု အထက်ပါအမျိုးသမီးက ဖြည့်စွက်ပြောသည်။

သာမန်နှစ်များကထက် ယခုနှစ်နွေရာသီကာလ အပူချိန်ပိုမိုပြင်းထန်လာသည်တွင် ဒေသခံအချို့ အပူရှပ် ဖျားနာကြသည့် ဆေးဝါးများပို၍လိုအပ်လာခြင်းဖြစ်သည်ဟုလည်း ဒေသတွင်းကျန်းမာရေးကူညီပေးနေသူများက ပြောသည်။

ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနမှတာဝန်ရှိသူတစ်ဦးက “ဆေးပေးခန်းလို အပ်တဲ့အခြေအနေကတော့ နယ်မြေတိုင်း(KNU တပ်မဟာ ၇ခုလုံး)မှာဖြစ်နေတာပါ။ ဆေးကတော့ ကျမတို့ အနေနဲ့လည်း ပရောဂျက်ကရတဲ့ ခွဲတမ်းကနည်းတယ်။ ဒါကြောင့် အကူအညီလှမ်းတောင်းသော်ငြား ပို့ဖို့ခက်ခဲတာတကြောင်း အဲဒီအတွက်ငွေကြေးမရှိသေး တာကတစ်ကြောင်းပေါ့။ အပြင်ကနေလိုက်ရှာပေးတာလည်းရှိပါတယ်။ ဒါပေမဲ့အကူအညီတောင်းလာတဲ့အားလုံးအတွက်တော့ မရနိုင်သေးဘူး” ဟု ဆိုသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများ တွင်တွင်ကျယ်ကျယ်ဖြစ်ပွားလာသဖြင့် ဒေသခံများအနေဖြင့် လိပ်သိုဒေသအတွင်းရှိ အစိုးရဆေးရုံများသို့ သွားရောက်ကုသရန် အခက်အခဲရှိလာပြီး အရပ်ဖက်ကျန်းမာရေးအဖွဲ့များမှာလည်း ငွေကြေးလိုအပ်ချက်အပြင် ကျန်းမာရေး ဝန်ထမ်းလိုအပ်ချက်အရ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မှီပေးနိုင်ရန် လက်လှမ်း မမှီနိုင်ဖြစ်နေကြောင်း သိရသည်။

KNU တပ်မဟာ(၂) နယ်မြေ တောင်ငူခရိုင်တွင် KDHW ၏ ကျန်းမာရေးဆေးပေးခန်း (၇)ခုရှိသော်လည်း အထက်ပါအခြေအနေများကြောင့် ဆေးပေးခန်းတိုင်း၏လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သေးသလို ဒေသလိုအပ်ချက်အရ ဆေးခန်းများထပ်မံဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း KDHW က ပြောဆိုသည်။