ဧပြီလ ၅ ရက်၊ ၂၀၂၄ ခုနစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ ၇ နယ်မြေ၊ ဖားအံခရိုင်၊ နဘူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကရင်ကျောင်းသားကွန်ရက်(KSNG)နှင့် ကရင်လူငယ်အစည်းအရုံး-KYO မှ ဦးဆောင်ပြီး နွေရာသီအခြေခံ အင်္ဂလိပ်စာနှင့်ကရင့် သမိုင်ယဥ်ကျေးမှုဆိုင်ရာသင်တန်းများကို ယခု ဧပြီလအတွင်း စတင်ဖွင့်လှစ်သင်ကြားပေးနေပြီးဖြစ်ကြောင်း သိရသည်။
ကျေးလက်နေကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံအင်္ဂလိပ်စာ နှင့် သမိုင်းယဥ်ကျေးမှုဆိုင်ရာ အခြေခံအသိပညာများအပြင် မတူညီသည့်ဒေသမှ ကျောင်းသားများအကြား ရင်းနှီးကျွမ်းဝင်မှု ယုံကြည်မှုများ မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းသင်ကြားရေးတာဝန်ခံ ဆရာမတစ်ဦးက ယခုလိုပြောသည်။

“ကလေးငယ်တွေအချင်းချင်းကြားမှာ ရင်းနှီးမှုယုံကြည်မှု မြင့်လာစေဖို့ အခြေခံဘာသာစကားတွေကို ယုံကြည်မှု ရှိလာစေဖို့နဲ့ သမိုင်းအခြေခံတွေ ကလေးတွေမှာ ကောင်းမွန်တဲ့ စဥ်းစားတွေးခေါ်မှုတွေ ရှိလာစေဖို့ ဒါတွေကို မြှင့် တင်ချင်တဲ့ ရည်ရွယ်ချက်တွေ နဲ့ အခုလို သင်ကြားပေးရခြင်းဖြစ်တယ်။ “ဟု သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုသွားသည်။
သင်တန်းကာလအားဖြင့် တစ်လကြာသင်ကြားပေးမည့် အဆိုပါသင်တန်းတွင် အခြေခံအင်္ဂလိပ်စာ၊ ထိုင်းစာ၊ အခြေခံကွန်ပျူတာ၊ ကရင့်သမိုင်းဆိုင်ရာ နှင့် အခြေခံဂီတ တူရိယာတီးခတ်ခြင်းများ သင်ကြား ပေးသွားမည်ဖြစ်သည်ဟု သင်တန်းဦးဆောင်သူများက ပြောသည်။

အဆိုပါ သင်တန်းများကို ကျေးရွာတစ်ရွာတွင် ဖွင့်လှစ်၍ ကျေးနယ်အုပ်စုအတွင်းရှိ မတူညီသည့် ကျေးရွာများမှ ကလေးငယ်များ လာရောက် စုပေါင်းတက်ရောက်ရခြင်းဖြစ်ပြီး သင်တန်းတစ်ခုတွင် သင်တန်း/သား ၁၀၀ နီးပါး တက်ရောက် လေ့လာသင်ယူကြသည်။
KSNG၊ KYO နှင့် ကေအဲန်ယူ၏ ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန- KECD တို့ မှ ဦးဆောင်၍ အလားတူ နွေရာသီ အခြေခံသင်တန်းများကို နှစ်စဥ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။



















