Home သတင်း လောင်းလုံးမြို့နယ်အတွင်း သပိတ်ကော်မတီဝင်များဦးဆောင်ပြီး သင်္ကြန်သံချပ်ထိုး ဖျော်ဖြေမှုများပြုလုပ်

လောင်းလုံးမြို့နယ်အတွင်း သပိတ်ကော်မတီဝင်များဦးဆောင်ပြီး သင်္ကြန်သံချပ်ထိုး ဖျော်ဖြေမှုများပြုလုပ်

351
Photo: DDMSC

ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ကော်မတီဝင်များဦးဆောင်ပြီး သင်္ကြန်သံချပ်ထိုးလှုပ်ရှားမှုများအား နှစ်ဆန်းတစ်ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း DDMSC ပြောသည်။

ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့မှစ၍ “အမှောင်သင်္ကြန်မှာ တို့တတွေ၊ အာဏာရှင်စနစ်ကို မှောက်ပစ်မလေ” ဟူသော စာတမ်းကိုင်ဆောင်ပြီး သင်္ကြန်သံချပ်ထိုးခြင်းအပါအဝင် လောင်းလုံးမြို့နယ်အတွင်း လမ်းလျှောက် ချီ တက်သော စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအား DDMSC အဖွဲ့ဝင်နှင့် လူထုစုစုပေါင်း (၂၀၀)ခန့်က လှုပ်ရှားပြုလုပ်နေကြခြင်းဖြစ်သည်။

ဆက်လက်ပြီး သင်္ကြန်အကျနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ မြန်မာနဲ့ထားဝယ်ပုံစံနှစ်မျိုးဖြင့် သံချပ်ထိုးလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်ဟု ကော်မတီတာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“အဓိကတော့ သင်္ကြန်သံချပ်ထိုးတာကတော့ အနာကိုဆားနဲ့ဖြူးတာပေါ့။ ဒါပေမဲ့ဆားနည်းနည်းများသွားတယ် ဆိုရင် ခွင့်လွှတ်သည်းခံကြဖို့ပါ။ ထားဝယ်သံချပ်ကတော့ ပကဖ ပအဖ ပါမယ်၊ ဘာလုပ်လုပ်ပေါ့။ အဓိက ဖြစ်နေတဲ့ဟာတွေကိုအဓိကထားပြီးတော့ ဝေဖန်ထောက်ပြထားတာမျိုးပါ။ ကျနော်တို့သံချပ်က မြန်မာနဲ့ ထားဝယ်ဗားရှင်းရယ်။ နှစ်ခုနဲ့ နှစ်ဆန်းတစ်ရက်နေ့အထိ လုပ်ဖို့အစီအစဥ်ရှိပါတယ်။” ဟု ၎င်းက ပြောသည်။

Photo: DDMSC

ထို့အပြင် လောင်းလုံးမြို့နယ်အတွင်း ယခုနှစ် အတာသင်္ကြန်ပွဲတော်တွင် ကလေး၊သူငယ်များသာ ရေကစားပွဲတော်ဆင်နွှဲကြပြီး ယခင်နှစ်ကကဲ့သို့ စစ်ကောင်စီမှ ဦးဆောင်ပြုလုပ်သော သင်္ကြန် မဏ္ဍပ်ကြီး များမရှိသလောက်နည်းပါးသွားသည်အထိ လူထုသင်္ကြန်စည်ကားမှုမရှိကြောင်း မြို့ခံအချို့၏ပြောပြချက်အရ သိရသည်။

စစ်အာဏာသိမ်းမှုကာလအတွင်း ကျောင်းသားလူငယ်၊ ပြည်သူများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော DDMSC သည် လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရသူများအတွက် စားနပ်ရိက္ခာထောက်ပံ့မှု သာမက လူထုစည်းရုံးရေးလှုပ်ရှားမှုများ၊ စစ်တပ်ဆန့်ကျင်သည့် လမ်းလျှောက် လူထုသပိတ်များ စသည်ဖြင့် တော်လှန်ရေးလှုပ်ရှားမှုများကို လက်ရှိအချိန်ထိ လုပ်ဆောင်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။