Home သတင်း အယ်ဒီတာ့ အာဘော်

အယ်ဒီတာ့ အာဘော်

128

အယ်ဒီတာ့ အာဘော်

အတာသင်္ကြန်မှ ကောင်းသောပြောင်းလဲခြင်းသို့

အချိန်သည် တရွေ့ရွေ့ ခရီးဆက်ဆဲ။ ရွက်ဟောင်းကြွေ၊ ရွက်နုဝေကာ ဖူးငုံစ ပန်းပိတောက်၊ ဝင်းဝါဝါ ငုပန်းတို့ ဝေဆာနေသည့် တန်ခူးကာလသို့ ရောက်ချေပြီး။ ယခုလို တန်ခူးလ သင်္ကြန်ရေသဘင်ပွဲတော် အချိန်ခါ သမယ၌ ကေအိုင်စီ စာဖတ်ပရိဿတ်အပေါင်း စိတ်နှလုံးရွှင်ပျစွာ ဖြတ်သန်းနိုင်ကြပါစေရန် ဦးစွာ ဆုတောင်းပေးလိုသည်။

“သင်္ကြန်” ဟူသော ဝေါဟာရ အနက်အဓိပ္ပါယ်ကို ပြန်ကြည့်မည်ဆိုလျှင် သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တ ခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။ သင်္ကန္တ၊ သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပါယ်ရသည်။

တစ်နည်းဆိုရသော် နှစ်သစ်ကူးချိန်၊ ကူးပြောင်းခြင်း၊ ရွေ့လျားခြင်းဟု ဆိုနိုင်ပြီး စကောကရင်စကားဖြင့် ဆိုရသော် (တၢ်လဲလိာ်တၢ်မၤအသးတဖၣ်ဆူနံၣ်သီ) ဟု ဆိုလိုရင်း ဖြစ်သည်။ သင်္ကြန်ပွဲတော်ကို အရှေ့တောင်အာရှရှိ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့၌လည်း ကျင်းပလေ့ရှိပြီး ထိုင်းနိုင်ငံ ၏ ဆွမ်ခရမ် ရေသဘင်ပွဲတော်မှာ နာမည်ကျော်ကြား လူသိများသည်ကို တွေ့ရသည်။

ကုန်လွန်ခဲ့သည့်နှစ်ကို ပြန်ကြည့်လျင် လောကနိယာမက မိမိတို့ ကရင်လူမျိုးများနှင့် မြန်မာပြည်သူအပေါင်း ကို မျက်နှာသာမပေး။ အာဏာရူး ပါးကွက်သားတို့၏ အလိုရမ္မက်ကြောင့် ကျေးလက်မြို့ပြတိုင်း အနိဠာရုံများ နှင့်သာ ပြည့်နှက်ခဲ့သည်။ အပြစ်မဲ့ တိုင်းရင်းသားပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ နေရပ်များကိုစွန့်ခွာလျက် စစ်ရှောင်ဘ၀ဖြင့် မျှော်လင့်ချက်မဲ့ ခက်ခဲလျက်ရှိကြသည်။

လူတိုင်းမှာ ကောင်းမွန်သောအနာဂတ်ကို အမြဲတစေ နှလုံးမူ လျှောက်လှမ်းကြစမြဲဖြစ်သောကြောင့် လာမည့် နှစ်သစ်တွင် ကောင်းသောပြောင်းလဲခြင်းကို မိမိတို့ကရင်လူမျိုး အပါအဝင် တိုင်းရင်းသားပြည်သူအပေါင်းက မျှော်လင့်ခဲ့ကြသည်။ ထိုသို့မျှော်လင့်ရာ၌ မိမိတို့ ကရင်လူမျိုး၏ မူလ အမျိုးသားရေး မျှော်မှန်းချက်ဖြစ်သည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးတို့အတွက် ကြိုးပမ်းလာခဲ့ကြသည်။

ထိုရည်မှန်းချက်မှာ အတော် ခရီးပေါက်ခဲ့ကြောင်း စစ်ရေး၊ အုပ်ချုပ်ရေး အခြေအနေများက ညွှန်ပြနေသည်။ ပြည်နယ်အတွင်း မြို့ပေါ်ကွက်ကွက်ကလေးမှအပ ကျန်နေရာအားလုံး ထိန်းချုပ်နိုင်နေသည့် အသွင်ဆောင် နေပေပြီ။ အရိပ်ကိုလို နေပူကစောင့် ဆိုရိုးကဲ့သို့ မိမိတို့ အမျိုးသား ရည်မှန်းချက်ပန်းတိုင်သည် အလှမ်းမဝေးတော့ပေ။ ထို့အတွက် သင်္ကြန်ကာလအလွန် နှစ်သစ်တွင် ကောင်းသောပြောင်းလဲခြင်းများ ကရင်လူမျိုးများ နှင့် ပြည်သူအပေါင်းအတွက် ရောက်ရှိလာပါစေကြောင်း ကေအိုင်စီ ဝိုင်းတော်သူ ဝိုင်းတော်သားများက ဆုမွန် ကောင်း တောင်းအပ်ပါသည်။