Home သတင်း မြဝတီမြို့ရှိ စစ်ကောင်စီဝန်ထမ်း မိသားစုများ မဲဆောက်မြို့ဘက် ရှောင်တိမ်းနေထိုင်နေကြ

မြဝတီမြို့ရှိ စစ်ကောင်စီဝန်ထမ်း မိသားစုများ မဲဆောက်မြို့ဘက် ရှောင်တိမ်းနေထိုင်နေကြ

213
Photo: CJ

ဧပြီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီ မြို့ပတ်ဝန်းကျင်နေရာများတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ နှစ်ဖက်စစ်ရေး တင်းမာမှုရှိနေသည့်အတွက် စစ်ကောင်စီဝန်ထမ်းမိသားစုများအား မဲဆောက်မြို့ဘက် ပို့ဆောင်ရှောင်တိမ်းနေထိုင်နေကြကြောင်း မြဝတီ-မဲဆောက် အငှားကားမောင်းသူများ ပြော စကားအရ သိရသည်။

မြဝတီမြို့တွင် နောက်ဆုံးကျန်ခဲ့သည့် စစ်ကောင်စီ၏ မြို့စောင့်တပ်ခြေလျင်တပ်ရင်း -ခလရ ၂၇၅ ကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ စတင်တိုက်ခိုက်မှုမလုပ်ဆောင်ခင် ဧပြီလ ၉ ရက်နေ့ကတည်းက မြို့တွင်း စစ်ကောင်စီ ဌာနဆိုင်ရာရုံးများပိတ်ပြီး ၎င်းတို့မိသားစုဝင်များလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ရှောင်တိမ်းနေထိုင်မှုလုပ်ဆောင်လာနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

မဲဆောက်-မြဝတီအငှားယာဉ်မောင်းသူတစ်ဦးက“မြဝတီမှာ အခြေအနေ မကောင်းတော့ မဲဆောက်ကို မိသား စုလိုက်တွေပို့ပြီး ရှောင်ခိုင်းထားကြတယ်။ သူတို့ဝန်ထမ်းအကြီးအကဲတွေကတော့ BGF ဟော်တည်တွေမှာ ရှောင် နေပြီး ရုံးလုပ်ငန်းတွေ ဆက်လုပ်နေတယ်။ ရုံးတွေတော့ မဖွင့်ဘူး။ အဲဒီစစ်ကောင်စီဝန်ထမ်းမိသားစုတွေက မဲဆောက်က လည်ပတ်စရာနေရာတွေမှာ လိုက်လည်ပတ်နေကြတယ်။ မဲဆောက်က ကုန်သည်တွေ၊ လုပ်ငန်း ရှင်တွေက သူတို့ကို နေစရာနဲ့ ဧည့်ခံရတာတွေ လုပ်ပေးနေရတယ်”ဟု ပြောသည် ။

မြဝတီမြို့စောင့်တပ် ခြေမြန်တပ်ရင်း(ခမရ-၂၇၅) ကို ဧပြီလ ၁၁ ရက်နေ့တွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ခမရ-၂၇၅ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့သော်လည်း ၎င်းတပ်ရင်းမှ တပ်ဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည် ရေးတံတားတွင် ဆုတ်ခွာခိုလှုံတပ်စွဲထားသလို စစ်ကူစစ်ကြောင်းများလည်း အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာနေသောကြောင့် မြို့သည်လုံခြုံစိတ်ချရသည့် အနေအထားတွင် မရှိသေး ကြောင်း၊ မြို့ကို လုံခြုံစိတ်ချရသည့် အနေအထားရောက်ရှိရန် ဆက်လက်လုပ်ဆောင်နေကြောင်း ကရင် အမျိုး သားအစည်းအရုံး-KNU ဗဟိုက ဧပြီလ ၁၂ ညနေပိုင်းတွင် ထုတ်ပြန်အသိပေးထားသည်။

လတ်တလော မြဝတီမြို့ပြင် အမှတ် (၂) ချစ်ကြည်ရေး တံတားဘက်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေကော် စွယ်တော်အမြောက်ကုန်း၊ အာရှလမ်းသစ်လမ်းပိုင်းနေရာများတွင် စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းများ နှင့် နှစ်ဖက်စစ်ဆိုင်ထားသည့် အခြေအနေရှိနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များက ပြောသည်။

“စစ်တပ်စစ်ကူတွေက ဖားအံကနေ ကျုံဒိုးကျော်လာပြီး၊ ကော့ကရိတ် မြို့နဲ့ အာရှ လမ်းဘက် တက်လာနေပြီ၊ တိုက်ပွဲကတော့ ရှိနေတယ်။ စစ်တပ်လက်နက်ကြီး ရမ်းသမ်းပစ်လို့ အရပ်သားတွေ ထိခိုက်သေဆုံး တာရှိတယ်။ သူတို့ဘက်မှာလည်း PDF တွေ ကြားဖြတ်တိုက်လို့ သေတာလည်းရှိတယ်။ အချို့အဖွဲ့တွေက ကြားဝင် ညှိနှိုင်းလို့ စစ်ကူ မတက်လာသေးတာမျိုး လည်ရှိတယ်။ အခြေအနေက ရှုပ်ထွေးနေတယ်။”ဟု စစ်ရေးနယ် မြေသတင်း အရင်းအမြစ်က ပြောသည်။

ယခုလို စစ်ရေးတင်းမာမှုများရှိနေသည့် ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ ဖာပွန်၊ ကော့ ကရိတ်၊ မြဝတီဒေသများတွင် သင်္ကြန်ကာလမြို့တွင်းနေထိုင်သည့် ဒေသခံမိသားစုဝင်အချို့သာ ရေကစားကြပြီး ဖားအံနှင့် လှိုင်းဘွဲမြို့ဘက်တွင် စစ်ကောင်စီနှင့် BGF အဖွဲ့ဝင်အချို့ ပူးပေါင်း၍ သင်္ကြန်ပွဲစည်ကားအောင် လုပ်ဆောင်ကျင်းပနေကြောင်း သိရှိရသည်။