ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ ပြင်နေရာရှိ ခြေလျင်တပ်ရင်း- ခလရ ၂၇၅နေရာမှ သင်္ဃန်းညီနောင် စစ်ဗျူဟာ အနီးတံတားထိပ်အထိ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF နှင့် စစ်ကောင်စီတပ်များ ပူးပေါင်းပြီး စိုးမိုးနယ်မြေ ပြန်နေရာယူရန် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု မြဝတီမြို့ခံ သတင်းအရင်းအမြစ်များက ကေအိုင်စီသို့ ပြောသည်။
“မနေ့ကတော့ ရေပူဂွင်ဘက်ကိုရှင်းတာပေါ့။ ဒီနေ့ကတော့ သင်္ဃန်းညီနောင်တံတားထိပ်ထိရှင်းတယ် ။ နယ် မြေရှင်းလင်းပြီးတဲ့အခါမှာ တပ်မ(၄၄)တပ်မမှူး ပြန်ထိုင်တာပေါ့။ (၂၇၅)မှာ လုံခြုံရေးကတော့ BGFနဲ့ တွဲပြီး ယူထားပေးတယ်၊ အဲ့လိုပဲသိထားတယ်လေ။” ဟု မြဝတီ မြို့ခံသတင်းအရင်းအမြစ်တစ်ခုက ယမန်နေ့ညတွင် ပြောသည်။
မြဝတီမြို့ပြင် အာရှလမ်းသစ်လမ်းပိုင်းနေရာ တစ်လျှောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်များ သိမ်းပိုက်ထားသော စစ်စခန်းနေရာ၊ ကင်းစခန်းနေရာများမှ ဆုတ်ခွာ ပေးရသည့် အခြေအနေနှင့်ပတ်သက်၍လည်း ၎င်းသတင်းအရင်းအမြစ်က ယခုလို သုံးသပ်ပြောဆိုသည်။
“အဲ့ဒီကနေပြန်ဆုပ်သွားတယ်ဆိုကတည်းက နှစ်ဖက်သဘောတူညီချက်တွေနဲ့ သူ့အကျိုးကိုယ့်အကျိုး အပေးအယူတွေနဲ့ဆုတ်ကြတာပဲလေ။ အဲ့တော့စစ်ပွဲတစ်ပွဲဆိုတာ သေနတ်ကနေကျည်ဆံထွက်ရုံနဲ့ ဖြစ်တဲ့ပွဲတွေမဟုတ်ဘူးပေါ့။ ကျည်ဆံမပါပဲနဲ့အကျိုးစီးပွားတွေနဲ့ဖြစ်တဲ့ပွဲတွေလည်းရှိတာပဲ ကျည်ဆံနဲ့ အနိုင် အရှုံးဆုံးဖြတ်ပေးမဲ့ အခြားအကန့်တွေနဲ့ အနိုင်အရှုံးကိုဆုံးဖြတ်လို့ရတဲ့ ပွဲတွေလည်း ရှိတာပေါ့ ၊ အဲ့လိုပဲပြီးသွားတာပေါ့။ ” သူက ဆက်ပြောသည်။
လတ်တလောတွင် KNLA မဟာမိတ်တပ်များ စိုးမိုးသိမ်းပိုက်ထာသော စစ်စခန်းနေရာများကို BGF နှင့် စစ် ကောင်စီတပ်ဖွဲ့များ နေရာပြန်ယူရန် တပ်ဆုတ်ပေးရခြင်းနှင့်ပတ်သက်၍ ကရင်လက်နက်ကိုင် အဖွဲ့ခေါင်း ဆောင်များနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများအပေါ် ဝေဖန်မှုများမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့တပ်ဆုတ်ပေးရသည့် အခြေအနေနှင့်ပတ်သက်၍ BGF တပ်ဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA မဟာမိတ် တပ်ဖွဲ့များဘက်မှအခြေအနေတစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးသလို သက်ဆိုင်ရာနယ်မြေခံ တာဝန်ရှိ သူများကိုလည်း ကေအိုင်စီက ဆက်သွယ်မေးမြန်းရန် ကြိုးစားနေသော်လည်း ဖုန်းလက်ခံ ဖြေဆိုမှုမရှိသေးပေ။
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က အမှတ် (၂) မြဝတီချစ်ကြည်ရေးတံတားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် လက်ရှိအချိန်အထိ မြဝတီမြို့အတွင်းရပ်ကွက်နှင့် ကျေးရွာများမှ စစ်ဘေးရှောင်နေရသူ လေးထောင်ခန့် ဆက်ရှိနေသေးပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားအုံးမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် အိမ်မပြန် ရဲ သေးကြာင်း ရေပူကျေးရွာ ဒေသခံစစ်ဘေးရှောင်နေရသူက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ စစ်တပ်နဲ့ BGFက ပေါင်းလိုက်ပြီလို့ကြားတယ်။ ၂၇၅ ကို ပြန်သိမ်းတယ်လည်း ကြားတယ်။ PDF တွေ က ပြန်တိုက်အုံးမယ်ပြောနေတော့ အိမ်ပြန်မရဲသေးဘူး။ လေယာဉ်က ညဆို ဗုံးလာကြဲတတ်တော့ စိတ်မချ ရသေးဘူး။ အဲတာကြောင့်အခြေအနေ ကြည့်နေအုံးမယ်”ဟု ပြောသည်။
လက်တလောတွင် ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီ၊ ဝေါလေမြိုင်၊ ဒေသကျေးနယ်အတွင်းတွင် စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်း၊ အတွဲလိုက်ပစ်ရော့ကက်ဒုံးပစ်ခတ်ခြင်း၊ ဒရုန်းနှင့်ဗုံးကြဲခြင်းများကြောင့် ကြောင့် နေအိမ်မီးလောင်ပျက်စီးမှုနှင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။