Home သတင်း KNU ဝင်းရေးမြို့နယ်ရုံးနှင့် စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

KNU ဝင်းရေးမြို့နယ်ရုံးနှင့် စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

172
Photo: CJ

ဧပြီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ် ရုံးခန်းမဆောင်နှင့် နှစ်အိမ်ရွာစာသင်ကျောင်းကို ယနေ့ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်း အချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံထံမှ သိရသည်။

ယနေ့ နံနက် ၉ နာရီကျော်အချိန်တွင် ဝင်းရေးမြို့နယ်၊ နှစ်အိမ်ရွာကိုယ်ထူကိုယ်ထစာသင်ကျောင်း ဗုံးကြဲ တိုက်ခိုက်ခံရ၍ ကျောင်းဆောင် ၃ ဆောင် ထိခိုက်ပျက်စီးသည့်အပြင် နံနက် ၁၁ နာရီဝန်း ကျင်အချိန်ခန့်တွင် ဖားပြကျေးရွာအနီးရှိ ကေအဲန်ယူ ဝင်းရေးမြို့နယ်ရုံးကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ခန်းမဆောင်တစ်ခုလုံး ထိခိုက်ပျက်စီးသွားရကြောင်း သိရသည်။

ဒေသခံတစ်ဦးက “ ဘာတိုက်ပွဲမှမရှိဘူး၊ ဒီလိုဘဲဗုံးလာကြဲသွားတာ။ အဲဒီနှစ်နေရာက မနီးဘူး နည်းနည်းဝေးတယ်။ ကျနော်တို့ သိတာက နှစ်နေရာပဲ။ အဆောက်အဦးထိခိုက်မှုများတယ်။ လူထုတွေ ကတော့ထိခိုက်သွားတာမရှိလို့ တော်သေးတယ်။ ကျန်တဲ့နေရာတွေက ပစ်ရင်ပစ်အုံးမယ် ။ လက်နက် ကြီးလား၊ ဗုံးကြဲသံလားမသိဘူး။ အသံအကျယ်ကြီး ၈ ချက်ကြားရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုအချိန်တွင် နှစ်စဉ်ဖားပြကျေးရွာဘုရားပွဲတော်ကျင်းပသည့်အချိန်ဖြစ်သလို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်သည့်နေရာသည် ဘုရားပွဲတော်ကျင်းပသည့် နေရာနှင့်နီးသည့်အတွက် ပွဲလာရောက်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ရွာသားများက ပြောသည်။

Photo: CJ

ထို့အပြင် ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်နှင့် ကင်းထောက်မှု နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိသလို ယနေ့ ညအချိန်တွင်လည်း ကင်းထောက်လေယာဉ်လာရောက်ပျံဝဲ သေးကြောင်း ဒေသခံထံမှ သိရသည်။

ဧပြီလ ၂၂ ရက်၊ ယမန်နေ့တွင်လည်း ကေအဲန်ယူ တပ်မဟာ(၃) ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ် ဖောဝါထ(ဘောကထ)ကျေးရွာထဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ အလားတူ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံနှစ်ဦးသေဆုံးပြီး ၈ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၈ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်းလည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSNက ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကလည်း တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိဘဲ ကေအဲန်ယူ တပ်မဟာ(၁) ဖားအံမြို့နယ် ထီးနူကျေးရွာဘုန်းကြီးကျောင်းဝင်းထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။