Home သတင်း စစ်ကောင်စီသင်္ကြန်ကို ကရင်နယ်ခြားစောင့်တပ်က လုံခြုံရေးနှင့် ဖျော်ဖြေရေးကဏ္ဍများတွင် ပါဝင်ကူညီနေ

စစ်ကောင်စီသင်္ကြန်ကို ကရင်နယ်ခြားစောင့်တပ်က လုံခြုံရေးနှင့် ဖျော်ဖြေရေးကဏ္ဍများတွင် ပါဝင်ကူညီနေ

174
Photo: ( လူမှုကွန်ရက်)

ဧပြီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် စစ်ကောင်စီသင်္ကြန်ပွဲ ကျင်းပနေသည့် ဖားအံမြို့လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ကရင်နယ်ခြား စာင့်တပ်-BGF တပ်က ငြိမ်းချမ်းပန်းတိုင်ချစ်သူမြိုင်ယိမ်းအဖွဲ့နှင့် ငြိမ်းချမ်းရေးရေကစားမဏ္ဍပ်ဖြင့် ပါဝင်ပေးပြီး မြို့ဝင်မြို့ထွက်လုံခြုံရေး စစ်ဆေးမှုများအား စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်ရှိနေကြောင်း သိရှိရသည်။

အမည်မဖော်လိုသူ ဖားအံမြို့ခံတစ်ဦးက ” ဖားအံ သင်္ကြန်က စစ်ဆေးရေးက BGF တွေ စစ်နေတယ်။ ကမ်း နားလမ်း သင်္ကြန်မှာလည်း BGF ငြိမ်းချမ်းရေး သင်္ကြန်မဏ္ဍပ်ဆိုပြီး BGF မိသားစုတွေ ရေကစားတယ်။ စစ်ကောင်စီ ဗဟိုမဏ္ဍပ်မှာလည်း ငြိမ်းချမ်းပန်းတိုင် ချစ်သူမြိုင်ဆိုပြီး သင်္ကြန်ယိမ်းပြိုင်နေတယ်။ တခြားလှိုင်းဘွဲဘက်က BGF ကလည်း အကလာပြိုင်တာ တွေ့တယ်။ “ဟု ကေအိုင်စီသို့ ပြောသည် ။

လက်ရှိ ကရင်ပြည်နယ်အတွင်း မြဝတီမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ရန် အောင်ဇေယျ စစ်ဆင် ရေးအမည်ဖြင့် တင့်ကားတပ်ရင်း ၂ ရင်း၊ စစ်ကူအင်အား နှစ်ထောင်ပို့ဆောင်တိုက်ခိုက်ရန် စစ်ကြောင်း များ မြဝတီမြို့ဘက်သို့ ပို့ဆောင်နေချိန်တွင် ဖားအံမြို့ ၌ ပြည်နယ်စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို စည်ကားအောင် ကျင်းပနေကြောင်း တွေ့ရှိရသည်။

ထိုသို့ သင်္ကြန်ပွဲတော် ကျင်းပနေသော်လည်း စစ်ကူစစ်ကြောင်းများနှင့် ကော့ကရိတ်မြို့ပတ်ခြာလည် ကျေးရွာ များဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များကြားဖြတ်တိုက် ခိုက်နေသည့်အတွက် စစ်တပ်ဘက်က အကျအဆုံးများနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

Photo: ( လူမှုကွန်ရက်)

“သင်္ကြန်ကတော့ ကော့ကရိတ်တို့ ကျုံဒိုးတို့ ရေမဆာ့ဘူး၊ ရွာတွေ ဘက်ကတော့ ရေဆော့တယ်။ လေယာဉ် က နေ့တိုင်းပတ် နေတယ်။ ပစ်တဲ့အခါလည်းရှိတယ်၊ လက်နက်ကြီးကတော့ ပစ်ထုတ်နေတာ ရွာသားတွေထိတယ်၊ စစ်တပ်ကို ကြားဖြတ်တိုက်နေတာ သင်္ကြန်တွင်းကြီး တိုက်ပွဲတွေဖြစ်နေတယ် ” ဟု ကော့ကရိတ်၊ တတန်ကူး ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ဖားအံမြို့တွင် စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများဖြင့် ကျင်းပနေသော်လည်း မြို့ခံများပါဝင်မှုအနည်းအကျဉ်းသာတွေ့ရပြီး ဖားအံကျေးနယ်ဘက်မှ မြို့ပေါ်သို့ ရေပက်ခံထွက်လာရောက်လည်ပတ်ကြသည့် အချိန်တွင်သာ ကမ်းနားလမ်းသင်္ကြန်မဏ္ဍပ်များရှိရာ လမ်းမဘက် တွင် လူစည်ကားမှုရှိနေကြောင်း ဖားအံမြို့ ဒေသခံများက ပြောသည်။