Home သတင်း လက်နက်ချ သင်္ဃန်းညီနောင်ဗျူဟာမှူး၏ မိသားစုဝင်များကို စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေး ထိန်းသိမ်းထား

လက်နက်ချ သင်္ဃန်းညီနောင်ဗျူဟာမှူး၏ မိသားစုဝင်များကို စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေး ထိန်းသိမ်းထား

159

ဧပြီလ ၁၆ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)သို့ ဧပြီလ ၅ရက်နေ့က လက်နက်ချခဲ့သည့် မြ၀တီခရိုင်၊ စစ်ကောင်စီ၏ သင်္ဃန်းညီနောင်အခြေစိုက်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်၏ မိသားစုဝင် များကို စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေးကာ ထိန်းသိမ်းထားခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိခဲ့ရသည်။

ဧပြီလ ၆ရက်၊ ည ၁၂နာရီခန့်တွင် ဗျူဟာမှူး၏ဇနီးနှင့် မိသားစုဝင်များနေအိမ်သို့ အိမ်စီးကားဖြင့် သွားရောက် ခေါ်ဆောင်ခဲ့ပြီး ပိုင်ဆိုင်ရာပစ္စည်းများ သိမ်းဆည်းကာ နေအိမ်ကိုလည်း ချိပ်ပိတ်ခဲ့သည်ဟု မိသားစုဝင်များ နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောပြသည်။

၎င်းက “သူ့(ဗျူဟာမှူး)ရဲ့ မိသားစုတွေကို စကစ က လာဖမ်းသွားပါတယ်ရှင့်။ ရွှေငွေလက်ဝတ်ရတနာတွေ အကုန်သိမ်းပြီး အိမ်ကိုလည်း ချိပ်ပိတ်သွားပါတယ်။ ကား၊ အိမ်ရွှေငွေပစ္စည်း အကုန် ချိပ်ပိတ်တယ်။ လာ ဖမ်းတာက အရပ်ဝတ် အိမ်စီးကားဆိုတာတော့ သေချာတယ်။”ဟု ကေအိုင်စီသို့ ပြောခဲ့သည်။

ယင်းသို့ သွားရောက်ခေါ်ဆောင်ခဲ့ရာတွင် နေပြည်တော်၊ ပုပ္ပသီရိ ဗိုလ်ချုပ် ရပ်ကွက်ရှိ ဗျူဟာမှူးထွန်းထွန်းလတ်၏ ဇနီး၊ ၁၂နှစ်အရွယ်သား(မွေးစား)နှင့် နေအိမ်ရှိ ကျောင်းဆရာတစ်ဦးတို့ ပါသွားခဲ့သည်။ ထို့အပြင် ပဲခူးမြို့၊ ကျောက်တွင်းကုန်းရှိ ယောက္ခမများနှင့် ယောက်ဖကိုလည်း ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါ မိသားစုနှင့် နီးစပ်သူက ဆက်ပြောသည်။

ယင်းသို့ခေါ်ဆောင်သွားသူများအာ မည်သည့်နေရာ၌ထားရှိသည်ကို ဆွေမျိုးသားချင်းများက မသိရှိရသော် လည်း နေပြည်တော်ရှိ စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံ တဆင့်ခံ မေးမြန်းချက်အရ သင်္ဃန်းညီ နောင်ဗျူဟာမှူး၏ နှစ်ဖက်သက်ဆိုင်သူများအားလုံးကို နေပြည်တော်၌ ထိန်းသိမ်းစစ်ဆေးထားကြောင်း ဧပြီ လ ၁၂ရက်နေ့က သိရှိခဲ့ရသည်။

“နှစ်ဖက် သက်ဆိုင်သူ ဆွေမျိုးတွေအကုန်ကို ထိန်းသိမ်း စစ်ဆေးနေပါတယ်တဲ့။ အားလုံး စစ်ဆေးခံနေရပါ တယ်။ ဖမ်းတာတော့ မဟုတ်ဘူး။ ထိန်းသိမ်းထားတာ။ အားလုံးပါ ကလေးတွေပါတယ်။ အရာရှိပိုင်း မိသားစု ဝင်တွေ ဗိုလ်ကြီး အဆင့်ကစပြီး အဖေ မိဘ ဆွေမျိုးတွေပါမကျန် မြို့နယ်တွေအလိုက် ခေါ်ယူ ထိန်းသိမ်းထား ပါတယ်လို့တော့ ပြောတယ်။”ဟု အဆိုပါ စစ်ကောင်စီအသိုင်း အဝိုင်းနှင့် နီးစပ်သူက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ထိန်းသိမ်းခံထားရသူများ၏ နေအိမ်များမှ ပစ္စည်းများကို ပြီးခဲ့သည့် ဧပြီလ ၇ရက်နေ့မှစ၍ ၁၂ရက်နေ့ အထိ စစ်ကောင်စီဘက်မှ သုံးဘီး၊ အိမ်စီးကားများဖြင့် နည်းနည်းချင်းစီ လာရောက်သယ်ယူနေကြသည်ကို တွေ့ရှိရကြောင်းလည်း ကိုယ်တိုင်မြင်တွေ့ခဲ့သူများ၏ ပြောဆိုချက်အရ သိရသည်။