Home သတင်း ကေအဲန်ယူနှင့် ကရင်လက်နက်ကိုင်အဖွဲ့များက ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် စောရောဂျာခင်အတွက် ဂုဏ်ပြုပွဲပြုလုပ်

ကေအဲန်ယူနှင့် ကရင်လက်နက်ကိုင်အဖွဲ့များက ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် စောရောဂျာခင်အတွက် ဂုဏ်ပြုပွဲပြုလုပ်

734
Photo: ( ပိုင်ကျုံ KYO)

မတ်လ ၇ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ကာကွယ်ရေးဌာနမှူးဟောင်း ပဒိုစောရောဂျာခင်တို့ကို ကေအဲန်ယူ ဖားအံခရိုင်မှ ဦးဆောင်ပြီး အခြား ကရင်လက်နက်ကိုင်များ ပူးပေါင်းပါဝင်၍ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေ၊ ပိုင်ကျုံမြို့နယ်၊ ပိတခ ကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဂုဏ်ပြုပွဲ ပြုလုပ်ကျင်းပပေးခဲ့သည်ဟု သိရသည်။

တော်လှန်ရေးကို ကာလရှည်ကြာပါဝင်ခဲ့ပြီး တော်လှန်ရေးဖခင်တစ်ဦးအနေဖြင့် အသိအမှတ်ပြု၍ ယခုလို ဂုဏ်ပြုပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အခမ်းအနားကို ဦးဆောင်ပါဝင်သူ ဖားအံခရိုင်၏ တာဝန်ရှိသူ ပဒိုနော်ရှီးဝါးက ယခုလို ပြောသည်။

“ဥက္ကဌကြီးက တော်လှန်ရေးကို နှစ်ပေါင်းများ စွာ ပါဝင်လာခဲ့သူလည်းဖြစ်တယ်။ ဒီလို ဂုဏ်ပြုရတဲ့ အခြားရည်ရွယ်ချက်ကလည်း ကျမတို့ ကရင်လူမျိုးတွေ မှာ သက်ကြီးရွယ်အိုတွေကို တန်ဖိုးထား လေးစားတယ်ဆိုတဲ့ စံနမူနာကောင်းတစ်ခုကို ဖြစ်စေတာလည်း ပါပါတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားကို သက်ဆိုင်ရာ ကေအဲန်ယူ ခရိုင်တာဝန်ရှိသူများအပြင် စစ်ကောင်စီက ခွဲထွက်ထားသည့် ယခင်နယ်ခြားစောင့်တပ် (BGF) လက်ရှိ ကရင်အမျိုးသားတပ်မတော်-KNAအဖြစ် ရပ်တည်သွားမည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ခေါင်းဆောင်များ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA တာဝန်ရှိသူများ၊ ဘာသာရေး ခေါင်းဆောင်များ နှင့် ဒေသခံ လူထုတစ်ထောင်ကျော်ခန့် ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။

ဂုဏ်ပြုခံရသည့် ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှင့် ပဒို စောရောဂျာခင် နှစ်ဦးကို ကေအဲန် ယူ ဖားအံခရိုင်မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သလို အခြား ပါဝင်တက်ရောက်လာသည့် ကရင်လက် နက်ကိုင် အဖွဲ့အစည်းများကလည်း ဂုဏ်ပြုပစ္စည်းများ အသီးသီးပေး အပ်သွားခဲ့သည်ဟုလည်း တက်ရောက်သူများက ပြောသည်။

Photo: ( ပိုင်ကျုံ KYO)

ထို့အပြင် သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးနှင့် ဘာသာရေး ခေါင်းဆောင်အချို့မှ အမှာစကားများ ပြောကြားခဲ့ပြီး ထိုသို့ ပြောဆိုရာတွင် အဓိကအားဖြင့် လက်ရှိ ပဋိပက္ခအပေါ် လက်နက်ကိုင် နည်း လမ်းဖြင့် ဖြေရှင်းခြင်းထက် နိုင်ငံရေးစားပွဲဝိုင်းဖြင့် ဖြေရှင်းသည့်နည်းလမ်းကို လူထုများမှ ထောက်ခံပေးရန် အဓိကတိုက်တွန်းပြောဆိုခဲ့သည်ဟု ပါဝင်တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“တကယ်လေးစားဂုဏ်ပြုထိုက်တဲ့ခေါင်းဆောင်တွေကို ဂုဏ်ပြုပေးတာမျိုးဆိုရင်တော့ ဒါက ကောင်းတဲ့အစဉ် အလာတစ်ခုပါ။ ဒါပေမဲ့ အခမ်းအနားတစ်လျှောက်လုံးပြောသွားတာတွေမှာ ကျမ ခံစားမိသလောက်က လူထုကို အတင်းကြီး ငြိမ်းချမ်းရေးကို ချစ်ခိုင်းတယ်။ တကယ်လို့ သူများက စစ်မျက်နှာဖွင့် တိုက်ခိုက်နေရင်တောင် မထောက်ခံဖို့ပါ ပြောသွားတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ စစ်ကောင်စီကို စစ်ရေးနည်းအရ တိုက်ခိုက်နေသည့် အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း အပြစ်တင်သည့်အဓိပ္ပာယ်မျိုး သက်ရောက်စေသည့် စကားများကိုလည်း ပြောဆိုသွားခြင်းရှိသလို လက်နက်ကိုင် တိုက်ပွဲများကြောင့် လူထုသာ ထိခိုက်နစ်နာစေသည်ဟုလည်း ပြောဆိုသွားခဲ့သည်ဟု အဆိုပါ လူငယ်က ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့်နှစ် ဩဂုတ် ၂၉ ရက်နေ့ကလည်း ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး နှင့် ဒူးပလာယာခရိုင်ဥက္ကဋ္ဌဖြစ်သူ ပဒိုစောရွှေမောင်းတို့အား ဝင်းရော်ဒေသခံများ ဖားပြကျေးရွာ မင်္ဂလာ သိပ္ပံဘုန်းတော် ကြီးကျောင်း၌ ငြိမ်းချမ်းရေးစွမ်းဆောင်ရည်ဆု ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်ခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ကလည်း အာဏာသိမ်း စစ်ကောင်စီမှ တိုင်းရင်းသားလက် နက်ကိုင်ခေါင်ဆောင်အချို့ကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ရာတွင်လည်း ကေအဲန်ယူ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပါဝင်ခဲ့ပြီး ၎င်းကိုယ်စား သမီးဖြစ်သူက အခမ်းအနားတွင် တက်ရောက်ယူပေးခဲ့သည်။

Photo: ( ပိုင်ကျုံ KYO)