Home သတင်း တောင်ငူမြို့တွင် စစ်တပ်က ဧည့်စာရင်း ညတိုင်းလိုက်လံစစ်ဆေးနေ

တောင်ငူမြို့တွင် စစ်တပ်က ဧည့်စာရင်း ညတိုင်းလိုက်လံစစ်ဆေးနေ

985
Photo: CJ

မတ်လ ၇ ရက် ၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က တပ်ဖွဲ့ အင်အား အများအပြားဖြင့် နေအိမ်များကို ဧည့်စာရင်းများညတိုင်းလိုက်လံစစ်ဆေးမှုလုပ်ဆောင် နေကြောင်း ဒေသခံများက ပြောသည်။

တောင်ငူမြို့၏ ရပ်ကွက် (၂၃) ရပ်ကွက်ရှိသည့်အနက် ကရင်လူမျိုးနှင့် စစ်‌ရှောင်အများစု လာရောက် နေထိုင်သည့် ရပ်ကွက်များတွင် အဓိကထား၍ ဧည့်စာရင်းများ ညတိုင်းလိုက်လံစစ်ဆေးနေခြင်းဖြစ် ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ရပ်ကွက် ၁၈၊ ၁၉၊ ၂၀၊ ၂၃ အဲ့ရပ်ကွက်တွေက ကရင်တွေများတယ်။ စစ်ဘေးရှောင် လာတာ လည်း အများကြီးပဲ။ အဲ့ဒီရပ်ကွက်တွေ ယခုအပတ်အတွင်းမှာညတိုင်း စစ်တပ်က အင်အားအများ အပြား နဲ့ ဧည့်စာရင်း လာစစ်နေတယ်။ စာရင်းထဲ နာမည်ရှိပြီး လူမရှိရင်လည်း လူကဘယ်သွားတာဘာလုပ်တာ ဘယ်နေရာ ရောက်နေတာကအစ သူတို့မှတ်တမ်းယူသွားကြတယ်။ အိမ်ငှားဆိုပိုစစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းဧည့်စာရင်းလိုက်လံစစ်ဆေးရာတွင် စစ်တပ်၊ ရဲ၊ စစ်‌ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့်ရာအိမ်မှူးများ ပါဝင်၍ အင်အားအများအပြားဖြင့် စစ်ဆေးခြင်းဖြစ်ပြီး စိတ်သဘောကောင်းသည့် ရပ်ကွက် အုပ်ချုပ်ရေး‌မှူးအချို့သည် ဧည့်စာရင်းလာရောက်စစ်ဆေးမည်ကို ပြည်သူများအား ကြိုတင် အသိပေးမှုများပြုလုပ်ပေးကြောင်းလည်း တောင်ငူမြို့ ဒေသခံများကပြောသည်။

အလားတူ ‌ ဧည့်စာရင်းများစစ်ဆေးမှုလုပ်ဆောင်နေသည့်အပြင် တောင်ငူမြို့ရှိ စစ်‌ကောင်စီစစ်ဆေးရေး ဂိတ်များတွင် ဖြတ်သန်းသွားလာသည့်‌ ဒေသခံရွာသားများကို စစ်ဆေးမေးမြန်းကာ ဖမ်းဆီးမှုများပြုလုပ် သောကြောင့် ဒေသခံများမှာ ဖြတ်သန်းသွားလာရန် စိုးရိမ်ကြရကြောင်းလည်း ဒေသခံများက ဆိုသည်။

တောင်ငူမြို့အနီးရှိ ထုံးဘိုရွာသားတစ်ဦးက “စစ်‌ကောင်စီတပ်ဖွဲ့တွေက သွားလာတဲ့ရွာသားတွေကို မသင်္ကာရင် စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးမှုတွေလုပ်တယ်။ အဲ့လိုလုပ်တော့ ရွာသားတွေက တောင်ငူကို သွားဖို့‌စိုးရိမ်ရတယ်။ ကျနော်ဆို သွားမရဲတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မုန်း၊ လိပ်သိုအထက် မိုင်းလွန်၊ သံတောင်၊ ဇရပ်ကြီး နှင့် ရေတာရှည် စသည့်ဒေသခံများ တောင်ငူမြို့သို့ လာရောက်တိမ်းရှောင်သူများရှိပြီး ယခုလို ဧည့်စာရင်းများ ညတိုက် နီးပါး ဝင်ရောက်စစ်ဆေးမှုများကြောင့်‌ စစ်‌ဘေးရှောင်များအနေဖြင့်လည်း စိုးရိမ်ကြောက် လန့်နေရကြောင်းဒေသခံများက ပြောသည်။