Home သတင်း ထီးကပလယ် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

ထီးကပလယ် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

163
Photo-KTLA

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် မြဝတီမြို့တောင်ဘက်ရှိ ထီးကပလယ် စစ်ကောင်စီတပ်စခန်းတိုက်ပွဲမှာ ယနေ့အချိန်ထိပြင်းထန်နေ ဆဲဖြစ်ကြောင်း ကော်သူးလေအာမီ-KTLA က ပြောသည်။

အဆိုပါ စခန်းကို မတ်လ ၁၂ရက်မှစတင်၍ ယနေ့ မတ်လ၂၇ရက်နေ့အထိ KTLA ၏ Black Rainbow တပ်ရင်း၊ Tiger တပ်ရင်း၊ ကဆောဝါးတပ်ရင်း၊ KTLA အထူးကွန်မန်ဒိုတပ်ရင်း ၊ Karen Special Black Forces တပ်ရင်းနှင့် ဗဟိုဌာနချုပ်တို့ ပါဝင်သော ဗျူဟာစစ်ကြောင်း (၂) ကြောင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA (၁၀၃) တပ်ရင်းနှင့် DKBA ခွဲထွက်တို့မှ ပူးပေါင်းတိုက်ခိုက် နေခြင်း ဖြစ်ကြောင်း KTLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KTLA တပ်ဖွဲ့ အထူးကွန်မန်ဒို တပ်ရင်းမှူး ဗိုလ်စလုံးက “အခုက စခန်းအကုန်မသိမ်းနိုင်သေးပါဘူး။ ပစ်နေတုန်းပါပဲ။ ဒါပေမယ့် စစ်ကောင်စီတပ်ဘက်ကတော့ အထိနာပါတယ်။ ကျနော်တို့ဘက်ကတော့ အေးအေးဆေးဆေးပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

စခန်းသိမ်းတိုက်ပွဲကာလတွင် ကော်သူးလေအာမီ ပူးပေါင်းတပ်ဘက်မှ စခန်းကုန်းပေါ်အထိ တက်ရောက်တိုက်ခိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ ဝေါ်လေဗျူဟာကုန်းမှ ၁၂၂ မမ ဟောင်ဝစ် ဇာအမြှောက်ကြီးများနှင့်စစ်ကူပစ်ခတ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ (၅)ကြိမ်တိုင် တိုက်ခိုက် ခဲ့သည့်အတွက် စခန်းအပြီးသိမ်းပိုက်ရန် ခက်ခဲသည့်အနေအထားတွင်ရှိသည်ဟု KTLA ဘက်က ပြောဆိုသည်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း( ခလရ ၃၂) နှင့် ခြေမြန်တပ်ရင်း (ခမရ ၅၈၅) တပ်တို့ အခြေချနေ တပ်စွဲ ထားသည့် ထီးကပလယ်စခန်းတွင် တပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်ရှိသည်ဟု တော်လှန်တပ်ဖွဲ့ဘက်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်ကလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း ၈ (လုံခြုံရေးတပ်ရင်း)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၁၀၃ တပ်ရင်း နှင့် Federal Wings Drone ပူးပေါင်းတပ်ဖွဲ့တို့က ထိုစစ်စခန်းအား တက်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။