Home သတင်း ကျိုက်ထိုတွင် စစ်မှုထမ်းအတွက် စုဆောင်းသူအုပ်ချုပ်ရေးမှူးနှင့် ဘုန်းကြီးတစ်ပါး ပစ်ခတ်ရှင်းလင်းခံရ

ကျိုက်ထိုတွင် စစ်မှုထမ်းအတွက် စုဆောင်းသူအုပ်ချုပ်ရေးမှူးနှင့် ဘုန်းကြီးတစ်ပါး ပစ်ခတ်ရှင်းလင်းခံရ

134
Photo- CJ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်းအတွက် လူစုဆောင်းခေါ်ယူပေးသူ အုပ်ချုပ်ရေးမှူးအသစ် ဦးစံလွင်နှင့် လက်နက်ကိုင်ဆောင်ထားသည့် ဘုန်းကြီးဦးစန္ဒိမာကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF က သတင်း ထုတ်ပြန်ထားသည်။

အုပ်ချုပ်ရေးမှူး ဦးစံလွင်သည် တောင်ကလေး၊ အင်းဝ နှင့် ကွင်းကလေး စသည့် ကျေးရွာမှ လူငယ်လူ ရွယ်များကို စစ်မှုထမ်းရန် စာရင်းကောက်ခံစုဆောင်းနေသလို ကျောက်ဖြူတောင်ကျောင်း (ဘောဂ ဝတီကျောင်း)ရှိ ဘုန်းကြီး ဦးစန္ဒိမာသည်လည်း စစ်ကောင်စီနှင့်ပူးပေါင်းကာ သေနတ်ကိုင်ဆောင်၍ တော်လှန်ရေးတပ်ဖွဲ့၏ သတင်းကို ရယူပေးနေသည့်အပေါ် ယခုလို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း KRF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ ဒီလထဲမှာ စကစနဲ့ပတ်သက်တဲ့သူ ၂ ဦးကိုရှင်းလင်းနိုင်ခဲ့တယ်။ နောက်လည်း စကစအလိုကျ လူငယ်တွေကို စစ်မှုထမ်းဖို့တိုက်တွန်းနှိုးဆော်တာပဲဖြစ်ဖြစ်၊ အလိုတူအလိုပါ စာရင်းကောက် စုဆောင်း တာပဲဖြစ်ဖြစ်၊ ပြည်သူကိုဒုက္ခပေးနေတဲ့ ဘယ်သူ့ကိုမဆို စစ်ရေးပစ်မှတ်အဖြစ် ယခုလို သတ်မှတ် အရေးယူသွားမယ်လို့ သတိပေးချင်ပါတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ဘုန်းကြီးဦးစန္ဒိမာနှင့်အတူ ပါလာသည့် စင်တော်ကဖီးပိုင်ရှင် တင်ငြိမ်းဆိုသူသည်လည်း ပစ်ခတ်ခံရ သည့်နေရာတွင် ကျည်ရှပ်ထိမှန်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရှင်းလင်းမှုအပြီး အောင်မြင်စွာ တပ်ဖျောက်နိုင်ခဲ့ကြောင်း KRFက ဖော်ပြထားသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ထပ်မံ မလုပ် ဆောင်ရန်၊ ပြည်သူများကို ဒုက္ခမပေးရန်နှင့် သတိပေးထားသည့်ကြားက လုပ်ဆောင်မှုများရှိလာပါက စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

Photo- CJ

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီတပ်က အတည်ပြုပြဌာန်းလိုက်ပြီးသည့်နောက် ရပ်ကွက် ကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်တာဝန်ရှိသူများအနေဖြင့် ဒေသအတွင်းရှိ လူငယ်လူရွယ်များ၏ အမည်စာရင်းများကို ကောက်ယူပြီးဆင့်ခေါ်စာဖြင့် ခေါ်ယူ၍ မဲနှိုက်ခိုင်းကာ စစ်တပ်ထဲသို့ အတင်းအဓမ္မ သွပ်သွင်းလျက်ရှိသည်ဟု သိရသည်။

ယခုလို စစ်ကောင်စီတပ်များကိုအဖက်ဖက်မှ ကူညီပေးနေပြီး လက်နက်ကိုင်ဆောင်ကာ ပြည်သူများ အပေါ် ငြိမ်းခြောက်မှုများ လုပ်ဆောင်သူမှန်သမျှကို စစ်ကောင်စီတပ်နှင့်နည်းတူ ရန်သူအဖြစ် သတ်မှတ်ကာ အရေးယူသွားမည် ဖြစ်ကြောင်းလည်း မွန်ပြည်တော်လှန်ရေးတပ်-MSRF ၏ပြော ရေးဆိုခွင့်ရှိသူ နိုင်နဂါးကလည်း ကေအိုင်စီသို့ ပြောသည်။

“ဒီစစ်ကောင်စီ သက်ဆိုးရှည်မယ့် အခုလိုလူငယ်တွေကို တပ်ထဲအတင်းသွပ်သွင်းတဲ့ လုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ ပြောချင်တယ်။ ဒီထွေအုပ်တွေက ကျနော်တို့စကားကို နားမထောင်ဘဲနဲ့ ကျနော် တို့ရဲ့ မေတ္တာရပ်ခံချက်ကို မလိုက်နာဘဲနဲ့ ဆက်ပြီးလုပ်နေမယ်ဆိုလို့ရှိရင်တော့ သူတို့အတွက်တော့ ထိုက်သင့်တဲ့ဒဏ်တော့သူတို့ခံရမှာပေါ့။ ထွေအုပ်တချို့ဆိုလို့ရှိရင်လည်း စကစက လက်နက်တွေ ပေးထားတယ်။ စစ်ကောင်စီက ပေးအပ်တဲ့ လက်နက်ကို ကိုင်ပြီးဆိုလို့ ရှိရင် ခင်ဗျားတို့လည်း စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သွားပြီးလို့ ကျနော်တို့ သတ်မှတ်တယ်” ဟု ပြောသည်။

ထို့အတူ လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ ကျေးရွာတချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူ့ စစ်မှုထမ်းအတွက် စာရင်းကောက်ခံမှုများပြုလုပ်နေပြီး ငွေညှစ်တောင်းခံမှုများလည်းရှိနေကြောင်း နယ် မြေခံ တော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းအတည်ပြုလိုက်ပြီးနောက် နိုင်ငံတစ်ဝှမ်း ဒေသ အသီးသီးရှိ လူငယ်များသည် စိုးရိမ်ကြောက်လန့်မှုများဖြင့် နီးစပ်ရာလွတ်မြောက်နယ်မြေများ နှင့် အိမ်နီးချင်း ပြည်ပနိုင်ငံများကို ထွက်ခွာသွားသူများလည်း အများအပြားရှိနေသည်။