Home သတင်း အလှူရှင်နိုင်ငံများအနေဖြင့် တာဝန်ယူတာဝန်ခံမှုနှင့် ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ပြီးမှ ကူညီထောက်ပံ့ရန် KNU မေတ္တာရပ်ခံ

အလှူရှင်နိုင်ငံများအနေဖြင့် တာဝန်ယူတာဝန်ခံမှုနှင့် ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ပြီးမှ ကူညီထောက်ပံ့ရန် KNU မေတ္တာရပ်ခံ

142
Photo-KNU

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

လူသားချင်းစာနာမှုလိုအပ်နေသော မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုပေး ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု၊ သက်ဆိုင်သူများအကြား သတင်းအချက် အလက်မျှဝေမှုနှင့် ညှိနှိုင်းတိုင်ပင်မှုပြုလုပ်ပြီးမှသာ ရှေ့ဆက်လုပ်ဆောင်ကြရန် အလှူရှင်နိုင်ငံများအား ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ ကြေညာချက်ထုတ်ကာ မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် မတ်လ(၂၅)ရက်နေ့က မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံကြက် ခြေနီအဖွဲ့မှ မြန်မာကြက်ခြေနီအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်လာသော မြန်မာဒုက္ခသည် (၂၀,၀၀၀) အတွက် ထိုင်းနိုင်ငံ၏ လူသားချင်းစာနာမှုအကူအညီ ပစ္စည်းများနှင့်ပတ်သက်ပြီး KNU ၏ ထုတ်ပြန်ချက်တွင် ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။

ကရင်အရပ်ဖက်စစ်ရှောင်ကူအဖွဲ့နှင့် တာဝန်ရှိသူများက စစ်ရှောင်ပြည်သူများသို့ ထောက်ပံ့ ပစ္စည်းများပေးဝေစဥ် စစ်ကောင်စီအဖွဲ့နှင့်ထိပ်တိုက်ရင်ဆိုင်မိခြင်း၊ စစ်ကောင်စီဘက်မှ လေယာဥ်ပျံ သန်းပြခြင်းဖြင့် ခြိမ်းခြောက်မှုလုပ်ဆောင်သောကြောင့် ပစ္စည်းလက်ခံယူနေသော စစ်ရှောင်များ ကြောက်လန့်တကြားဖြစ်ရခြင်း စသည့် စိန်ခေါ်မှုများအပါအဝင် သတင်းအချက် အလက်ပြည့်စုံစွာမရရှိခြင်းတို့ တွေ့ကြုံခဲ့ရကြောင်း KNU ၏ ထိုထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် လူသားချင်းစာနာမှုအကူအညီအတွက် ဆန့်ကျင်ဘက်အဖွဲ့များအကြား ပွင့်လင်းမြင် သာမှုနှင့်ညှိနှိုင်းတိုင်ပင်မှုတို့ကိုပြုလုပ်ပြီးမှသာ ရှေ့ဆက်အကူအညီများပေးရန် အလှူရှင်နိုင်ငံများအား KNU က မေတ္တာရပ်ခံထားခြင်းဖြစ်သည်။

“ဒီပရိုဂရမ်စကတည်းက KNU ကထုတ်ထားတဲ့ရပ်တည်ချက်(၆)ချက်အပေါ်မှာ အခြေခံတယ်။ ထောက်ပံ့ပစ္စည်းပေးဝေတဲ့နေရာမှာ နိုင်ငံတကာ NGO တို့ ပြည်တွင်း NGO တို့ CPO, CSO တို့နဲ့ သွားဖို့ဆိုတဲ့အပိုင်းတွေလည်းပါတာပေါ့။ အခုဖြစ်သွားတဲ့ဖြစ်စဥ်မှာ ညှိနှိုင်းတိုင်ပင်မှုအားလုံး မရှိနေတာဖြစ်တယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ဒီလိုမျိုး အစီအစဥ်တွေရှိမယ်ဆိုရင် သေချာညှိနှိုင်း တိုင်ပင်ဖို့ကို ပြောချင်တာပါ” ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောသည်။

Photo-KNU

ထို့အပြင် ထုတ်ပြန်ချက်တွင် အာဆီယံနိုင်ငံများနှင့် ထိုင်းအစိုးရထံ ပေးပို့ထားသော KNU ၏ မြန်မာနိုင်ငံ လူသားချင်းစာနာမှုအကြပ်အတည်းနှင့်ပတ်သက်သည့် အကူအညီပေးအပ်မှုဆိုင်ရာ အဆိုပြုစဥ်း စားမှုအခြေခံကိုလည်း အလေးအနက်ထည့်သွင်းစဥ်းစားကြရန် ထည့်သွင်းတိုက်တွန်းထားသည်။

ထိုင်းနိုင်ငံဘက်က စစ်ကောင်စီကြောင့်ဖြစ်ပေါ်လာရသည့် လူသားချင်းစာနာမှုအကူ အညီလိုအပ်ချက် အပေါ်တွင် စစ်တပ်လက်အောက်ခံ မြန်မာ့ကြက်ခြေနီအဖွဲ့အား ကိုယ်စားပြုပါ ဝင်စေခြင်းက စစ်ရှောင်ပြည်သူများ၏ခံစားချက်ကို ဥပေက္ခာပြုရာရောက်ကြောင်း KNU က ထောက်ပြထားသည်။

ထို့အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကတည်းက ထိုင်းနိုင်ငံ၏ မြန်မာကြက်ခြေနီနှင့်ပူးတွဲလုပ်ဆောင်မည့် အစီအစဥ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုလာသည့်အပေါ် ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများအပါအဝင် စစ်တပ်ဆန့် ကျင်သည့် ပြည်တွင်းအရပ်ဖက်အဖွဲ့များက ကန့်ကွက်ခဲ့ကြသလို ထိရောက်သောကူညီထောက်ပံ့မှု ရရှိနိုင်မည်မဟုတ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

ထိုင်းနိုင်ငံအနေဖြင့်မူ လူသားချင်းစာနာမှုအကူအညီများပေးအပ်ခြင်းအပြင် အပစ်ခတ်ရပ်စဲရေးအတွက် သက်ဆိုင်သူများပါဝင်သော တွေ့ဆုံဆွေးနွေးများအား မျှော်လင့်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၏ ပြောဆိုချက်ကို နိုင်ငံတကာသတင်းဌာနများက ကိုးကားဖော်ပြချက်အရ သိရသည်။